ဆေးခန်းသို့လာသော အသက်ကြီးပိုင်း လူနာအများစုကို အရင်က ဘာရောဂါတွေ ဖြစ်ဖူးလဲဟု မေးတိုင်း ပြန်ကြားရတတ်တာက အရင်က သွေးတော့တိုးဖူးတယ် ဆရာ၊ ကြာပါပြီ၊ အခုတော့ ကောင်းသွားပြီ။ တခါတလေမှပဲ တိုးတော့တယ်ဟု ပြောတတ်ကြသည်။
နောက်တစ်ဆင့်တက်ပြီး သွေးကျဆေးကရောလို့ ထပ်မေးလိုက်ရင် သွေးတက်တုန်းတော့ သောက်လိုက်တယ်။ နာမည်တော့ မမှတ်မိဘူး၊ စွဲမသောက်ဘူး၊ သွေးတိုးရင်သောက်လိုက်တယ်၊ ကောင်းရင် မသောက်တော့ဘူး၊ သွေးပေါင်ကျမှာစိုးလို့စသဖြင့် ပြောကြ ပြန်ရော။
အဲဒီတော့ သွေးကျဆေးဆိုတာ သွေးတိုးတုန်းသာ သောက်ရမယ့် ဆေးလား၊ သွေးပေါင်ပုံမှန် ဖြစ်နေရင် သောက်ဖို့ မလိုဘူးလားဟု စဉ်းစားစရာပေ။
တကယ်တမ်းတော့ သွေးတိုးရောဂါဆိုတာ နာတာရှည်ရောဂါ တစ်မျိုးသာဖြစ်ပါတယ်။ ကုသ၍ အပြီးပျောက်တတ်သော ရောဂါထဲတွင် မပါဝင်ပေ။ သို့သော် အသက်ငယ်ငယ် ရွယ်ရွယ်နှင့် သွေးတိုးရောဂါ ရှိပါက၊ သွေးတိုးစေတတ်သော အခြားရောဂါ တစ်ခုခု ရှိမရှိကို စစ်ဆေးကုသနိုင်ပါသည်။
သွေးတိုးစဖြစ်ခါစတွင်လည်း သွေးပေါင်အများကြီး တက်သွားခြင်းမှလွဲ၍ ချက်ချင်းဆေးသောက်ရန် မလိုပေ။ တကယ်သွေးတိုးတာ ဟုတ်မဟုတ်ကို သွေးပေါင်ချိန်များ စစ်ဆေးရပါတယ်။ နေထိုင်စားသောက်မှုပုံစံ ပြင်၍ သွေးပေါင်ထိန်းထားတာလည်း ရှိပါတယ်။
သွေးကျဆေးသောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သွေးပေါင်ထိန်းပေးရုံမကဘဲ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်လာတတ်သော ရောဂါများ ဥပမာ- နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ ကျောက်ကပ် ရောဂါများ၊ လေဖြတ်ခြင်းနှင့် သွေးတိုးရောဂါကြောင့် သေဆုံးခြင်းတို့ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေး ပါတယ်။
သွေးကျဆေးသောက်နေရသူများတွင်လည်း သွေးကျဆေးတစ်မျိုးတည်းနဲ့ ထိန်းနိုင်သူများရှိသလို ဆေးနှစ်မျိုး၊ သုံးမျိုးနဲ့မှ သွေးပေါင်ထိန်းနိုင်သူများလည်း ရှိတတ်သောကြောင့် သွေးကျဆေးများရဲ့ ဘေးထွက် ဆိုးကျိုးများ နည်းပါးစေရန်လည်း လိုအပ်ပါတယ်။
ဒါကြောင့် သွေးကျဆေးသောက်နေရသူများသည် အနည်းဆုံးတော့ (၃) လခြားတစ်ခါလောက်ဖြစ်ဖြစ် ဆရာဝန်နှင့် ပြန်ပြပြီး စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။ မိမိသဘောနှင့် မိမိဆေးများကို ရပ်လိိုက် သောက်လိုက် မလုပ်သင့်ပေ။ သက်ဆိုင်ရာ ဆရာဝန်များနှင့် အမြဲမပြတ် ဆွေးနွေးတိုင်ပင် ကုသသင့်ပါသည်။
သွေးပေါင်ချိန် ပုံမှန်ဖြစ်နေရင်ရော ဆက်သောက်ရမှာလားလို့ မေးစရာရှိပါတယ်။ တခြားထူးထူးခြားခြား မဖြစ်ဘူးဆိုရင် ဆက်သောက်နိုင်ပါတယ်။ သွေးပေါင်ချိန်ကို အရမ်းပြုတ်ကျသွားအောင် ပေးထားခြင်းမဟုတ်ပါ။ သွေးပေါင်ချိန် ထိန်းထားနိုင်ရုံနဲ့ နောက်ဆက်တွဲ ပြဿနာများ မဖြစ်စေရန် အတွက်ပါ။ သို့ပေမယ့် ခန္တကိုယ်မှာ တစ်ခုခု ခံစားနေရတာမျိုး ရှိရင်တော့ ဆရာဝန်များနှင့် ဆေးနွေးတိုင်ပင်သင့်ပါတယ်။
အချုပ်ပြောရရင်တော့ သွေးကျဆေးဆိုတာ ပုံမှန်အားဖြင့် စွဲသောက်သင့်တဲ့ဆေးထဲမှာ ပါတယ်ဆိုတာ သိစေချင်ပါတယ်။
AUTHOR – Dr. CST