ဆီးကပြောသောရောဂါများ
လူအများစုက မိမိဆီးကိုမိမိကြည့်ဖို့ သတိထားဖို့ စိတ်မဝင်စားကြပါဘူး။ ဆီးအရောင် ဆီးအနံက သင့်ကျန်းမာရေးအခြေအနေကို ကိုယ်စားပြုလိမ့်မယ်လို့ မသိကြပါဘူး။ ဆီးမှာ ရေဓာတ် ၉၅ ရာခိုင်နူန်းပါဝင်ပြီး အခြားသော ဆား၊ ယူရီယား၊ ယူရစ်အက်ဆစ်နှင့် အင်ဇိုင်းများက ၅ ရာခိုင်နူန်းခန့် ပါဝင်ပါတယ်။
ဆီးအဖြေစစ်ဆေးခြင်းဖြင့် ဆရာဝန်များက လူတစ်ယောက်ရဲ့ကျန်းမာရေးခြေအနေပေါ် ဆုံးဖြတ်ကြရပါတယ်။ ဆီးအနံနှင့်အရောင်ရဲ့ ထူးခြာမှုဟာ သင့်ကျန်းမာရေးချို့ယွင်းမူကို ကိုယ်စားပြုပါတယ်။
သင့်ဆီးအနံပြင်းထန်စွာနံခဲ့လျှင် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေက
(၁) ရေဓာတ်နည်းခြင်းနှင့် အစာဟာရ
မနက်အိပ်ရာထ ဆီးပေါက်ရျ် အနံပြင်းခြင်းသည် ဆီးထဲတွင် စွန့်ပစ်ပစ္စည်းများစွာပါဝင်လို့ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာအိပ်ပြီးနောက် ကိုယ်ခန္ဓာက ရေဓာတ်ဆုံးရူံးပါတယ်။ ထို့အပြင်ညနေခင်းစားသောက်ထားတဲ့ အစာများဟာ ဆီးထဲမှာပါဝင်လာပါတယ်။ ထိုအချက်တွေကြောင့် မနက်ခင်းဆီးထဲတွင် ကီးတုန်း (Ketone) အနံပြင်းထန်စွာ ရတတ်ပါတယ်။
အနံပြင်းသောအစာများ၊ ဆေးဝါးများကြောင့်လည်း ဆီးနံပြင်းတတ်ပါတယ်။ အရောင်တောက်တတ်ပါတယ်။ ဆီးသွားစဉ် ပူစပ်မှုများ ခံစားရလျှင် ဆီးထဲမှာ ယူရစ်အက်ဆစ်များနိုင်သည်ကိုညွန်ပြပါတယ်။ အထက်ပါအကြောင်းအရာများသက်သာစေရန် သင်သည်တစ်နေ့ ရေသုံးလီတာသောက်ပါ။
(၂) ပိုးဝင်ခြင်း
ဆီးပူခြင်းအပြင် အနံပြင်းခြင်းပါ ဖြစ်လာပါက အောက်ပါရောဂါအခြေအနေများကြောင့်ဟု ယူဆရျ် ရပါတယ်။
– ကျောက်ကပ်ပိုးဝင်ခြင်း
– ဆီးပြွန် (URETHRA) ရောင်ရမ်းခြင်းနှင့် ကျဉ်းခြင်းစသည်တို့ဖြစ်ပါတယ်။ အကယ်၍ ရေသုံးလီတာသောက်၍ မသက်သာလျှင် ဆရာဝန်နှင့် ပြသစစ်ဆေးရပါမယ်။
(၃) Sertraline
အဆိုပါဆေးဝါးဟာ စိတ်ဓာတ်ကျဝေဒနာသည်များတွင် သုံးသောဆေးဖြစ်ပါတယ်။ ထိုဆေးဟာ ဆီးနံ့ပြင်းခြင်းအပြင် ဆီးသွားရခက်သော ဆိုးကျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဆေးသောက်စဉ် ဝေဒနာပေါ်လာပါက ဆရာဝန်ရဲ့အကြံဉာဏ်ရယူပါ။
အခြားသောဆီးနံ့ပြင်းစေသော အခြေအနေများလည်းရှိပါတယ်။
