အခုလို မိုးရာသီမှာ ယင်နားစာနှင့်မသန့်ရှင်းသောရေသောက်သုံးမိခြင်းကြောင့်ဖြစ်ပွားလေ့ရှိတဲ့ အူရောင်ငန်းဖျားရောဂါအကြောင်းရှင်းပြပါမယ်။ ဖျားမယ်၊ကိုယ်လက်ကိုက်ခဲမယ်၊အစားအသောက်ပျက်မယ်၊ခေါင်းကိုက်မယ်၊အဖျားကြီးမယ်၊ဝမ်းပျက်မယ် စသည်ဖြင့် နာတာရှည် တစ်ပတ်ကျော်ခန့်ခံစားခဲ့ရလျှင် အူရောင်ငန်းဖျားရောဂါ ဖြစ်နိုင်ပါတယ်။
အူရောင်ငန်းဖျားရောဂါသည် Salmonella typhi & paratyphi ပိုးများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ဒီပိုးတွေက မသန့်ရှင်းသော ရေနှင့် အစာအစားများမှတဆင့် ကူးစက်ပြန့်ပွားပါတယ်။ ရောဂါဖြစ်တဲ့သူက သယ်ဆောင်သူအနေနှင့် ပြန့်ပွားလေ့ရှိပါတယ်။ ရောဂါဖြစ်ပွားသူရဲ့ မစင်မှတဆင့် ရေထဲသို့ရောက်ရှိရျ် ထိုမသန့်ရှင်းသောရေကိုသောက်သူများအနေနှင့်ရောဂါကူးစက်ကြပါတယ်။ ထိုရောဂါပိုးများသည် ရေထဲတွင် ရက်သတ္တပတ်များစွာ နေနိုင်ပါတယ်။
ဖျားနာပြီးနောက် ပိုးရှိသူ ၃ရာခိုင်နူန်းခန့်သည် မိမိကိုယ်ကိုယ်မိမိ သယ်ဆောင်သူအနေဖြစ်မှန်းမသိ ဖြစ်ကြပါတယ်။ထိုသူများက ရောဂါပိုးကို နှစ်ပေါင်းများစွာ ပြန့်ပွားစေပါတယ်။ မသန့်ရှင်းသော အစာအစားနှင့်ရေကို သောက်သုံးမိလျှင် ရောဂါပိုးသည် အူမှတဆင့် သွေးထဲသို့ရောက်ရှိပွားများကြပါတယ်။ ထိုအခါ လူနာသည် အဖျားတက်ပါတယ်။ သည်းခြေအိတ်ထဲတွင်လည်း ပိုးက ပွားများပါတယ်။ ပိုးသည် အူလမ်းကြောင်းတလျှောက်ရှိနေသောကြောင့် လူနာရဲ့မစင်ကို ဓာတ်ခွဲစစ်ဆေးလျှင်တွေ့နိုင်ပါတယ်။ သို့သော် သွေးစစ်လျှင် အဖြေပိုတိကျပါတယ်။
အူရောင်ငန်းဖျားရောဂါသည် ရောဂါလက္ခာဏာများက အစားအသောက်ပျက်၊ခေါင်းကိုက်၊ကိုယ်လက်ကိုက်ခဲ၊အဖျားကြီး၊ကိုယ်လက်မအီမသာဖြစ်ခြင်နှင့်ဝမ်းလျောခြင်းစသည်တို့ဖြစ်တတ်ပါတယ်။ ရောဂါလက္ခာဏာများက ၂ပတ် မှ ၄ပတ်ထိကြာမြင့်တတ်ပါတယ်။ ရင်ဘတ်တောင့်ခြင်းနှင့် ဗိုက်နာခြင်းများလည်းခံစားရတတ်ပါတယ်။ပုံမှန်ဖျားနေတတ်ပြီး ၃ပတ် ၄ပတ်ကြာမှ ပြန်ကောင်းတတ်ပါတယ်။
အူရောင်ငန်းဖျားရောဂါသည် ပိုးသတ်ဆေးဖြင့်သေချာကုသရပါတယ်။လိုအပ်လျှင်ဆေးရုံတက်ရပါတယ်။သေချာမကုသပါက နောက်ဆက်တွဲဆိုကျိုးများဖြစ်တဲ့ ပိုးဆိပ်တက်ခြင်း၊အဆုတ်ရောင်ခြင်း၊အစာအိမ်ပေါက်ခြင်းမျာကြောင့်အသက်ဆုံးရူံးနိုင်ပါတယ်။နာတာရှည်ဖြစ်လာခဲ့လျှင် ပိုးသတ်ဆေးရက်ရှည်ကုရသလို သည်းခြေအိတ်ပါထုတ်ပစ်ပါတယ်။ယခုအခါအူရောင်ငန်းဖျားဖြစ်သည့်ဒေသသို့ ခရီးသွားမည်ဆိုပါက ကြိုတင် ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။
ထို့ကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဆိုသကဲ့သို့ မသန့်ရှင်းသောရေနှင့် ယင်နားစာများကို မစားမိအောင် အထူးဂရုစိုက်ပါ။ ရေကိုကျိုချက်သောက်ပါ။ အစာအစားများကို ယင်မနားအောင် ဖုံးအုပ်ထားပါ။ အူရောင်ငန်းဖျားရောဂါကို ထိရောက်စွာ ကုသပါရန် တိုက်တွန်းပါသည်။
Author : Dr.ပြည့်ရှင်း