စိတ်ဆိုတာ အရာအားလုံးထက်အမြန်ဆုံးလို့တောင်ပြောလို့ရပါတယ်။ စိတ်နဲ့တွေးလိုက်ရုံနဲ့ မရောက်ဖူးတဲ့နေရာတွေ ခဏလေးနဲ့ ရောက်နိုင်တယ်။ မလုပ်ဖူးတာတွေလုပ်နိုင်တယ်။ ဖြစ်ချင်တာတွေ လည်း စိတ်ကူးထဲမှာဖြစ်လို့ရတယ်။ ဒီလောက်ထိ မြန်ဆန်တဲ့ စိတ် လွတ်လပ်တဲ့စိတ်ပါ။
ဘဝဆိုတာကလည်းအခက်အခဲပေါင်းစုံပါ။ လူမှုရေး ကျန်းမာရေး စီးပွားရေး ပညာရေး အိမ်ထောင်ရေး သမီးရည်းစားရေး စသဖြင့် ဘဝမျိုးစုံ အခက်အခဲမျိုးစုံပါ။ အခက်အခဲတွေကြားထဲမှာ နေရင်း စိတ်ကို လွတ်လပ်ခွင့်ပေးရတဲ့အခါလည်း ရှိပါတယ်။ စိတ်ညစ်စရာက အမြဲတော့ ရှိမှာပဲ။ ဒီတစ်ခုကိုခံနိုင်သွားလည်း နောက်ထပ်စိတ်ညစ်စရာဆိုတာ အသက်ရှိသရွေ့ အမြဲကြုံနေကြရမှာပါပဲ။
မွန်းကျပ်နေတဲ့အခါ ဖြေနိုင်တဲ့သူတွေလည်းရှိတယ်။ အလိုလိုထွက်ပေါက်ရှာတတ်ကြတဲ့သူတွေလည်းရှိတယ်။ ထွက်ပေါက်ရှာတတ်တဲ့သူတွေအဖို့ တော့ ကောင်းတဲ့ထွက်ပေါက်ဖြစ်ဖို့လိုပါတယ်။ တင်္ဒဂလေးခဏ ဖြစ်တဲ့ စိတ်ကို အသိတရားနဲ့ ယှဉ်ထိန်းဖို့တော့လိုပါတယ်။
စိတ်ညစ်စရာကြုံတိုင်း ငါမရှိမှ အေးမှာပါ။ ငါ့ကို ဘယ်သူမှ မလိုချင်ပါဘူး။ ငါကတော့ လူပိုတယောက်ပါ။ ငါ့ကိုဆို အထင်သေးကြတယ်။ ငါဘဝက နေလည်းမထူးပါဘူး ဆိုတာတွေက ထွက်ပေါက်တစ်ခုလို ခေါင်းထဲရောက်လာတတ်ကြတယ်။
ပြဿနာကြုံလာတဲ့ အခါ ကိုယ့်ကိုယ်ကို ထိခိုက်နစ်နာအောင် လုပ်ခြင်းတွေ သူတစ်ပါးကို ထိခိုက်နစ်နာအောင်လုပ်ခြင်းတွေက ထွက်ပေါက် အစစ်တွေ မဟုတ်ပါဘူး။ ပြဿနာကို ရှောင်ပြေးနေကြတာတွေပါ။
စိတ်ထဲမွန်းကျပ်လာတဲ့အခါ ပြဿနာကြုံလာတဲ့အခါ စိတ်ဓာတ်ခိုင်ခိုင်မာမာ နဲ့ ကြံ့ကြ့ခိုင်နိုင်ဖို့လိုတယ်။ ချက်ချင်းတော့ ဘယ်သူမှ မဖြစ်နိုင်ဘူး ကြိုးစားယူရမှာပါပဲ။
စိတ်ညစ်စရာကြုံတဲ့အခါ ဘယ်တော့မှ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဖြစ်ချင်တန်လို့ ဖြစ်လာတယ် ပဲ သဘောထားပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို သေချာစဉ်းစားပါ။ စိတ်ညစ်စရာတွေ ကို တစ်ယောက်တည်းမဖြေရှင်းပါနဲ့။ ယုံကြည်စိတ်ချတဲ့ သူတွေကို ပြောပြလို့ရတယ်။ တိုင်ပင်လို့ရတယ်။ မိသားစုဟုတ်ချင်မှဟုတ်မယ်။ တချို့ကျတော့ သူငယ်ချင်းအရင်းကြီးတွေ နဲ့ တိုင်ပင်တတ်ကြတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ ဖွင့်ပြောလိုက်ခြင်းကြောင့် စိတ်ထဲမှာ တော့ အနည်းနဲ့အများ ပေါ့ပါးသွားတယ်။
