နေ့စဉ်သုံးစွဲနေကြသော အလှကုန်ပစ္စည်းများတွင် ဓါတုပစ္စည်း (Chemicals) များကို
ထည့်သွင်းဖော်စပ်ထားကြပါသည်။ အမျိုးသမီး (၁)ဦးသည် တစ်နေ့လျှင် ပျမ်းမျှ (၁၆၈) မျိုးခန့်
ဓါတုပစ္စည်းများ ပါဝင်နေသော အလှကုန်ပစ္စည်းများ ပါဝင်နေသော အလှကုန်ပစ္စည်းများနှင့်
ထိတွေ့နေကြပါသည်။ ထို့အပြင် အလှကုန်ပစ္စည်းများ အသုံးပြုခြင်းဖြင့် အဆိပ်ရှိသော ဓါတုပစ္စည်း
(၅)ပေါင်နီးပါးသည် အမျိုးသမီးများ၏ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်နေပါသည်။ ထို့ကြောင့်
အလှကုန်ပစ္စည်းတွင် ပါဝင်သော ဓါတုပစ္စည်းများကြောင့် အန္တရာယ်များ ကြုံတွေ့နေရပါသည်။
အလှကုန်ပစ္စည်းများတွင် ထည့်သွင်းဖော်စပ်ထားသော ဓါတုပစ္စည်းများ
ခေါင်းလျှော်ရည်တွင် 1.4.dioxane ပါရှိခြင်း မျက်နှာအောက်ခံတွင် အာစင်နစ်၊ မာကျူရီ၊ ခဲနှင့်
ကဒ်မီယမ်ပါရှိခြင်း၊ မျက်ခွံလိမ်းခြယ်ခြင်းတွင် Nitrasamins ပါရှိခြင်း၊ နှုတ်ခမ်းနီတောင့်တွင်
ခဲပါဝင်ခြင်း၊ လက်သည်းဆိုးဆေးတွင် Tolune ပါရှိခြင်း၊ ဆေးရည်တွင် Parabena ပါရှိခြင်းနှင့်
ချိုင်းချွေးနံ့ပျောက်ဆေးတွင် Triclosan ပါရှိခြင်းတို့ကြောင့် ဘေးအန္တရာယ်များ ဖြစ်ပေါ်တတ်ပါတယ်
မာကျူရီ (Mercury) ပြဒါးပါဝင်သည့် အလှကုန်ပစ္စည်းများ သုံးစွဲခြင်းကြောင့်
အရေပြားယာယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့်
ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊
ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်
အခြားရောဂါများ ဖြစ်ပွားလာနိူင်ပါသည်။
ပြဒါးကို အသားဖြူ ခရင်မ်၊ မိတ်ကပ်၊ ချေးချွတ်နှင့် မျက်ခွံခြယ်ဆေးတွင် အသုံးပြုကြပါသည်။
ပြဒါးကို အသုံးပြုခြင်းဖြင့် တင်းတိပ်နှင့်အမဲစက်များ ကင်းစေပါသည်။ အလှကုန်ပစ္စည်းများ
တာရှည်ခံစေရန်လည်း ပြဒါးကို အသုံးပြုကြပါသည်။
ပြဒါး၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဓါတ်မတည့်ခြင်းနှင့် အနီစက်အကွက်များထွက်ခြင်းများ
ဖြစ်တတ်ပါသည်။ ရေရှည်သုံးစွဲပါက ကျောက်ကပ်ထိခိုက်ခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊
အာရုံကြောထိန်းချုပ်မှုကို ယိမ်းယိုင်စေခြင်းများ ဖြစ်တတ်ပါသည်။
ခဲ (Lead) ပါသောအလှကုန်ပစ္စည်းများ သုံးစွဲခြင်း
ခဲပါဝင်သော အလှကုန်ပစ္စည်းကို နှုတ်ခမ်းနီ၊ ပါးနီနှင့် Eye Shadow တွင်
အသုံးပြုကြပါသည်။ အလှကုန်ပစ္စည်းများတွင် အရောင်အဖြစ် ထည့်သွင်းကြပါသည်။
ခဲပါသော အလှကုန်ပစ္စည်းများ သုံးစွဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုးအဖြစ် မျိုးပွားအင်္ဂါစနစ်ကို
ထိခိုက်စေပါသည်။ အာရုံကြော၊ အရိုးအဆစ်နှင့် ကျောက်ကပ်ကို ထိခိုက်စေပါသည်။ ထို့အပြင်
ကလေးငယ်များကို အဆိပ်သင့်စေပါသည်။
Hydroquinone ကိုအသုံးပြုခြင်း
အသားဖြူခရင်တွင် Hyroquinone ကို ထည့်သွင်းအသုံးပြုကြပါသည်။ နေလောင်ကွက်၊
