ဆီးချို ရောဂါဆိုတာ ဒီဘက်ခေတ်မှာ အဖြစ်များလာတဲ့ ရောဂါတွေထဲ တစ်ခုအပါအဝင်ပါ။ ဆီးချို ရောဂါ ဖြစ်ရတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်ကိုထိန်းပေးနိုင်တဲ့ အင်ဆူလင် လုံးဝမထွက်တာနဲ့၊ ထွက်ပေမယ့် သကြားဓာတ်ကိုကောင်းကောင်းမထိန်းနိုင်တာပါ။
အင်ဆူလင်ဆိုတာ ဟော်မုန်းတစ်မျိုးပါ။ ပန်ကရိယ လို့ခေါ်တဲ့ မုန့်ချိုအိတ်ကနေ ထုတ်ပေးနေတဲ့ဟော်မုန်းတွေထဲကတစ်ခုပါ။
ကိုယ်ခံအား စနစ်ဖောက်ပြန်တာကြောင့် ဖြစ်လာတဲ့ antibody တွေက အင်ဆူလင်ထုတ်တဲ့ နေရာတွေကို တိုက်တဲ့ အခါ အင်ဆူလင်ထုတ်တာရပ်သွားတတ်တယ်။ အဲ့လိုအခါတွေမှာ သကြားဓာတ်ကိုကောင်းအောင်မထိန်းနိုင်တတ်ကြတော့ဘူး။ ဒီလိုမျိုး ဆီးချိုရောဂါကတော့ အသက်ငယ်ရွယ်စဉ်မှာ ပိုဖြစ်တတ်ပါတယ်။
နောက်တစ်မျိုးကတော့ အကြောင်းအမျိုးမျိုးကြောင့် အင်ဆူလင်အထွက်နည်းတာမှာလည်းဖြစ်နိုင်တယ်။ အသက်ကြီးလာတဲ့အခါ တချို့ဆေးဝါးတွေစွဲသောက်ရတဲ့အခါ မုန့်ချိုအိတ်ယောင်တာဖြစ်နေတတ်တဲ့အခါတွေမှာဖြစ်နိုငိပါတယ်။
ဆီးချိုကုတဲ့ အခါ အင်ဆူလင်ဆေးထိုးတာရှိတယ်။ သောက်ဆေးသောက်ရတာရှိတယ်။ အကြမ်းပြောရရင်တော့ အင်ဆူလင်လုံးဝမထွက်တာဆို ဆေးထိုးဖို့ လုံးဝလိုပါတယ်။ အင်ဆူလင် နည်းတာမှာတော့ သောက်ဆေးတွေ သောက်လို့ရပါတယ်။ အင်ဆူလင် နည်းပေမယ့် သောက်ဆေးမသုံးဘဲ ဆေးထိုးရတဲ့အခြေအနေတွေလည်း ရှိပါတယ်။ ဆီးချိုရောဂါသည်တွေ တစ်ခုခုခွဲစိတ်ဖို့ လိုအပ်လာတဲ့အခါမှာ ဆေးထိုးရတတ်ပါတယ်။
ဆီးချိုနဲ့ ကိုယ်ဝန်တွဲတဲ့အခါလည်း ဟိုးအရင်ကတော့ ထိုးဆေးကိုပဲ ပြောင်းသုံးရပေမယ့် အခုနောက်ပိုင်းတော့ ထိုးဆေးဖြစ်ဖြစ် သောက်ဆေးမှာ မက်ဖော်မင်ဖြစ်ဖြစ် သောက်လို့ရပါတယ်။ ဆီးချို ရောဂါသည်တွေ သောက်ဆေး နှစ်မျိုးသုံးမျိုးသောက်ပေမယ့် ဆီးချို ဘယ်လိုမှမထိန်းနိုင်တဲ့အခါလည်း ထိုးဆေးသုံးဖို့လိုပါတယ်။ ဆီးချိုရဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ချို့ မှာလည်း ထိုးဆေးထိုးပေးမှ အဆင်ပြေတာလည်းရှိပါတယ်။
