လူတော်တော်များများဟာ အာဟာရဓာတ်တွေရဲ့ အကျိုးအာနိသင်ကို လျှော့တွက်ကြပါတယ်။ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာအားလုံးအတွက် လိုအပ်တဲ့သတ္ထုတွေကို ဖြည့်စွက်ပေးမယ်ဆိုရင် ဆေးဝါးမလိုဘဲ ကျန်းမာစိုပြေလှပနိုင်ပါတယ်။
စပျစ်သီးမှာ ပါရှိတဲ့ ဗီတာမင်စီလောက် အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့အရာမျိုး ရှာမတွေ့နိုင်ပါဘူး။ အင်တီအောက်ဆီးဒင့်က အသားအရေကို ကာကွယ်ပေးနိုင်တဲ့ အလွှာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို မဖြစ်ပေါ်အောင် ကာကွယ်ပေးပါတယ်။ Free Radicals လို့ခေါ်တဲ့ သေးငယ်တဲ့ မော်လီကျူးလေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေခြောက်သွေ့ခြင်း၊ အရေးအကြောင်းဖြစ်ပေါ်ခြင်းနဲ့ တခြားအရေပြားပြဿနာကိုပါ ပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ စပျစ်သီးတစ်ပန်းကန် သို့မဟုတ် တစ်ပန်းကန်ခွဲက သင်နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီ ပမာဏကို ၂၀ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်စွမ်း ရှိပါတယ်။ အရေပြား ဆန့်ကျုံ့သတ္တိကိုလည်း ထိန်းသိမ်းနိုင်အောင် ကူညီပေးပါတယ်။
ခံတွင်းနံ့ဆိုးခြင်းကို ယာယီပျောက်ကင်းစေတဲ့ ပူရှိန်းငုံဆေးပြားတွေ ရှိပေမယ့် ခံတွင်းနံ့ဆိုးရခြင်းရဲ့ အဓိက ပြဿနာကို ကုစားဖို့ လိုပါတယ်။ သင့်ရဲ့လျှာသွားကြားနဲ့ လည်ချောင်းနောက်ဘက်နေရာတွေဟာ ဘက်တီးရီးယားတွေ ခိုအောင်းနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ခပ်မြန်မြန်သွားတိုက်ခြင်းကြောင့် အစားအစာတွေ လုံးဝသန့်စင်သွားခြင်းမရှိဘဲ ပါးစပ်ထဲမှာ ကြွင်းကျန်နေခြင်းကလည်း ခံတွင်းပြဿနာတွေကို ဖြစ်ပွားပါတယ်။ သကြားပါဝင်တဲ့ ခံတွင်းနံ့ပျောက်ဆေးတွေကို ကြာရှည်သုံးရင် ခံတွင်းအနံ့ပိုဆိုးလာတယ်လို့ သိရပါတယ်။ ဂျပန်လူမျိုးတွေရဲ့ လေ့လာတွေ့ရှိချက်အရ သကြားမပါတဲ့ ဒိန်ချဉ်ပလိန်းကို စားသုံးပေးမယ်ဆိုရင် ခံတွင်းနံ့ဆိုးတာကို သက်သာစေတယ်လို့ သိရပါတယ်။
ကယ်လ်စီယမ်လုံလုံလောက်လောက် မရရှိတဲ့ အမျိုးသမီးတွေဟာ ရာသီမလာခင် ခံစားရလေ့ရှိတဲ့ လေးလံထိုင်းမှိုင်းခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေကို ပိုပြီးခံစားရလေ့ရှိပါတယ်။ တစ်နေ့ကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ်စားသုံးပေးမယ်ဆိုရင် ရာသီမလာခင် ခံစားရတဲ့ဝေဒနာတွေကို ၄၀ ရာခိုင်နှုန်းလျော့ကျစေပါတယ်။ ဒါကြောင့် နွားနို့၊ ဒိန်ချဉ်နဲ့ ချိစ်တို့ကို စားသုံးပေးပါ။ သင့်ရဲ့ရာသီစက်ဝန်းကာလမှာ ခေါင်းကိုက်ခြင်းကို ခံစားနေရတယ်ဆိုရင် ဗာဒံစေ့နဲ့ သီဟိုစေ့ကို စားပေးပါ။ အစေ့အဆံ လက်တစ်ဆုပ်စာဟာ တစ်နေ့တာအတွက် လိုအပ်နေတဲ့ ဓာတ်သတ္တုပမာဏ ၃၀% ကိုဖြည့်စွက်ပေးပါတယ်။
Green Tea ရဲ့ အကျိုးအာနိသင်ကတော့ အများကြီးပါပဲ။ နောက်ထပ်လေ့လာတွေ့ရှိချက်အရ Green Teaဟာ ဆံပင်သားသန်စွမ်းဖို့အတွက်လည်း အကျိုးပြုပါတယ်။ ဆံပင်သားကို ကျုံ့ဝင်ကာ သေးမျှင်စေတဲ့ ထုတ်လုပ်မှုကို လက်ဖက်ရည်မှာ ပါဝင်တဲ့ ကဖင်းဓာတ်က နှေးကွေးစေနိုင်တယ်လို့ သိရပါတယ်။ ဆံပင်သားခြောက်သွေ့ခြင်း၊ ကျွတ်ခြင်းနဲ့ ဗောက်ထခြင်းတွေဟာ လုံလောက်တဲ့ Zinc ပမာဏမရှိလို့ ဖြစ်တာကြောင့် ဒိန်ချဉ်၊ စားတော်ပဲနဲ့ ရွှေဖရုံသီးစေ့လို Zinc ဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို ထည့်သွင်းစားသုံးပေးပါ။
သုတေသနပြုမှုတွေအရ ပန်းဂေါ်ဖီစိမ်းမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ်ဓာတ် လုံလောက်စွာ ပါဝင်တာမို့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေပြီး ကယ်လ်စီယမ်နဲ့ ဗီတာမင်ကေဓာတ်မြင့်မားစွာ ပါဝင်တာမို့လည်း အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။
လေ့လာသူတွေရဲ့ အဆိုအရ ခရမ်းချဉ်သီးဟာ အသီးအနှံတွေထဲမှာ ကျန်းမာရေးအတွက် ပေါ်ပြူလာအဖြစ်ဆုံးပါပဲ။ လိုင်ကိုဆင်းဓာတ် အပြည့်အဝပါလို့ ကင်ဆာရောဂါကို ကာကွယ်ဖို့ အထိရောက်ဆုံးပါ။ ဗီတာမင်စီလည်း ကြွယ်ဝပါတယ်။ သတင်းကောင်းကတော့ ခရမ်းချဉ်သီးဟာ ချက်ပြီးစားရင် သူရဲ့ဓာတ်တွေ မပျက်ပြယ်ပါဘူး။ ဒီတော့ ချက်ပဲစားစား အစိမ်းသုပ်တာပဲဖြစ်ဖြစ် ဖျော်ရည်ပဲလုပ်သောက်သောက် ကြိုက်သလို နေ့စဉ်စားဖို့ သင့်ပါတယ်။
Author : ရွှေနန်းစံ, Healthcare Journal, ,vol 8,no 22 (16.6.17)