လက်ပ်တိုစပိုင်ရိုးဆစ် (Leptospirosis) ရောဂါသည် လက်ပ်တိုစပိုင်းရား(leptospira) လို့ခေါ်သော ဘက်တီးရီးယားကြောင့်ဖြစ်ပြီး တိရိစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်တတ်သောရောဂါအမျိုးအစားဖြစ်ပါတယ်။ အဖြစ်များသော ရောဂါအမျိုးအစားလည်းဖြစ်ပါတယ်။ လူ့အသက်သေဆုံးသည်အထိ ရောဂါပြင်းထန်နိုင်ပါတယ်။ လူတွေကိုအန္တရာယ်ပေးနိုင်သော လက်ပ်တိုစပိုင်းရားပိုးအမျိူးအစား(၁၃)မျိုးလောက်ရှိပါတယ်။
အိမ်မွေးတိရိစ္ဆာန်(ခွေး၊ ကြောင်၊ နွား၊ ဝက်၊ ဆိတ်) နှင့် တောရိုင်းတိရိစ္ဆာန်(ရှဥ့်၊ ကျွဲ ၊ ကြွက်)များမှတစ်ဆင့် လူဆီတို့ကူးစက်ပါတယ်။ ကူးစက်မှုအများဆုံးကတော့ rodent မျိုးနွယ်ဝင်ဖြစ်တဲ့ ကြွက် တွေကတစ်ဆင့်အများဆုံးကူးပါတယ်။
ကူးစက်တဲ့နည်းလမ်းကတော့ ရောဂါပိုးရှိနေတဲ့ တိရိစ္ဆာန်ရဲ့ ကျင်ငယ်ရည်နဲ့တိုက်ရိုက်ထိတွေ့ရင်သော်လည်းကောင်း၊ တိရိစ္ဆာန်ကျင်ငယ်ရည်ပါတဲ့ရေ၊ ရွှံ့၊ မြေကြီး ၊ အစားအစာတို့နဲ့ ထိတွေ့ရင်သော်လည်းကောင်း ကူးနိုင်ပါတယ်။ ဘာဖြစ်လို့ အဲ့လိုကျင်ငယ်ရည်ကနေကူးရလဲဆိုရင် လက်ပ်တိုစပိုင်းရားပိုးဟာ သူဝင်ရောက်တဲ့ သက်ရှိသတ္တဝါ(Host) ရဲ့ကျောက်ကပ်မှာရှိတဲ့ပြွန်(Convoluted tubules)ထဲမှာနေထိုင်ပြီး အဲ့သတ္တဝါဆီးသွားတဲ့အခါကျ ဆီးထဲပါလာလို့ဖြစ်ပါတယ်။
လက်ပ်တိုစပိုင်းရားပိုးက ရေထဲမှာလည်း လပေါင်းများစွာအသက်ရှင်နိုင်ပါတယ်။
ဒီလိုနဲ့လူတွေက အဲ့ကျင်ငယ်ရည်နဲ့တိုက်ရိုက်ထိတွေ့ရင်ဖြစ်ဖြစ် ကျင်ငယ်ရေပါတဲ့ အစားအစာ ၊မြေကြီး၊ ရေ၊ ရွှံ့တို့နဲ့ထိတွေ့ရင်ဖြစ်ဖြစ် ကူးစက်ခံကြရပါတယ်။
အထူးသဖြင့် မိုးရာသီ မိုးများတဲ့အချိန်မှာ လမ်းတွေမှာ ရေလျှံရေဝပ်နေတတ်ပါတယ်။
ဒီလိုနေရာတွေကို ဖြတ်သန်းသွားလာမိတဲ့အခါ အခန့်မသင့်ရင် ရောဂါကူးစက်နိုင်ပါတယ်။
ကူးစက်ခံရနိုင်ခြေအများဆုံးလူတွေကတော့ ရေထဲ ရွှံ့ထဲအလုပ်လုပ်ရတဲ့သူတွေ၊ ကြွက်ပေါတဲ့နေရာမှာနေတဲ့သူတွေပါ။ (ဥပမာ – လယ်သမားဦးကြီးများ နဲ့ ရေလုပ်သားဦးကြီးများ) မိုးရာသီနှင့်ကောက်ရိတ်သိမ်းချိန် ကာလများတွင် ရောဂါဖြစ်ပွားမှုများပါတယ်။
ရောဂါပိုးစဝင်ပြီး တစ်ပတ်ကနေ နှစ်ပတ်အကြာမှာ ရောဂါလက္ခဏာ စပြတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေ တော်တော်များများကိုထိခိုက်တဲ့အတွက် အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးနီရဲခြင်း၊ မျက်လုံးနာခြင်း၊ အသားဝါခြင်း၊ အရေပြားပေါ်တွင် အနီစက်၊အနီကွက်များထွက်ခြင်း၊ ချောင်းဆိုး သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဆီးနည်းသွားခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။
လက်ပ်တိုစပိုင်းရိုးရဲ့လက္ခဏာများဟာ ငှက်ဖျားရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရောဂါတို့နဲ့ ဆင်တူတဲ့အတွက် ရောထွေးမှားယွင်းမှုရှိနိုင်ပါတယ်။
ရောဂါအတည်ပြုနိုင်ရန်အတွက် ဓါတ်ခွဲခန်းတွေမှာစစ်ဆေးဖို့လိုပါတယ်။
ဘာတွေစစ်ဆေးရမလဲ?
သွေးကိုယူပြီးပိုးမွေးနိုင်သလို ဆီးကိုယူပြီးလည်း ပိုးမွေးပြီးကြည့်နိုင်ပါတယ်။Leptospiral Antibody လည်းစစ်နိုင်ပါတယ်။နောက်ပြီး ငှက်ဖျားပိုးတို့ ၊အသည်းရောင်ဘီပိုး ၊စီပိုးရှိမရှိလည်းစစ်ဆေးသင့်ပါတယ်။ စောစီးစွာသိရှိပြီး နီးစပ်ရာ ကျန်းမာရေးဌာနမှာ အချိန်မှီဆေးကုသဖို့ လိုအပ်ပါတယ်။နောက်ကျပါက အသက်ဆုံးရှုံးနိုင်လို့ပါ။
ကြိုတင်ကာကွယ်နည်းများ
လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန် မိုးရာသီနဲ့ ကောက်ရိတ်သိမ်းချိန်ကာလများအတွင်း ရေလျှံသောနေရာများရှိ ရေအိုင်များမှာဆော့ကစားခြင်း၊ ရေချိုးခြင်း၊ ရေကူးခြင်း၊ မသန့်ရှင်းသောရေများအား သောက်သုံးခြင်း သုံးစွဲခြင်းတို့ကိုရှောင်ပါ။ လယ်ယာလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လည်ရှည်ဖိနပ်၊ လက်အိတ်စသော အကာအကွယ်များဝတ်ဆင်ပြီးမှသာ လုပ်ငန်းခွင်ဝင်နိုင်ပါရန် အကြံပြု ရေးသားလိုက်ရပါတယ်။
Author : Dr 528