ပုံမှန်ဆီးချိုသွေးချို ကုသမှုနည်းလမ်းတွေအရ သောက်ဆေးထိုးဆေးနဲ့တင် မလုံလောက်ပါဘူး။ သောက်ဆေး၊ ထိုးဆေးများအပြင် ကျန်းမာစေသော အစားအစာများစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ခြင်းတွေကိုလုပ်ပြီး ကိုယ်အလေးချိန် ထိန်းဖို့လိုပါတယ်။
အစာစားသည့်အခါ သတိထားရမည့်အချက်များမှာ အဆီများသော အစားအသောက်များကို မစားပါနဲ့။ ထမင်းကို သင့်တော်ရုံလောက်စားပြီး ဟင်းသီးဟင်းရွက် ၊ အသား၊ ငါးများကို များများစားပေးပါ။ သကြားနဲ့ ပြုလုပ်ထားသော အစားအသောက်များကိုတော့ ရှောင်ပါ။ မဖြစ်မနေ အချိုဓါတ်ပါသော အစားအစာများကို စားသုံးရမည်ဆိုလျှင် ဆီးချိုသကြားကို အသုံးပြုပါ။ အစာကိုစားရမည့်အချိန်မှာ ပုံမှန်စားပါ။ အစားရှောင်တာ၊ အစာမစားဘဲနေတာတွေ လုံးဝမလုပ်ပါနဲ့။ အဆမတန် စားခြင်းကိုရှောင်ပါ။
အရက်သောက်တတ်ပါက လျှော့သောက်ပါ။ အရင်က တစ်ပုလင်းဆို တစ်ဝက်လောက်ပဲသောက်ပါ။ ဆေးလိပ်သောက်တတ်တဲ့လူဆိုရင်တော့ ချက်ချင်းဆေးလိပ် လုံးဝဖြတ်ဖို့လိုပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်အဆမတန် တိုးလာတာမျိူးမဖြစ်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းသည် ဆီးချိုသွေးချိုရောဂါကို ပိုမဆိုးအောင် ထိန်းပေးသည့်နေရာတွင် တော်တော်ကြီးကို အထောက်အကူပေးပါသည်။ နောက်ပြီးနေရထိုင်ရတာလည်း ပိုမိုကောင်းမွန်လာပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သင်ရဲ့သွေးထဲမှာရှိသော အချိုဓါတ်ပမာဏကို ထိန်းညှိပေးခြင်း၊ အင်ဆူလင်ရဲ့အာနိသင်ကို ကောင်းစွာရရှိခြင်း ၊နှလုံးရောဂါ၊ သွေးတိုးနှင့် လေဖြတ်လေငန်းရောဂါများ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံးသုံးကြိမ်ခန့် လုပ်သင့်ပါတယ်။ တစ်ခါလုပ်လျှင် ပျမ်းမျှမိနစ်နှစ်ဆယ်မှ သုံးဆယ်ခန့်လုပ်သင့်ပါတယ်။
ဘယ်လိုလေ့ကျင့်ခန်းမျိူးတွေလုပ်ရမလဲ။ သင်ကြိုက်နှစ်သက်သော ကိုယ်လက်လှုပ်ရှားမှုတွေ ဥပမာ ရေကူးတာ၊ လမ်းလျှောက်တာ၊ ကခုန်တာ၊ တင်းနစ်ရိုက်တာ၊ ခြင်းခတ်တာ၊ ဘောလုံးကန်တာ၊ အိမ်အလုပ်လုပ်တာ စသဖြင့် လုပ်နိုင်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ ကျန်းမာအောင်စားသောက်တာအပြင် ဆီးချိုသွေးချိုဝေဒနာရှင်တွေထပ်လုပ်ရမှာကတော့ ဆီးချိုဟာ နောက်ဆက်တွဲဆိုးကျိုးတွေများတဲ့အတွက် အရေးကြီးတာက သင်ရဲ့မျက်လုံးကို တစ်နှစ်တစ်ခါ မျက်စိဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးမှုခံယူပါ။ သွေးတွင်းအချိုဓါတ်မြင့်တက်နေခြင်းဟာ မျက်ကြည်လွှာနဲ့အမြင်အာရုံကို ထိခိုက်စေနိုင်လို့ပါ။ မျက်လုံးပုံမှန်စစ်ဆေးခြင်းအားဖြင့် ဆီးချိုသွေးချိုဝေဒနာရှင်များဟာ မျက်ကြည်လွှာပျက်စီးမှုရဲ့အစောပိုင်းလက္ခဏများရှိပါက စောစောသိနိုင်ပြီး စောစောကုသမှုခံယူနိုင်ပါတယ်။
နောက်ပြီးဆီးချိုဝေဒနာရှင်များဟာ အနာဖြစ်ရင် အနာကျက်တာကြာနိုင်၊ ပိုးဝင်နိုင်တာတွေရှိတဲ့အတွက် ထိခိုက်နိုင်ခြေများတဲ့မိမိရဲ့ခြေထောက်တွေကို ဂရုစိုက်ဖို့လိုပါတယ်။ တင်းကြပ်နေသောဖိနပ်ကိုစီးတာ သို့မဟုတ် ခြေဗလာနဲ့ အပြင်ထွက်တာမျိူးတွေရှောင်ပါ။ အံဝင်ခွင်ကျဖြစ်တဲ့ဖိနပ်ကိုသာစီးပါ။
နောက်ထပ်ပြောချင်တာက ဆီးချိုရောဂါဝေဒနာရှင်များနှင့် ကားမောင်းခြင်း၊ ဆိုင်ကယ်မောင်းခြင်းပါ။ ဆီးချိုရောဂါရှိသည်နဲ့ ကားမမောင်းသင့် ဆိုင်ကယ်မမောင်းသင့်ဟု မဆိုလိုပါ။ သင်ရဲ့ဆီးချိုသွေးချိုကို ကောင်းကောင်းထိန်းထားနိုင်ပြီး အဆင်ပြေဘေးကင်းနိုင်ပါသည်ဟု သင်ရဲ့ဆီးချိုကုဆရာဝန်ကမှတ်ချက်ပေးလျှင် စက်တပ်ယာဉ်များ မောင်းနှင်နိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ အားလပ်ရက် သို့မဟုတ် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမည်ဆိုပါက အထူးသဖြင့် အင်ဆူလင်ထိုးနေသူများဆိုလျှင် သင့်နှင့်အတူ ဆေးထိုးအပ် အင်ဆူလင်ထိုးဆေး ဆရာဝန်ထောက်ခံစာနဲ့ ဆေးမှတ်တမ်းစာအုပ်တွေကို တစ်ပါတည်းယူသွားဖို့ အကြံပေးလိုပါတယ်။