အမြင်အာရုံ အားနည်းခြင်းနှင့် လိုအပ်ချက်များအတွက် မျက်မှန်တပ်သကဲ့သို့ ထောက်ပံ့ကူညီပေးနိုင်သော အရာတစ်ခုမှာ မျက်ကပ်မှန်တပ်ခြင်းဖြစ်ပါတယ်။ မျက်ကပ်မှန်ဟာ မျက်ကြည်လွှာရဲ့ အပေါ်ယံတွင်ပါးလွှာသော အလွှာတစ်ခုအနေဖြင့် မျက်လုံးအတွင်း၌ ထားရှိကာ အသုံးပြုနိုင်သော ပလတ်စတစ်မှန်ဘီးလူး အမာအပျော့များ ( soft and rigid gas permeable contact lens) ဖြစ်ပါတယ်။ ယနေ့ခေတ်ပေါ် ပြောင်းလဲလာသော အလှအပဖက်ရှင်ရေစီးကြောင်းအရ အရောင်ပါသော အလှတပ်မျက်ကပ်မှန်များကို အသုံးပြုသူ ပိုများလာတာလည်း တွေ့ရပါတယ်။ဒါ့ကြောင့် မျက်ကပ်မှန်တပ်ခြင်းရဲ့ ကောင်းကျိုးနှင့်ဆိုးကျိုးများကို သိရှိထားဖို့ လိုအပ်ပါတယ်။
မျက်လုံးအမြင်မှုန်ဝါးအားနည်းပြီး မျက်မှန်တပ်ရသူများ၊ အနီးမှုန်၊ အဝေးမှုန်စတဲ့ မျက်လုံးပြဿနာများကို မျက်ကပ်မှန်တပ်ပြီး ဖြေရှင်းနိုင်ပေမယ့် မျက်လုံးအတွင်း မျက်ကပ်မှန် ထည့်သွင်းတပ်ဆင်ရခြင်းဟာ အချို့သူများအတွက် မလွယ်ကူတဲ့အပြင် မျက်မှန်ကဲ့သို့ အလွယ်တကူဖြုတ်တပ် မရခြင်း၊ တပ်ဆင်တဲ့အခါ အချိန်ယူရခြင်းစတဲ့ အခက်အခဲများလည်း ကြုံတွေ့ရနိုင်ပါတယ်။
မျက်ကပ်မှန်ကို လက် (သို့မဟုတ်) တပ်ဆင်သောကိရိယာ အသုံးပြုပြီး မျက်လုံးထဲထည့်ရတဲ့အတွက် သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မျက်ကပ်မှန်ကို တပ်ဆင်တဲ့အခါ၊ ဖြုတ်တဲ့အခါ၊ သိမ်းဆည်းတဲ့အချိန်တွေမှာ မျက်ကပ်မှန်ဘူး၊ ဆေးရည်စတာတွေကို ဂရုတစိုက် သန့်ရှင်းဖို့လည်း အရေးကြီးပါတယ်။ သန့်ရှင်းမှုအားနည်းတာနဲ့ မျက်လုံးအတွင်း ပိုးဝင်ယောင်ရမ်းခြင်းများဖြစ်နိုင်ပါတယ်။
မျက်မှန်တပ်သူတွေကြုံတွေ့ရတဲ့ အပူချိန်နဲ့စိုထိန်းဆ ပြောင်းတဲ့အချိန် ရေငွေ့ရိုက်ခြင်း၊ မိုးရေစိုခြင်း၊ ထိခိုက်မိပြီး မှန်/ကိုင်းများကျိုးခြင်း၊ မှန်အစင်းထင်ခြင်းများကို မျက်ကပ်မှန်တပ်ခြင်းဖြင့် ရှောင်လွှဲနိုင်ပါတယ်။ မျက်လုံးပါဝါ နှစ်ဖက်မညီသူများနှင့် အားကစား ပြုလုပ်သူများအတွက် မျက်ကပ်မှန်ဟာ ပိုအဆင်ပြေစေပါတယ်။ မျက်လုံးရဲ့ရွေ့လျားမှုနဲ့ တသားတည်းဖြစ်တာကြောင့် မျက်ကပ်မှန်တပ်ဆင်ခြင်းဟာ သဘာဝအမြင်အာရုံကဲ့သို့ ခံစားရစေနိုင်ပါတယ်။
မျက်ကပ်မှန်ဟာ မျက်မှန်ကဲ့သို့ အချိန်အကြာကြီးတပ်ဆင်ဖို့ အဆင်မပြေဖြစ်တတ်ပြီး ၅-၆ နာရီထိသာ တပ်ဆင်သင့်တယ်လို့ ဖော်ပြကြပါတယ်။ ဒါ့ပြင် မျက်လုံးရဲ့မျက်ရည်ထွက်ခြင်းကို လျော့စေပြီး အောက်ဆီဂျင်ထိတွေ့နိုင်မှုကို အပေါ်မှာ အလွှာတစ်ထပ်ကာထားသကဲ့သို့ ဖြစ်တာကြောင့် မျက်ကပ်မှန်ဟာ မျက်လုံးခြောက်သွေ့ခြင်းကို ပိုခံစားရတတ်ပါတယ်။ မျက်လုံးခြောက်သွေ့မှုမှတဆင့် ပိုးဝင်ကာ Ulcerative keratitis ခေါ် မျက်လုံးတွင်းခြောက်သွေ့ယောင်ရမ်းနာ ဖြစ်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ artificial tear(ခေါ် ) မျက်ရည်တု နှင့် မျက်စဉ်းများခပ်ပေးဖို့လည်း လိုအပ်ပါတယ်။
မျက်မှန်တပ်ခြင်းထက် သာလွန်တဲ့ကောင်းကျိုးများဖြစ်သော တပ်ဆင်ထားချိန် သဘာဝအတိုင်းခံစားရခြင်း၊ အလှအပရှူထောင့် အားသာမှုရှိခြင်း၊ တပ်ဆင်ထားပြီး အားကစားလှုပ်ရှားမှုများအလွယ်တကူ လုပ်ဆောင်နိုင်ခြင်း၊ မျက်လုံးနဲ့ တသားတည်းဖြစ်ပြီး ဘေးဘက် အမြင်အာရုံ ယိုင်ခြင်းမရှိပဲ မြင်ကွင်းကိုပြုပြင်ပေးနိုင်ခြင်းစတဲ့ကောင်းကျိုးများရှိပေမယ့် တပ်ဆင်ထိန်းသိမ်းရသော အချိန်ပေးမှုလိုအပ်ခြင်း၊ မျက်လုံးခြောက်သွေ့မှုနှင့် ဓါတ်မတည့်မှုများ ဂရုပြုရခြင်းစတဲ့ ဆိုးကျိုးများရှိတာကြောင့် မိမိရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှုချိန်ဆပြီး မျက်စိအထူးကုများနှင့် ဆွေးနွေးတိုင်ပင်ပြီး ရွေးချယ်သင့်ပါတယ်။
Author : Dr.Yee Mon