အခုလိုမိုးရာသီမှာ မြန်မာနိုင်ငံအချို့ဒေသတွေမှာ ရေကြီးမူ ရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ထိုအတွက် နောက်ဆက်တွဲရောဂါများကလည်း ဖြစ်ပွားလာပါလိမ့်မယ်။ ရေကြောင့်ကူးစက်ပြန့်ပွားတတ်သောရောဂါများဖြစ်နိုင်သလို အကောင်ကြောင့်လည်း ကူးစက်ပြန့်ပွားတတ်သော ရောဂါများဖြစ်နိုင်ပါတယ်။ ကမ္ဘာတလွှားမှာ ရေကြီးမှု ရေလျှံမူကြောင့် အသက်ဆုံးရှုံးမှုနှုန်းမြင့်မားဆဲ ဖြစ်ပါတယ်။
ရေကြီးမှုကြောင့် လူတို့ရဲ့သန့်ရှင်းရေးစနစ်
ပတ်တန်းကျင်ဂေဟစနစ်ပျက်ဆီးကာ သောက်ရေသုံးရေမသန့်ရှင်းမှုကြောင့် ရေကြောင့်ကူးစက်တတ်သော ရောဂါများဖြစ်ပွားလာနိုင်ပါတယ်။ မသန့်ရှင်းသောရေကို သောက်သုံးခြင်း၊ ထိတွေ့ခြင်းတို့ကြောင့် ရေကြီးပြီး ရက်အနည်းငယ်မျှဖြင့် ရောဂါများဖြစ်ပွားလာနိုင်ပါတယ်။ ဖျားမယ်၊ ဗိုက်နာမယ်၊ ဝမ်းလျောမယ်။ အထူးသဖြင့်ကလးငယ်များမှာ သက်ရောက်မှုများပြီး ရေဓာတ်ခမ်းခြောက်ခြင်း၊ အစာရေဆာ ပြတ်လပ်ခြင်းနှင့် ဆေးဝါးမလုံလောက်မှုတို့ကြောင့် နှစ်စဉ်၅နှစ်အောက်ကလေးငယ်၂သန်းနီးပါး အသက်ဆုံးရှုံးနေရပါတယ်။
ရေကြောင့်ဖြစ်ပွားတတ်သောရောဂါများကတော့
(၁)ဝမ်းပျက်ဝမ်းလျောရောဂါသည် မသန့်ရှင်းသောရေနှင့် အစားအစာများစားသုံးခြင်းကြောင့် ဖြစ်ပွားပါတယ်။ ပိုးကူးစက်ပြီး နှစ်ရက် သုံးရက်ခန့်မှပင် လက္ခာဏာပေါ်ပါတယ်။ ဆန်ဆေးရေကဲ့သို့ ဝမ်းသွားမယ်၊ အန်မယ်။ အလျင်အမြန် ရေဓာတ်ဆုံးရှုံးရျ် သွေးပေါင်ချိန်ကျနိုင်တယ်။ သတိလစ်နိုင်တယ်။ အချိန်နာရီအနည်းငယ်အတွင်း အသက်သေဆုံးနိုင်ပါတယ်။ ဒါကြောင့် အလျင်အမြန်ရေနှင့် ဓာတ်ဆားပြန်လည်ဖြည့်သွင်း ကုသရပါမယ်။
(၂)အသည်းရောင်အသားဝါ အေပိုးကူးစက်ခြင်းကြောင့် အသည်းရောင်မှု ဖြစ်နိုင်ပါတယ်။ ထိုရောဂါသည်လည်း မသန့်ရှင်းသောရေနှင့် အစာအစားများ စားသုံးခြင်းကြောင့် ကူးစက်ပါတယ်။ ပိုးကူးစက်ပြီး၂ပတ်မှတစ်လအတွင်း ရောဂါလက္ခာဏာပြတတ်ပါတယ်။ ရောဂါလက္ခာဏာများကတော့ တုပ်ကွေးကဲ့သို့ဖျားမယ် ၊ အစားအသောက်ပျက်မယ်၊ အန်မယ်၊ အသားဝါမယ်၊ ဝမ်းအရောင်ဖြူမယ်၊ ဆီးအရောင်ရင့်မယ်။ အသားနှင့် မျက်လုံးဝါလာပါမယ်။ ကုသနည်းကတော့ အနားယူရပါမယ်။ အရက်သောက်ခြင်း၊ အဆီအစိမ့်စားခြင်းရှောင်ကျဉ်ရပါမယ်။ နားလည်တတ်ကျွမ်းသောဆရာဝန်နဲ့ စနစ်တကျ ကုသရပါမယ်။ ပြန်လည်ကျန်းမာရန် ၃လမှ ၆လထိကြာတတ်ပါတယ်။
