ကော်လဂျင်ဓာတ် Collagen သည် ခန္ဓာကိုယ်ရှိ တွယ်ဆက်တစ်ရှူး connective tissue များကို ဖြစ်ပေါ်စေသော ပရိုတင်းဓါတ် တစ်မျိုးဖြစ်ပါသည်။ ခန္ဓာကိုယ်ရှိကော်လဂျင်ပရိုတင်း အမျိုးအစား(၄)မျိုးရှိသည့်အနက် အမျိုးအစား(၁) ကော်လဂျင်သည် အဓိကအရေးပါပါသည်။ အမျိုးအစား(၁)ကော်လဂျင်ပရိုတင်းသည် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကော်လဂျင်ပမာဏ၏ ၉၀% ကျော်တွင် ပါဝင်ပြီး ထောက်တိုင်သဖွယ် ပြုလုပ်ပေးပါသည်။ ကော်လဂျင်ဓါတ်သည် ခန္ဓာကိုယ်ရှိ အရေပြား၊ ဆံပင်၊ ခြေသည်းလက်သည်း၊ သွား၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ အရိုးအဆစ်အရွတ်၊ တွယ်ဆက်တစ်ရှူး၊ ကြွက်သား၊ သွေးတို့ ဖွဲ့စည်းတည်ဆောက်ရာတွင် ပါဝင်ပါသည်။
ပုံမှန်အားဖြင့် ကော်လဂျင်ဓာတ်ကို နေ့စဉ်စားသုံးနေသော အစားအစာများမှရရှိသော အမိုင်နိုအက်ဆစ်ကို အသုံးပြု၍ ခန္ဓာကိုယ်မှ ဖွဲ့စည်းပြုလုပ်ပါသည်။ ထို့ကြောင့် အာဟာရပြည့်ဝစွာ စားသောက်နေသော လူတစ်ယောက်သည် အသားဓါတ်ခေါ် ပရိုတင်းဓါတ် ပြည့်ဝနေလျှင် ခန္ဓာကိုယ်အတွက် လိုအပ်သောကော်လဂျင်ကို လုံလောက်အောင် ထုတ်ပေးနိုင်သောကြောင့် ကော်လာဂျင်ဓါတ်ကို သီးသန့်မှီဝဲရန် မလိုအပ်ပါ။
အစားအစာမှရသည့် ပရိုတင်းမှထွက်လာသော အမိုင်နိုအက်ဆစ်များ amino acids ဖြစ်သည့် ဂလိုင်စင်း glycine နှင့် ပရိုလင်း proline တို့ပေါင်းစပ်ပြီး ခန္ဓာကိုယ်တွင် ကော်လာဂျင်ကို ထုတ်လုပ်ပေးသည်။ အထက်ပါအမိုင်နိုအက်ဆစ်များသည် အသား၊ ဥနှင့် နို့ထွက်ပစ္စည်းများတွင် ကြွယ်ဝစွာပါဝင်သဖြင့် သားသတ်လွတ်စားသူများအနေဖြင့် ပရိုတင်းဓါတ်လုံလောက်အောင် မမှီဝဲနိုင်လျှင် ကော်လဂျင်ဓါတ် ဖြည့်စွက်ရန် လိုအပ်နိုင်ပါသည်။
လူ့ခန္ဓာကိုယ်မှ ထုတ်လုပ်နိုင်သော ကော်လဂျင်ပမာဏနှင့် အရည်အသွေးသည် အသက်အရွယ် ကြီးလာသည်နှင့်အမျှ ကျဆင်းလာတတ်သည်။ အထူးသဖြင့် အသက်၂၅နှစ်နောက်ပိုင်းမှစပြီး ခန္ဓာကိုယ်မှ ကော်လဂျင်ထုတ်လုပ်မှု ကျဆင်းလာပါသည်။ အသက်အရွယ် ရလာသည်နှင့်အမျှ အသားအရေတင်းရင်းမှု လျော့ကျကာ အရေးအကြောင်းများပေါ်လာခြင်း၊ အရေပြားလျော့တွဲလာခြင်း၊ ကြွက်သားထုဆုံးရှုံးခြင်းများ ခံစားလာရသည်။ ထို့ကြောင့် အသက်၃၀-၄၀ ကျော်မှစပြီး ကော်လဂျင်ဓါတ် ဖြည့်စွက်ပေးခြင်းဖြင့် အရေပြားကို အားဖြည့်နုပျိုစေနိုင်ပါသည်။
နေရောင်ခြည်ဒါဏ် ခံရမှုကြောင့်သော်လည်းကောင်း၊ ဆေးလိပ်သောက်သုံးခြင်း ကြောင့်သော်လည်းကောင်း ကော်လဂျင်ဓါတ်များ ပျက်စီးဆုံရှုံးရတတ်သည်။ ထိုသို့ ကော်လဂျင်ဓါတ် ဆုံးရှုံးပြီး အသားအရေပျက်စီးခြင်းအတွက် အရေပြားပျက်စီးမှုကို ကုသပေးပြီး ကော်လာဂျင်ဓါတ်များ ထွက်လာအောင် ပြင်ပမှ ဖြည့်စွက်ကော်လဂျင်များ မှီဝဲနိုင်သည်။
ကိုယ်ခံအားစံလွဲရောဂါအချို့ autoimmune diseases တွင် ကော်လဂျင်ဓါတ်ကို ဖျက်ဆီးသည့်အတွက် ကော်လဂျင်ဓါတ်လိုအပ်နိုင်သည်။ ကော်လဂျင်ဓါတ်သည် အရိုးထုထည်ကို တက်စေပြီး အရိုးအားဖြည့်သန်မာစေနိုင်ပါသည်။ အသက်ကြီးသူများအတွက် အရိုးပါး၊ အရိုးပွ၊အရိုးဆတ်ခြင်းကို ကော်လဂျင်ဓါတ် ဖြည့်စွက်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
အရိုးနှင့် အဆစ်အမြစ်နာကျင်သူများ၊ အရိုးကျီးပေါင်း osteoarthritis ရှိသူများတွင် ကော်လဂျင်ဓါတ်ကို ဖြည့်စွက်ပေးခြင်းဖြင့် နာကျင်မှုများသက်သာစေသည်ဟု လေ့လာတွေ့ရှိချက်များက ဖော်ပြကြသည်။
ကော်လဂျင်ဓါတ်သည် ဗီတာမင်သတ္တုဓါတ်များကဲ့သို့ သက်စောင့်ဓါတ်အဖြစ် မှီဝဲရန်မလိုအပ်သော်လည်း အသားအရေ၊ အရိုးအဆစ်၊ ကြွက်သားစသည့် အင်္ဂါအစိတ်အပိုင်းများ ကျန်းမာရေးအတွက် ကောင်းကျိုးပေးနိုင်သည့်အပြင် ကျန်းမာလှပနုပျိုစေသည့် အာနိသင်ရှိသောကြောင့် ခန္ဓာကိုယ်မှကော်လဂျင် ထုတ်လုပ်မှုကျလာသည်နှင့်အမျှ မှီဝဲသင့်သောဓါတ်တစ်ခုဖြစ်ပါသည်။
Author: Dr.Yee Mon