ဆီးချိုရောဂါဆိုမှတော့ သွေးတွင်းအချိုဓါတ်က ကျတတ်လို့လားဆိုပြီးတော့ စာဖတ်ပရိတ်သတ်တို့ မေးစရာရှိပါလိမ့်မယ်။
ဟုတ်ကဲ့ ဆီးချိုရောဂါသည်တွေမှာ သွေးတွင်းအချိုဓါတ်ကျသွားတဲ့အခြေအနေမျိုးတွေဖြစ်နိုင်ပါတယ်။ဆေးထိုးဆေးသောက်လုပ်နေတဲ့ဆီးချိုဝေဒနာရှင်တွေမှာလည်းဖြစ်နိုင်ပါတယ်။ ဆီးချိုမရှိတဲ့သာမန်လူတွေလည်းတစ်ခါတစ်ရံကျတတ်တယ်။ သို့သော်ဆီးချိုဝေဒနာရှင်တွေကတော့ပိုဖြစ်နိုင်ချေများတယ်။ ဖြစ်ပြီဆိုရင်လည်းစိုးရိမ်ရတယ်။ဘာကြောင့်လဲဆိုတာရယ် ဖြစ်လာရင်ဘယ်လိုသိနိုင်မလဲဆိုတာရယ် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို အောက်မှာဆက်လက်တင်ပြပါမယ်။
သွေးတွင်းအချိုဓာတ်ကျခြင်းကို ဆေးပညာဝေါဟာရအနေဖြင့် Hypoglycaemia လို့ခေါ်ပါတယ်။
ဆီးချိုဝေဒနာရှင်တွေမှာသွေးဖောက်စစ်တဲ့အခါ အကြမ်းအားဖြင့် 3.5mmol/l သို့မဟုတ် 63mg/dlအောက်ရောက်နေတာမျိုးဖြစ်ပါတယ်။
သွေးတွင်းအချိုဓာတ်ကျစေတဲ့အကြောင်းများမှာ ?
- အင်ဆူလင်အများကြီးထိုးမိခြင်း
- ပုံမှန်ထက်နည်းသော သို့မဟုတ်အရမ်းနည်းသော အစားပမာဏကိုစားခြင်း(ဥပမာ ဝိတ်လျှော့လို၍
- အစာနည်းနည်း သို့မဟုတ် လုံးဝမစားခြင်း)
- ပုံမှန်ထက်ပို၍ လေ့ကျင့်ခန်းလုပ်ခြင်း ၊ ပြင်းပြင်းထန်ထန်လုပ်မိခြင်း
- အရက်သောက်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- ဖျားနာခြင်း
- ဆေးကိုအရေပြားအောက် အဆီပြင်ထဲသို့မထိုးမိဘဲ ကြွက်သားထဲသို့ ထိုးမိခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်
သွေးတွင်းအချိုဓာတ်ကျပြီဆိုလျှင် ဘယ်လိုခံစားရမလဲ ?
သိပ်မဆိုးတဲ့အဆင့်နဲ့ တအားဆိုးတဲ့အဆင့်ဆိုပြီးတော့ ၂ပိုင်းခွဲထားပါတယ်။
သိပ်မဆိုးတဲ့အဆင့်မှာဆိုရင်
- အားမရှိသလိုဖြစ်ခြင်း
- ကတုန်ကယင် ဖြစ်ခြင်း
- ဗိုက်အရမ်းဆာလောင်ခြင်း
- ချွေးစေးများအထွက်လွန်ခြင်း
- ရင်တုန်ခြင်း ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်း
- အာရုံစူးစိုက်မရခြင်း စတာတွေဖြစ်နိုင်ပါတယ်။
သိပ်ဆိုးတဲ့အဆင့် တအားအချိုဓါတ်ကျသွားပြီဆိုရင်
- ဘာမှစားလို့သောက်လို့မရတော့တာ
- တက်တာ(seizure)
- သတိလစ်သွားတာထိဖြစ်နိုင်ပါတယ် ။
သွေးတွင်းအချိုဓာတ်ကျခြင်း သည် သွေးတွင်းအချိုဓာတ်တက်ခြင်းထက် ဖြစ်ပွားမှုနှုန်းနည်းသော်လည်း ယင်းသည် မိနစ်ပိုင်းအတွင်း အန္တရာယ် ပေးတတ်သောကြောင့် ဖြစ်ပြီဆိုလျှင် အောက်ပါအချက်များကိုချက်ချင်းလုပ်ပါ။
သကြားဓာတ်ပါသောသကြားလုံးများ(ဒီဘက်ခေတ်မှာသကြားဓာတ်မပါတဲ့သကြားလုံးတွေလည်းရှိလို့ပါ) ၊ဂလူးကို့စ်ဆေးပြားများနှင့် ဖျော်ရည်များကို အမြန်ဆုံးစားသောက်ခြင်းများလုပ်ပါ။ ထိုသို့ပြုလုပ် ပြီးနောက် ၅မိနစ် ၁၀မိနစ်အတွင်းမှာပင် နေလို့ကောင်းပါလိမ့်မည်။ ထိုအခါအချိန်မဆွဲဘဲ စားစရာတစ်ခုခုကိုစားသုံးပေးပါ။