ပြောပြတဲ့အခါမှာလည်း စိတ်လွတ်ကိုယ်လွတ် ပြောပြနိုင်တဲ့သူဆိုပိုအဆင်ပြေတယ်။ စိတ်ညစ်လို့ ငိုချင်လည်းငိုလို့ရတယ်။ ရှက်ကြောက်နေစရာ မလိုတဲ့သူမျိုး ဖြစ်ဖို့လိုတယ်။
တစ်ယောက်တည်းပဲ စဉ်းစားချင်တတ်တဲ့သူ ဖြေရှင်းချင်တဲ့သူတွေ ကတော့ ဘာကိုမှ အလျင်လိုပြီးမဆုံးဖြတ်ပါနဲ့။ စိတ်အေးအေးထားပါ။ ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာပြန်သုံးသပ်ပါ။ ဖြေရှင်းဖို့ ဘာနည်းလမ်းတွေရှိနိုင်လောက်လဲ ပြန်စဉ်းစားပါ။ လိုအပ်လာရင် ဘုရားရိပ်တရားရိပ်မှာ စိတ်ကို အနားပေးပါ။ ဘုရားသွားပြီး ဘုရားမရှိခိုးနိုင်ရင်တောင် ဘာမှ တွေးမနေဘဲ စိတ်ကို လျှော့ထားလိုက်ပါ။ စိတ်အေးချမ်းတဲ့နေရာဖြစ်တာကြောင့် စိတ်ညစ်စရာတွေကို သက်သာစေပါတယ်။
တချို့ကျတော့လည်း ခရီးထွက်ကြတယ်။ သီချင်းအေးအေးတွေနားထောင်တတ်ကြတယ်။ စာဖတ်တတ်ကြတယ်။ အစာတွေ ဖိစားတတ်ကြတယ်။ အနှိပ်ခံတတ်ကြတယ်။ တစ်ယောက်တည်းအကျယ်ကြီး အော်ငိုတာ အော်ရယ်တာ လုပ်တတ်ကြတယ်။ ဘာပဲလုပ်လုပ်ပါ စိတ်ညစ်စရာတွေကို ခဏတဖြုတ် ဖြေဖျောက်ပေးနိုင်တယ်ဆို ဒါတွေက စိတ်ရဲ့ ထွက်ပေါက်ပါပဲ။
ထွက်ပေါက်ဆိုတာက ခဏတဖြုတ်အတွက်ပါ။ ခဏသာစိတ်ညစ်စရာတွေ ကို မေ့ပျောက်သွားအောင် စိတ်ကို ဖြေလျှော့တာပါ။ ရှောင်ပြေးတဲ့သဘောမဟုတ်ပါဘူး။ စိတ်ကို ဖြေလျှော့ပြီးတဲ့အခါ ဖြစ်နေတာတွေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ ကြိုးစားရတယ်။ စိတ်ရဲ့ထွက်ပေါက်ဆိုတာ တစ်နည်းပြောရင်တော့ စိတ်ဓာတ်ခွန်အားယူနည်းတစ်မျိုးပါ။ အရှုံးပေးဖို့ အလျှော့ပေးဖို့မဟုတ်ပါဘူး။
ကြားဖူးတာလေးတစ်ခုရှိပါတယ်။ ဘုရားသခင်က ကိုယ်တွေ ခံနိုင်တဲ့ ဒုက္ခပဲ ပေးတယ် တဲ့ ဘုရားကိုလည်း ဘာလို့ ဒါတွေလာဖြစ်စေရတာလဲ ဆိုပြီး အပြစ်မတင်ရပါဘူး။ ဒုက္ခပေးတယ်လို့သဘောမထားဘဲ ကိုယ့်ဘဝရှေ့ကိုလှမ်းတဲ့ အခါ လိုအပ်တဲ့ လှေကားထစ် တစ်ခုလို့ သတ်မှတ်လိုက်ရင် စိတ်လျှေ့ာထားနိုင်ပါတယ်။
စိတ်ညစ်စရာတွေ ကို အောင်မြင်စွာကျော်လွှားနိုင်တဲ့ သူတွေက တဖြေးဖြေးနဲ့ တည်ငြိမ်ရင့်ကျက်လာပါတယ်။ တစ်ဦးချင်းစီရဲ့ စိတ်ထွက်ပေါက်က အကျိုးရှိဖို့ စိတ်ကို တကယ့်ကို လန်းဆန်းစေဖို့ ခွန်အားသစ်ရစေဖို့ လိုပါတယ်။
မဟုတ်တဲ့ နည်းလမ်းတွေ နဲ့ စိတ်ထွက်ပေါက်ရှာတာတွေ မလုပ်မိစေဖို့ အထူးသတိပြုပြီး ထိန်းပါ။
ဘဝဆိုတာ နေတတ်ရင် ကျေနပ်စရာတွေ အပြည့်ပါ။
Author; Dr. CST