အာသီးရောင်တယ်ဆိုတာ
အာသီးရောင်ခြင်းဆိုသည်မှာ လည်ချောင်းအတွင်းဘက်ရှိ တစ်ဖက်စီတွင်ရှိသော အဖုလေးနှစ်ဖု ဖြစ်သည်။ ၎င်းတို့သည် ရောဂါများကို ခုခံကာကွယ်မှု ပြုလုပ်ပေးပြီး ခန္ဓာကိုယ်သို့ ရောဂါပိုးများ မဝင်ရောက်နိုင်အောင် ကူညီပေးသည်။ အာသီးကလေးများ ရောဂါပိုးကူးစက်ခံရပါက အာသီးလေးများ နီရဲရောင်ရမ်းလာကာ ထိုအခြေအနေကို အာသီးရောင်ခြင်း ဟုခေါ်ဆိုသည်။
အာသီးရောင်ခြင်းသည် မည်သည့်အသက်အရွယ်မဆို ဖြစ်ပွားနိုင်၍ အဓိကအားဖြင့် ကလေးငယ်များတွင် အများဆုံး တွေ့ရတတ်သည်။ လေးနှစ်မှ ၁၂ နှစ်အရွယ် ကလေးများတွင် အာသီးရောင်ခြင်း အများဆုံးဖြစ်သည်။ ကူးစက်တတ်သော ရောဂါဖြစ်ပြီး အဓိကအားဖြင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတတ်ကာ Strep ဘက်တီးရီးယားမှာ အဖြစ်များဆုံး ဖြစ်သည်။ ရောဂါရှာဖွေရ လွယ်ကူပြီး လက္ခဏာများမှာ (၇) ရက်မှ (၁၀) ရက်အတွင်း ပျောက်ကင်းသက်သာလေ့ရှိသည်။
ဖြစ်ပွားစေသော အကြောင်းအရင်း
အာသီးသည် နေမကောင်းမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ သွေးဖြူဥများကို ထုတ်လုပ်ပေးရာတွင် ကူညီပြီးရောဂါပိုးများအား တိုက်ထုတ်ပေးသည်။ ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပြီး Strep ဘတ်တီးရီးယားကြောင့် ဖြစ်ပွားသော အာသီးရောင်ခြင်းမှာ အမေရိကန် မိသားစု သမားတော်များ အကယ်ဒမီ AAFP ၏အဆိုအရ ၁၅ မှ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဗိုင်းရပ်စ်များသည် အာသီးရောင်ခြင်း၏ အဓိက တရားခံဖြစ်သည်။ Epstein Barr ဗိုင်းရပ်စ်သည် အာသီးရောင်ခြင်းဖြစ်စေကာ အဖျားနှင့် ဆက်နွယ်၍ သွေးထဲတွင် ပုံမှန်မဟုတ်သော သွေးဖြူဥများစေကာ ရောဂါကို နောက်ဆက်တွဲအဖြစ် ခံစားရနိုင်သည်။ကလေးငယ်များသည် ကျောင်းတွင် တစ်ယောက်နှင့်တစ်ယောက် ဆော့ကစားထိတွေ့သဖြင့် ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများ ထိတွေ့နိုင်သည်။ ထိုမှတစ်ဆင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားများ ကူးစက်ကာ အာသီးရောင်ခြင်းကို ဖြစ်စေနိုင်သည်။
ရောဂါလက္ခဏာများ
အာသီးရောင်ခြင်း အမျိုးအစားများစွာ ရှိပါသည်။ ထိုအထဲမှ အများဆုံး တွေ့ရတတ်သော လက္ခဏာမှာ ပြင်းထန်စွာ အက်ကွဲကွဲအသံဖြစ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်နာခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ အကျိတ်အဖုများ ရောင်ရမ်းခြင်းကြောင့် မေးရိုးနှင့် လည်ပင်းနာခြင်း အာသီးရောင်ခြင်း၊ နီရဲခြင်း၊ အာသီးတွင် အဖြူ (သို့မဟုတ်) အဝါရောင် အစက်ကလေးများ တွေ့ရခြင်း စသည်တို့ အများဆုံးတွေ့ရတတ်သည်။