သိပ်ဆိုးတဲ့အဆင့် မှာဆိုရင်တော့ အပေါ်ကပြောထားတာတွေ လုပ်ဖို့မဖြစ်နိုင်ပါဘူး ။ဘာလို့လဲဆိုတော့ လူနာကိုယ်တိုင်က မစားနိုင် မသောက်နိုင်ဘဲ သတိလစ်တဲ့အနေအထားမို့ပါ။ ဒါဆိုဘယ်လိုလုပ်ရမလဲ။
ဒီအခြေအနေကျ မစားနိုင်တဲ့အတွက် တစ်စုံတစ်ယောက်ကလူနာကို glucagon ဆိုတဲ့ထိုးဆေးကိုထိုးပေးဖို့လိုပါတယ်။
ဒီလိုလုပ်ဖို့အတွက်က အစကတည်းက မိမိရဲ့ဆီးချိုကုဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်ညွန်ကြားတဲ့ပမာဏအတိုင်း အရေးပေါ်ဆေးဗူးထဲမှာ glucagon ထိုးဆေးဆောင်ထားဖို့လိုပါတယ်။နောက်ပြီးဆီးချိုလက်ထိပ်ဖောက်စစ်တဲ့စက်လည်းဆောင်ထားဖို့လိုပါတယ်။
ဒါကြောင့်သင်ကဒီလိုအခြေအနေမျိုးအတွက်စိုးရိမ်တယ်ဆိုရင် အိမ်မှာဆိုသင့်မိသားစု ၊အပြင်မှာဆိုသင့်သူငယ်ချင်း သင်နဲ့လုပ်ဖော်ကိုင်ဖက်တွေကို အကျိုးအကြောင်းပြောပြပြီး အဲ့အခြေအနေဖြစ်ပါက သင့်ကိုဆီးချိုဖောက်စစ်ပေးဖို့နဲ့စစ်လို့နည်းခဲ့ပါက ထိုးဆေးကိုထိုးပေးဖို့ထိုးနည်းသင်ပေးထားဖို့လိုပါတယ်။နောက်တစ်ချက်က ဆေးထိုးပြီးရင်ဖြစ်စေ သို့မဟုတ် အရေးပေါ်ထိုးဆေးမပါလာရင်ဖြစ်စေ ဆေးရုံကိုချက်ချင်းပို့ပေးဖို့လည်း မှာထားရပါမယ် ။
နောက်ပြီး ခရီးသွားပါကလည်း မိမိကဆီးချိုဝေဒနာရှင်ဖြစ်ကြောင်း ရေးထားတဲ့လက်ပတ်လေးပတ်သွားဖို့လိုပါမယ်။ဆီးချို လက်ထိပ်ဖောက်စစ်တဲ့စက်လည်း တပါတည်းယူသွားရပါမယ်။ ဆီးချိုဝေဒနာရှင်တွေမှာသွေးသွင်းအချိုဓါတ်ကျတာဟာ မပေါ့ဆသင့်ပါ။အိပ်နေရင်းနဲ့သွေးတွင်းအချိုဓါတ်ကျပြီး နှလုံးခုန်ရပ်ကာ အသက်ထွက်သွားတဲ့ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။
သွေးတွင်းအချိုဓါတ်ဆိုးဆိုးဝါးဝါးမကျသွားအောင်ဘယ်လိုကာကွယ်ရမလဲ
နေ့စဉ် သို့မဟုတ် သင့်ရဲ့ဆီးချိုကုဆရာဝန်က ညွန်ကြာားတဲ့အတိုင်း လက်ထိပ်ဖောက်ပြီး သွေးစစ်ပါ။ အစားသောက်ကိုလည်း ညွန်ကြားထားသလောက် စားပါ။ မိမိသဘောနဲ့စားချင်စိတ်မရှိလို့မစားတာ ဝိတ်လျှော့ဖို့အတွက် လျှော့စားတာမျိုးမလုပ်ပါနဲ့။ သင့်တော်တဲ့လေ့ကျင့်ခန်းလောက်ပဲလုပ်ပါ ။
အဆုံးသတ်အနေနဲ့ပြောလိုတာက ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ဆေးကိုရေရှည်သောက်ရမှာ ပျင်းတယ်။
ဆရာဝန်ချိန်းတိုင်းလာဖို့ရာလည်း လူနာတွေဖက်ကကြည့်ရင် စီးပွားရေး ငွေကြေးအခက်ခဲတွေ ၊ လူမှုရေးကိစ္စတွေနဲ့ ရက်ချိန်းမမှန်တာများတယ်။
သို့သော် ဆီးချိုဆိုတာမျိုးကလည်းဆေးပုံမှန်ထိုးသောက်တာ ၊ပုံမှန်သွေးဖောက်စစ်တာတွေလုပ်ရမည့်အပြင် သွေးတွင်းအချိုဓါတ်တက်တာ ကျတာမျိုးတွေရှိနိုင်တဲ့အတွက် ရက်ချိန်းအတိုင်း ဆီးချိုကုသမားတော်နဲ့ ပြဖို့လည်း လိုကိုလိုပါတယ်။
မြန်မာပြည်သူပြည်သားများ ဆီးချိုကဲ့သို့သော နာတာရှည်ရောဂါများ နှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေလို့ တောင်းဆုပြုရင်း
Author : Dr 528