(၁) ဆီးအိမ်နှင့် အူအကြားလမ်းကြောင်းပေါက်နေခြင်း
(၂) ဆီးလမ်းကြောင်းကျောက်တည်ခြင်း
(၃) ဆီးချိုရဲ့မထိန်းနိုင်သောကြောင့် နောက်ဆက်တွဲရောဂါဖြစ်ခြင်း (diabetic ketoacidosis) စသည်တို့ဖြစ်ပါတယ်။
ဘယ်အခါ ဆရာဝန်နှင့်ပြသသင့်သလဲ?:
(က) သင့်ဆီးအနံ့ပြင်းတိုင်းတော့ပြစရာမလိုပါ။ သင့်မှာဆီးချိုရှိပြီး အနံ့ထွက်နေလျှင် ဆီးချိုမထိန်းနိုင်ကြောင်းဖော်ပြသောကြောင့်သေချာဆရာဝန်နဲ့ပြသပါ။
(ခ) ဆီးခဏခဏသွားရခြင်း အနံပြင်းခြင်း ဆီးပူ ဆီးအောင့်ခြင်းတွေ ဖြစ်ခဲ့လျှင် ဆီးပိုးဝင်ခြင်းဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့သေချာပြသ ကုသမှုခံယူရမှာဖြစ်ပါတယ်။
ဆီးနံ့ပြင်းတာ သက်သာအောင်လုပ်ခြင်း
ဆီးအနံ့ပြင်းစေသော အစာအသောက်များရှောင်ရှားခြင်း
ဥပမာ ကြက်သွန်ဖြူ၊ အရက်၊ ကြက်သွန်နီ၊ တညင်းသီး၊ ဒူးရင်းသီးနှင့် အချို့ဆေးဝါးများကို ရှောင်ရှားပါ။ ရေများများသောက်ပါ။ တစ်နေ့ရေသုံးလီတာခန့်သောက်ပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရှိခဲ့လျှင် သေချာကုသမူခံယူပါ။
သင့်ဆီးအရောင်ကပြောသော သင့်ကျန်းမာရေး
– ပန်းရောင် သို့မဟုတ် အနီရောင်
ဆီးပိုးဝင်ခြင်း၊ ကျောက်ကပ်ရောဂါများ၊ ဆီးကြိတ်ရောဂါများ၊ ကင်ဆာရောဂါများကြောင့် ဆီးအရောင်ဟာ ပန်းရောင် သို့မဟုတ် အနီရောင် ပြောင်းနိုင်ပါတယ်။ အစားအသောက်ကြောင့်ပြောင်းနိုင်သလို တီဘီဆေး (Rifampi) ကြောင့်လည်း ပြောင်းနိုင်ပါတယ်။ အရောင်ပြောင်းလဲခြင်းကို သတိထားမိပါက ဆရာဝန်နဲ့သေချာပြသပါ။
– လိမ္မော်ရောင်
အချို့ပိုးသတ်ဆေးနှင့် B2 သည် ဆီးကို လိမ္မော်ရောင်ပြောင်းစေနိုင်ပါတယ်။ သည်းခြေပြွန်နှင့် အသည်းတွင်ရောဂါရှိခြင်း ရေဓာတ်နည်းခြင်းသည်လည်း လိမ္မော်ရောင်ဖြစ်စေပါတယ်။
– အပြာရောင်/ အစိမ်းရောင်
ထိုအရောင်ပါသောအစာအစားများ၊ promethazine ဆေးဝါးနှင့် propofol ဆေးများကြောင့် ဆီးကို အပြာ/အစိမ်းပြောင်းလဲနိုင်ပါတယ်။
– အမြုပ်ထခြင်း
သင့်ဆီးသည် အမြုပ်ထခြင်းနှင့် အမှုန်များပါဝင်ခဲ့လျှင် ဆီးထဲ အသားဓာတ်များပါသောကြောင့် ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါကြောင့် ဖြစ်နိုင်သောကြောင့် ဆရာဝန်နဲ့စစ်ဆေးကုသဖို့လိုပါတယ်။
Dr. ပြည့်ရှင်း