နှလုံး၏ ဧသြတသွေးလွှတ်ကြောမကြီး၏ အခြေမှာ ညာနှင့် ဘယ် နှလုံးသွေးကြောနှစ်ခုထွက်ရှိကာ နှလုံးသို့ အဟာရနှင့် အောက်ဆီဂျင်တို့ ပေးပို့ရသည်။ နှလုံးသည် အခြားသော အင်္ဂါအစိတ်အပိုင်းများသို့ သွေးပေးပို့ရသော အင်္ဂါတစ်ခုဖြစ်ပြီး ကိုယ်တိုင်လည်း သွေးရရှိရန် လိုအပ်ပါသည်။
နှလုံးသွေးကို ညာနှင့် ဘယ် နှလုံးသွေးလွှတ်ကြောများ Right and Left Coronary artery မှ ပေးပို့ပေး၏။ နှလုံးသွေးလွှတ်ကြောကျဉ်းခြင်း၊ ပိတ်ဆို့ခြင်းကြောင့် နှလုံးသွေးလွှတ်ကြောရောဂါ Coronary artery disease ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
နှလုံးသွေးကြောရောဂါကြောင့်
(က) ရင်ဘတ်အောင့်ခြင်း၊ နာခြင်း Angina
(ခ) နှလုံးခုန်မှု နရီစည်းဝါးပျက်ခြင်း Abnormal rhythms
(ဂ) နှလုံးကြွက်သားများ ပျက်ယွင်းသေဆုံးခြင်း Heart Attack
(ဃ) နှလုံးလုပ်ငန်း ပျက်ယွင်းခြင်း Heart Failure
(င) နှလုံးခုန် ရပ်တန့်သွားခြင်း Cardiac arrest
နှလုံးသွေးကြောရောဂါဖြစ်ရန် အခွင့်သာသူများ
နှလုံးသွေးကြောရောဂါသည် မျိုးရိုးဗီဇနှင့် ဆက်နွယ်သောရောဂါဖြစ်သည်။ ရောဂါရှိသူ မိဘများ၏ သားသမီးများ ရောဂါဖြစ်နိုင်သည်။
လူတို့၏ နေထိုင်စားသောက်မှု အပြုအမူ အလေ့အကျင့်တို့ကြောင့်လည်း နှလုံးသွေးကြောရောဂါ ဖြစ်နိုင်သည်။
ဥပမာ – ဆေးလိပ်သောက်ခြင်း
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
သွေးတိုးရောဂါရှိခြင်း
သွေးခွဲ ကိုလက်စထရောများခြင်း
ကိုယ်အလေးချိန်များသူ၊ အဝလွန်သူဖြစ်ခြင်း
စိတ်ကျဝေဒနာရှိသူများ
မီးယပ်သွေးဆုံးပြီး အမျိုးသမီးများ
နှလုံးသွေးကြောရောဂါကို
သွေးစီးဆင်းမှု လမ်းလွှဲခွဲစိတ်ခြင်းနှင့်
အခြားသော ကုထုံးများဖြင့် ကုသပေးနိုင်ပါသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)