အမဲစက်များ နှင့် အမာရွတ်များကို မှေးမှိန်စေပါသည်။
Hyroquinone ၏ ဘေးထွက်ဆိုးကျိုးများမှာ အသားအရေ နီရဲယားယံစေခြင်းနှင့် အရေပြား
အပေါ်ယံလွှာကို ပါးစေပြီး နေရောင်ဒဏ်ကို ပိုမိုခံရခြင်းတို့ ဖြစ်ပါသည်။ ရေရှည်သုံးစွဲပါက
ကြမ်းတမ်းပြီး ညိုမဲခြင်း (သို့မဟုတ်) နက်ပြာရောင်အသားအရေသို့ ပြောင်းလဲသွားခြင်းများ
ဖြစ်နိူင်ပါသည်။
စတီးရွှိက် (STEROID) ကိုအသုံးပြုခြင်း
စတီးရွှိက်များကို မျက်နှာလိမ်းခရင်မ်တွင် အသုံးပြုကြပါသည်။ အသားအရေကို လျင်မြန်စွာ
ချောမွေ့နူးညံ့စေပါသည်။ ဝက်ခြံပျောက်ကင်းသွားစေပါသည်။
စတီးရွှိက်၏ ဘေးထွက်ဆိုးကျိုးများမှာ အရေပြားရောင်ရမ်းစေခြင်း၊
အသားအရေပါးလွှာစေခြင်းနှင့် ဝက်ခြံများ ပိုမိုဆိုးရွားစေခြင်းတို့ ဖြစ်ပါသည်။
Retinoic Acid ကိုအသုံးပြုခြင်း
မျက်နှာလိမ်းခရင်မ်ထဲတွင် Retinoic Acid ကိုထည့်သွင်းအသုံးပြုကြပါသည်။ ဝက်ခြံနှင့်
အရေးအကြောင်း များကို သက်သာစေရန်အတွက် ရည်ရွယ်၍ အသုံးပြုကြပါသည်။
Retinoic Acid ဘေးထွက်ဆိုးကျိုးကြောင့် အသားအရေ နီမြန်းခြင်း၊ ယားယံစေခြင်းနှင့်
နေလောင်ဒဏ်ပိုမိုခံစားရခြင်းများ ဖြစ်တတ်ပါသည်။ ကိုယ်ဝန်သည် မိခင်များအတွက်
အန္တရာယ်ဖြစ်စေနိူင်ပါသည်။
Paraben ကိုအသုံးပြုခြင်း
Paraban ကို မိတ်ကပ်၊ Moisturizerနှင့် Shampoo တွင် ထည့်သွင်းအသုံးပြုကြပါသည်။
အလှကုန်များ တာရှည်ခံစေရန်နှင့် ရနံ့မွှေးစေရန်အတွက် ရည်ရွယ်ကြပါသည်။
Paraben ၏ဘေးထွက်ဆိုးကျိုးကြောင့် ဟော်မုန်းပြောင်းလဲစေပြီး ရင်သားကင်ဆာဖြစ်နိူင်ချေ
များလာတတ်ပါသည်။ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါသည်။
Formaldehyde ကိုအသုံးပြုခြင်း
Formaldehyde ပါဝင်သော အလှကုန် ပစ္စည်းအမျိုးအစားများမှာ ရေချိုးဆပ်ပြာ၊ Lotion၊
shampoo နှင့် Conditioner တို့ဖြစ်ပါသည်။ ၎င်းကိုခန္ဓာကိုယ်ရှိ အနံ့ဆိုးများကို သက်သာစေရန်
အသုံးပြုကြပါသည်။
Formaldehyde ၏ ဘေးထွက်ဆိုးကျိုးမှာ အသက်ရှူလမ်းကြောင်းနှင့်
အရေပြားဓာတ်မတည့်မှုနှင့် ရောင်ရမ်းမှုများ ဖြစ်စေပါသည်။ အနီကွက်နှင့် အရည်ကြည်ဖုများ
ဖြစ်စေပါသည်။
Propylene Glycol ကို အသုံးပြုခြင်း
မျက်နှာလိမ်းခရင်မ်နှင့် Lotion တွင် Prophlene Glycol ကိုထည့်သွင်းအသုံးပြုကြပါသည်။
၎င်းသည်အသားအရေကို ချောမွေ့စေပါသည်။ အစိုဓါတ်ကို ထိန်းပေးပါသည်။
စိမ့်ဝင်အားကောင်းစေပါသည်။
Prophlene Glycol တွင်ဘေးထွက်ဆိုးကျိုးများရှိပါသည်။ အရေးအကြောင်းနှင့်
အမည်းစက်များ ဖြစ်စေပါသည်။ ဓါတ်မတည့်မှုဖြစ်စေပါသည်။ ကျောက်ကပ်၊ အသည်းနှင့်
အာရုံကြောကို ထိခိုက်စေပါသည်။
Sodium Lauryl Sulifate ကိုအသုံးပြုခြင်း
မျက်နှာသစ်ဆေး Shampoo နှင့် ရေချိုးဆပ်ပြာတွင် ပါဝင်ပါသည်။ ၎င်းတွင်
အမြှုပ်ထွက်သော အာနိသင်ရှိပါသည်။
ဘေးထွက်ဆိုးကျိုးများမှာအသားအရေကို ခြောက်သွေ့စေခြင်း၊ မျက်လုံးနှင့်