အင်ဆူလင်ထိုးရပြီဆိုလည်း သောက်ဆေးသောက်သလို လွယ်လွယ်သောက်လို့ မရပါဘူး။ ထိုးရတဲ့အကြိမ်အလိုက် ဆီးချိုဖောက်စစ်ဖို့လိုတတ်ပါတယ်။ သေချာလည်းမှတ်ထားရပါတယ်။ ဆီးချိုပမာဏကိုကြည့်ပြီး ထိုးဆေးကို ပမာဏဖြစ်ဖြစ်အကြိမ်ဖြစ်ဖြစ် အတိုးအလျှော့လုပ်ဖို့လိုနိုင်ပါတယ်။ အင်ဆူလင်ထိုးဖို့လိုအပ်လာတယ်ဆို ဆေးရုံမတက်ဖြစ်ရင်တောင်မှ အိမ်မှာပဲသေချာဆေးထိုးသွေးဖောက်လုပ်ရပါတယ်။ ဆရာဝန်တွေနဲ့လည်း ရက်ချိန်းသေချာပြန်ပြရတယ်။ ပြတဲ့အခါ သွေးဖောက်တဲ့ အဖြေတွေကို ပြန်ပြရပါတယ်။
ဆေးရုံတက်တုန်းက ဒီလိုပုံစံထိုးဖူးလို့ အခု အိမ်မှာ ကိုယ့်ဘာသာကိုယ်လိုက်ထိုးလို့မရပါဘူး။ အင်ဆူလင်ထိုးဆေးမှာ အမျိုးမျိုးရှိပါတယ်။ အရပ်အခေါ်ကတော့အကြည်နဲ့အနောက်ဆိုပြီးပြောကြတယ်။ တကယ်က နှစ်မျိုးထဲမဟုတ်ပါဘူး။ အင်ဆူလင်ထိုးဆေးတွေမှာ ဘယ်အမျိုးအစားက ဘယ်လိုထိုးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။ ဆီးချိုလူနာမှာ ဘယ်အင်ဆူလင်အမျိုးအစားသုံးသင့်လဲဆိုတာ ဆီးချိုပမာဏတွေပေါ်လည်းမူတည်ပါတယ်။
အင်ဆူလင်ထိုးတာကတော့ သေချာဂရုတစိုက်ထိုးတယ်ဆိုရင် ဆီးချို သေချာပြန်ထိန်းနိူင်ပါတယ်။ ဆီးချိုကောင်းသွားတယ်ဆိုတိုင်းလည်း တန်းရပ်လို့မရပါဘူး။ သောက်ဆေးနဲ့ပြန်ထိန်းနိုင်ဖို့အဆင့်ဆင့်ကြိုးစားရတာပါ။ အင်ဆူလင်ထိုးတာမှာ မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ လည်းရှိတတ်ပါတယ်။ ဆေးခဏခဏထိုးရတာအပြင်သွေးပါဖောက်နေရတော့ အသားနာပါတယ်။ အင်ဆူလင်ပမာဏ လိုတာထက်များတာဖြစ်ဖြစ်၊ လူနာက အစားအသောက်မဝင်တာဖြစ်ဖြစ်၊ သကြားဓာတ်တွေ နည်းတတ်ပါတယ်။
သကြားဓာတ်တော်ရုံနည်းတာက အစားအသောက်နဲ့ ပြန်ဖြည့်လို့ရပေမယ့် မတရားနည်းတယ်ဆိုရင်အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဒါကြောင့် ဆီးချို ရောဂါသည်တွေ အနေနဲ့ ဆေးထိုးဖို့မလိုသေးတဲ့ အခြေအနေမှာ ဆီးချိုကိုသေချာထိန်းပါ။ အစားအသောက်အနေအထိုင်ကို သေချာပြုပြင်ပါ။ ဘယ်လိုထိန်းထိန်းဆီးချိုမကျတာဖြစ်ဖြစ် ၊တခြားသောအခြေအနေပဲဖြစ်ဖြစ် အင်ဆူလင်ထိုးဖို့လိုပြီဆိုလည်း ဆရာဝန်တွေ နဲ့ သေချာပြပြီး ဆေးထိုးပါ။ ရက်ချိန်းလည်းပြပါ။ ဒါမှ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆီးချိုထိန်းနိုင်မှာပါ။