အလွန်ငယ်ရွယ်သော ကလေးများတွင် ဂနာမငြိမ်ဖြစ်ခြင်း၊ အစားအသောက် နည်းသွားခြင်းနှင့် ပါးစပ်မှ အလွန်အကျွံ သရေကျခြင်းများ တွေ့ရပါက အာသီးရောင်ခြင်း ဖြစ်နိုင်ကြောင်း သတိထားသင့်သည်။ အဓိကအားဖြင့် အာသီးရောင်ခြင်း နှစ်မျိုးရှိသည်။ မကြာခဏ ဖြစ်တတ်သော အာသီးရောင်ခြင်းနှင့် နာတာရှည် အာသီးရောင်ခြင်း တို့ဖြစ်သည်။ မကြခဏ ဖြစ်တတ်သော အာသီးရောင်ခြင်းမှာ တစ်နှစ်အတွင်း ရုတ်တရက် အာသီးရောင်ခြင်း အနည်းဆုံး သုံးကြိမ်ဖြစ်တတ်သည်။ နာတာရှည် အာသီးရောင်ခြင်းမှာ ရုတ်တရက် အာသီးရောင်ခြင်းမှာ ရုတ်တရက် အာသီးရောင်ခြင်းထက် အချိန်ကြာမြင့်စွာ ဖြစ်တတ်ပြီး နာတာရှည် လည်ချောင်းနာခြင်း၊ အသက်ရှူ ခက်ခဲခြင်းနှင့် လည်ပင်းတွင် နာစေနိုင်သော အကျိတ်ကို တွေ့ရတတ်သည်။
အာသီးရောင်ခြင်းကို ရောဂါရှာဖွေခြင်း
အာသီးရောင်ခြင်းသည် အဓိကအားဖြင့် ဆရာဝန်၏ စမ်းသပ်မှုအရ သိရှိနိုင်သည်။ အာသီးရောင်ခြင်း အခြေအနေ ဆိုးဝါးပါက လည်ချောင်းမှ နမူနာ ရယူနိုင်ပြီး ဓာတ်ခွဲခန်းပို့ကာ မည်သည့်ပိုးကြောင့် ဖြစ်ကြောင်း သိရှိကာ ကုသနိုင်ပါသည်။
အာသီးရောင်ခြင်းကို ကုသခြင်း
သာမန်အပျော့စားအာသီးရောင်ခြင်းများသည် ကုသရန် မလိုအပ်ဘဲ ပျောက်ကင်းတတ်ကြသည်။ အထူးသဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော အအေးမိပြီး အာသီးရောင်ခြင်းများသည် သူ့အလိုလို ပျောက်ကင်းသွားလေ့ရှိကြသည်။
ပြင်းထန်သော အာသီးရောင်ခြင်း
များတွင်မူ ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်းနှင့် အာသီးခွဲစိတ်ဖြတ်တောက်ခြင်းများ ပြုလုပ်ရလေ့ရှိသည်။ဘတ်တီးရီးယား အမျိုးအစားပေါ်လိုက်၍ ပဋိဇီဝပိုးသတ်ဆေးများ ရွေးချယ်ကုသပေးရသည်။ အဓိက သတိထားသင့်သည်မှာ ဆရာဝန်မှ ပဋိဇီဝပိုးသတ်ဆေး ပေးသည့်အခါ ညွှန်ကြားထားသောရက် အထိပြည့်အောင် သောက်ပေးရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အချို့လူနာများမှာ ရောဂါလက္ခဏာသက်သာလာသည်နှင့် ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားထားသည့်ရက် အထိမသောက်ဘဲ မိမိသဘောဖြင့် ရပ်ပစ်လိုက်တတ်ကြသည်။ ယင်းမှာ အလွန်အန္တရာယ်များပြီး နောက်ပိုင်း၌ ဆေးယဉ်ပါးခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။
ပဋိဇီဝပိုးသတ်ဆေးပေးခြင်း အပြင် နောက်တစ်နည်းမှာ အာသီးကို ခွဲစိတ်ဖြတ်တောက်ခြင်း ဖြစ်သည်။ အဆိုပါနည်းလမ်းကို မကြာခဏ ဖြစ်တတ်သော အာသီးရောင်ခြင်းနှင့် နာတာရှည် အာသီးရောင်ခြင်းများတွင် အသုံးပြုလေ့ရှိသည်။ ထို့အပြင် အခြားနည်းလမ်းများနှင့် ကုသရာ၌ မပျောက်ကင်းခြင်း၊ နောက်ဆက်တွဲ ပြဿနာများ ရှိလာသော အာသီးရောင်ခြင်းများတွင် အသုံးပြုနိုင်သည်။