အရေပြားဓာတ်မတည့်မှု ဖြစ်စေခြင်း နှင့် နှလုံး၊ အသည်း၊ အဆုတ်နှင့်
ဦးနှောက်ကိုထိခိုက်စေပါသည်။
အလှကုန်ပစ္စည်းတွင် ပါဝင်ရမည့် အညွှန်းအမှတ်အသားများ
(က) အလှကုန်ပစ္စည်းတွင် အလှကုန်ထုတ်လုပ်သည့် နိူင်ငံကို သုံးစွဲသူများသိရှိစေရန်
ထုတ်လုပ်သည့် နိူင်ငံပါရှိရပါမည်။
(ခ) သုံးစွဲသူများအား ကြာရှည်စွာသိုလှောင်ထားပြီးသော အလှကုန်များကိုမဝယ်မိစေရန်
ထုတ်လုပ်သည့် ရက်စွဲ သက်တမ်းကုန်မည့် ရက်စွဲများ (ဥပမာ- လ၊ နှစ်) ပါရှိရပါမည်။
(ဂ) အလှကုန်ပစ္စည်းနှင့် ပတ်သက်၍ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ချီသူများ (သို့မဟုတ်)
ကြီးကြပ်သူများအတွက် ဈေးကွက်မှပြန်လည် သိမ်းဆည်းမှုပြုရာတွင် ကုန်ပစ္စည်း ထုတ်လုပ်မှု၊
အပတ်စဉ်နံပါတ်သည် အရေးကြီး၍ ထည့်ပေးရပါမည်။
(ဃ) သုံးစွဲသူများ အသုံးပြုလိုသည့်ရည်ရွယ်ချက်အတိုင်း ကိုက်ညီသော
အလှကုန်အားရွေးချယ်ရာတွင် အထောက်အကူပြုရန် အလှကုန်ပစ္စည်း အမှတ်တံဆိပ်၊ အမည်နှင့်
၎င်း၏စွမ်းဆောင်နိူင်မှုကို ထည့်သွင်းရပါမည်။
(င) အလှကုန်ပစ္စည်းများ၏ ပါဝင်မှုပမာဏကို သုံးစွဲသူများ ရွေးချယ်ရာတွင်
အထောက်အကူပြုရန် ပါဝင်မှု အတိုင်းအတာပမာဏ (ထုထည်၊ အလေးချိန်) ကို ထည့်ပေးရပါမည်။
(စ) အလှကုန်နှင့် ပတ်သက်၍ သိရှိလိုသည်များရှိပါက ဆက်သွယ်နိူင်စေရန် အလှကုန်ပစ္စည်း
တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ဗဏီအမည်နှင့် လိပ်စာကိုထည့်ပေးရပါမည်။
(ဆ) သုံးစွဲသူများအတွက် အလှကုန်အား စည်းစနစ်ကျစွာ အသုံးပြုပုံ၊ သိမ်းဆည်းပုံနှင့်
အခြားအရေးပါသည့် သတင်းအချက်များကို ဖော်ပြရန် အထူးသတိပေးချက်များ
ရေးသားထားရပါမည်။
(ဇ) သုံးစွဲသူများအနေဖြင့် ဓါတ်မတည့်သည့် ပစ္စည်းများပါဝင်ပါက သိရှိစေရန်အတွက်
အလှကုန်၌ ပါဝင်သည့်ပစ္စည်းများကို ပြည့်စုံစွာ အသိပေးရန်အတွက် ပါဝင်ပစ္စည်းစာရင်း
အပြည့်အစုံကို ထည့်ပေးရပါမည်။
(ဈ) သုံးစွဲသူများအား အလှကုန်ပစ္စည်းသုံးစွဲပုံ၊ သုံးစွဲရမည့် ပမာဏနှင့်
အကြိမ်အရေအတွက်ကို တိကျမှန်ကန်စွာ သိရှိကြစေရန် အလှကုန်အား အသုံးပြုအညွှန်းကို
ထည့်ပေးရပါမည်။
အကြံပြုချက်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်ဟု ကြော်ငြာထားသည့်
တားမြစ်ဓာတု ပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်းများကို လုံးဝအသုံးမပြုရပါ။ အလှကုန်ပစ္စည်း
အမှတ်တံဆိပ်ပေါ်ရှိ ဖော်ပြချက်များနှင့် သတိပေးချက်များကို သေချာစွာ ဖတ်ရှုပြီး သုံးစွဲရပါမည်။
မိမိနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောနေရာ၊ မသိရှိသောနေရာနှင့် မကြားဖူးသော
အင်တာနက်ဝက်ဘ်ဆိုဒ်များတွင် အလွန်အမင်းထူးကဲကြောင်း ကြော်ငြာထားသည့် ပစ္စည်းများကို
မသုံးစွဲသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author: ဒေါက်တာမင်းသူရိန် , Healthcare Journal