နှလုံးကြီးတယ်ဆိုတာ
လူနာတစ်ချို့ မှာ စမ်းသပ်ရင်းနဲ့ဖြစ်ဖြစ် ဓာတ်မှန်ရိုက်လိုက်လို့ပဲ တစ်ခါတစ်လေမှာ နှလုံးကြီးနေတာကိုတွေ့ရတတ်ပါတယ်။ နှလုံးကြီးတယ်လို့ပြောလိုက်တဲ့အခါ ဘာကြောင့်နှလုံးကြီးရတာလဲ ဆိုတဲ့ အကြောင်းလေးတွေ သိချင်တတ်ကြတယ်။ နှလုံးကြီးတယ်ဆိုတဲ့အပိုင်းမှာ နှလုံး အခန်းတွေ ကြီးနေတာကြောင့်လည်းဖြစ်နိုင်တယ် နှလုံးကြွက်သားတွေ ကြီးပြီးထူနေတာလည်းဖြစ်နိုင်တယ်။
နှလုံးအခန်းကြီးတာတွေကတော့ များသောအားဖြင့် ဘယ်ဘက်အခြမ်းကြီးတာတွေမှာ ဖြစ်တတ်ပါတယ်။ နှလုံးအဆို့ရှင်တွေ မလုံတာမျိုး ဖြစ်တတ်တဲ့ ရောဂါတချို့မှာ နောက်ဆက်တွဲအနေနဲ့ နှလုံးအခန်းတွေ ကြီးလာတတ်ပါတယ်။ နှလုံးကြွက်သားတွေ ကြီးပြီး ထူလာတာမျိုးတွေက သွေးတိုးကြာနေတဲ့သူတွေ၊ သွေးအားနည်းရောဂါ ရှိသူတွေ မှာလည်း ဖြစ်နိုင်ပါတယ်။ အရက်သောက်တဲ့သူတွေမှာလည်း ဖြစ်နိုင်တယ်။
ကိုယ်ထဲမှာ သံဓာတ်တွေ လိုတာထက်ပိုများနေတဲ့ haemochromatisis ရောဂါမှာလည်း ဖြစ်နိုင်တယ်။ သိုက်ရွက်ဟော်မုန်းများတဲ့အခါမှာလည်းဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးစအချိန်တွေမှာလည်း နှလုံးကြွက်သားကြီးလာနိုင်တယ်။ တချို့ ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း နှလုံးကြီးလာနိုင်ပါတယ်။
နောက်ထပ်တစ်မျိုးကတော့ နှလုံးအခန်းတွေကို ကန့်ထားတဲ့ အလယ်ကြွက်သား ကြီးနေတဲ့အခါမျိုးတွေမှာလည်းဖြစ်တတ်တယ်။ ဒီရောဂါကတော့ အသက်ငယ်ငယ်တွေမှာ ဖြစ်တတ်ပါတယ်။ မျိုးရိုးထဲမှာလည်း ဖြစ်ဖူးထားတဲ့သူတွေရှိတတ်ပါတယ်။ ရုတ်တရက်အသက်ဆုံးနိုင်တဲ့အထိ ဖြစ်စေတတ်ပါတယ်။
နှလုံးကြီးတယ်ဆိုတဲ့ လူနာတွေမှာ ဖြစ်ရတဲ့ ပင်မရောဂါရဲ့ လက္ခဏာတွေ အပြင် အမောမခံနိုင်တာတွေ ဖြစ်လာတတ်တယ်။ တစ်ဖြည်းဖြည်းပိုပိုဆိုးလာတတ်တယ်။ နှလုံးညှစ်အားလည်း သိပ်မကောင်းတတ်ဘူး။ နှလုံးတုန်တာတွေ ခံစားရတတ်တယ်။ တစ်ခါတစ်လေမှာ သွေးပေါင်ပါကျလာတတ်တယ်။ တစ်ချို့ရောဂါတွေမှာဆိုရင် နှလုံးကြီးတာကနေမှတစ်ဆင့် နောက်ဆက်တွဲ အဆုတ်နဲ့ အသည်းတွေမှာပါ ထိခိုက်လာတတ်တယ်။
နှလုံးကြီးတာကတော့ ပြန်မကောင်းပါဘူး။ ဒါပေမယ့် ဖြစ်စေတဲ့ ရောဂါအခံကိုတော့ သေချာကုပေးလို့ရပါတယ်။ ဆေးတွေနဲ့ သေချာထိန်းပေးရပါမယ်။ လိုအပ်သလိုလည်းရက်ချိန်းပြန်ပြရပါမယ်။ နှလုံးအတွက်လိုအပ်တဲ့စစ်ဆေးမှုတွေလည်း လုပ်ပေးပါတယ်။ ကျန်းမာရေးနဲ့သင့်တော်တဲ့ နေထိုင်မှုပုံစံနဲ့ အညီလည်း နေထိုင်ဖို့လိုပါတယ်။
ဆေးလိပ်၊ အရက်၊ ကွမ်း တွေရှောင်ပေးရပါမယ်။ နေ့တိုင်းပုံမှန်လေ့ကျင့်ခန်းလေးလည်း လုပ်ပေးဖို့လိုပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ရှောင်ရပါမယ်။ လေကောင်းလေသန့်လည်းရှူရင်း ဖြည်းဖြည်း ပုံမှန်လမ်းလျှောက်ပေးတာမျိုးက သင့်တော်ပါတယ်။ အစားအသောက်မှာလည်း အဆီအဆိမ့်၊ အငန် ၊အချိုများတာတွေကို ရှောင်ပေးရပါမယ်။ အသီးအရွက် နဲ့ အသီးအနှံတွေ ပိုစားပေးရပါမယ်။ အိပ်ချိန်ပုံမှန်အိပ်ပေးရပါမယ်။ စိတ်ဖိစီးစရာတွေကို အတတ်နိုင်ဆုံးလျှော့ချပစ်ရပါမယ်။
နှလုံးကြီးတာဖြစ်လာတဲ့အခါ စနစ်တကျနဲ့ ထိန်းသိမ်းနေထိုင်သွားမယ် ဆိုရင် နောက်ဆက်တွဲ နှလုံးရောဂါကြီးထိ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရပါတယ်။
Author: Dr. CST