လူနာသည် အာသီးရောင်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးခြင်း လက္ခဏာများ ခံစားရပါက ပုလင်းချိတ်ပေးရန် လိုအပ်ပါသည်။ အဖျား ၁၀၃ ဒီဂရီ ဖာရင်ဟိုက် အထက်ရှိပြီး ကြွက်သားနာကျင်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ လည်ချောင်းနာခြင်းသည် နှစ်ရက်ကြာသည်အထိ မပျောက်ကင်းပါက ဆရာဝန်နှင့် ပြသကုသင့်ပါသည်။
နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ
နာတာရှည် အာသီးရောင်သူများတွင် နောက်ဆက်တွဲ ပြဿနာအဖြစ် ညအိပ်နေစဉ် ရုတ်တရက် အသက်ရှူ ရပ်တန့်သွားခြင်းကို ခံစားရနိုင်ပါသည်။ ထို့အပြင် ရောဂါပိုးသည် ပိုမိုဆိုးဝါးကာ အခြားခန္ဓာကိုယ်နေရာများသို့ ပျံ့နှံ့သွားနိုင်သည်။အာသီးသည် ရောဂါပိုးကြောင့် ရောင်ရမ်းခြင်းအပြင် ပြည်တည်ခြင်းများလည်း ဖြစ်လာနိုင်သည်။ ထိုသို့ အာသီး၌ ပြည်တည်ခြင်းဖြစ်လာပါက စုပ်ထုတ်ရခြင်းနှင့် ခွဲစိတ်ဖြတ်တောက်ရခြင်းများ ပြုလုပ်ရလေ့ရှိသည်။ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန် ညွှန်ကြားသည့်ရက်အထိ ဆေးပမာဏပြည့်အောင် မသောက်ပါက ဘက်တီးရီးယားများအား မသေစေနိုင်သည်သာမက နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အဆစ်မြစ်ရောင် အဖျားရောဂါနှင့် ကျောက်ကပ်ရောင်ရောဂါများ ဖြစ်လာစေနိုင်သည်။
အာသီးရောင်ခြင်းကို ကိုယ်တိုင်ကုသနိုင်သည့် နည်းလမ်းများ
ရေများများသောက်ခြင်း၊ လုံလောက်စွာ အနားယူခြင်း၊ တစ်နေ့လျှင် အကြိမ်များများ ဆားရေနွေးဖြင့် ပလုတ်ကျင်းပခြင်း၊ လည်ချောင်းနာ ပျောက်ငုံဆေးများ အသုံးပြုခြင်း၊ မိမိနေထိုင်သောအိပ်ခန်း၊ ရုံးခန်းကို စိုစွတ်အေးမြသော အပူချိန်ထားပေးခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း စသည်တို့ဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါသည်။
ကြိုတင်ကာကွယ်ခြင်း
အာသီးရောင်ခြင်းသည် ကူးစက်တတ်သောကြောင့် ကူးစက်နိုင်သည့် အခြေအနေများကို ကြိုတင်ကာကွယ်ထားသင့်သည်။ ရောဂါပိုးကူးစက်ခံထားရသူများကို ရှောင်ရှားခြင်း၊ လည်ချောင်းနာနေသူများ၊ ချောင်းဆိုးနှာချေသူများနှင့် ထိတွေ့မိပါက လက်ဆေးခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ မကြာခဏ လက်ဆေးသော အကျင့်ထားရှိခြင်း၊ ရေခဲရေ သောက်ခြင်းကို ရှောင်ကြဉ်ခြင်းနှင့် ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်အောင် ပြုမူနေထိုင်သင့်ပါသည်။
Author: Dr. ဖြူစင်, Healthcare Journal ,vol 8,no 19 (26.5.17)