(၃)လက်တိုစပါးရိုဆစ်လို့ခေါ်တဲ့ ရေကြောင့်ကူးစက်ပြီး သေဆုံးမှုနှုန်းရှိတဲ့ရောဂါ လည်းရှိပါသေးတယ်။ တိရစ္ဆာန်(ကြွက်)ရဲ့သေးသည် ရေထဲမှတဆင့် လူဆီ ရောဂါပိုးကူးစက်မှု ပျံ့လာသောကြောင့်ဖြစ်ပါတယ်။ လက္ခာဏာများကတော့ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် အော့အန်ခြင်းတို့ဖြစ်ပါတယ်။
ရေကြီးမူကြောင့် နောက်ဆက်တွဲအနေနဲ့ အကောင်များကြောင့် ဖြစ်ပွားတတ်သောရောဂါများကိုလည်း သတိပြုကြရပါမယ်။ ရေကြီးမှုကြောင့် ရေဝပ်ကျနသောနေရာများတွင် အင်းဆက်များ ပေါက်ပွားမှုကြောင့် ရောဂါများကူးစက်လာနိုင်ပါတယ်။
အထူးသဖြင့် ခြင်ပေါက်ပွားမှုကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါများ ကူးစက်လွယ်လာပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုနှုန်းမြင့်မားရျ် ကလေးငယ်များ သေဆုံးမှုကလည်း မြင့်မားလျက်ရှိပါတယ်။ ဖျားမယ်၊ အနီစက်ထွက်မယ်၊ အညိုရောင်အန်မယ်၊ အမဲရောင်ဝမ်းသွားမယ် ၊သတိလစ်တဲ့ အထိဖြစ်နိုင်တယ်။ ခြင်ကြောင့်လည်း ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်ပါတယ်။
ဘယ်လိုကာကွယ်ကုသရပါမလဲ
ရေကြောင့်ကူးစက်တတ်သော ရောဂါများဖြစ်ပွားပါက သေချာဆေးဝါး ကုသခံယူရပါမယ်။ ရေကြီးရေလျှံမှုဖြစ်ပွားပါက ရောဂါပိုးကာကွယ်နိုင်သောနည်းလမ်းများမှာ
-သန့်ရှင်းသော ရေသန့်သောက်ပါ။
-ရေကိုကျိုချက်သောက်ပါ။
-ကလိုရင်းခတ်ထားသောရေကိုသုံးပါ။
-လက်ကိုဆပ်ပြာနဲ့စင်ကြယ်စွာဆေးပါ။
-မသန့်ရှင်းသောအစာအစားများမစားပါနဲ့။
-ရေကြီးစဉ် မသန့်ရှင်းသောရေနဲ့ထိတွေ့သော အဝတ်အစား၊ အသုံးအဆောင်များ သေချာပိုးသတ်လျော်ဖွတ်ပါ။
-ရေအောင်းနေသောနေရာတွေကို မြေဖို့ပါ။
-အသည်းရောင်အသားဝါအေပိုးအတွက် ကာကွယ်ဆေးထိုးထားပါ။
-ခြင်မပေါက်ပွားအောင် ဖုံး သွန် လဲ စစ်လုပ်ပါ။
-လေဝင် လေထွက်ကောင်းအောင် ပြတင်းပေါက်များဖွင့်ထားပါ။
-ကလေးငယ်များအိပ်ရင် ခြင်ထောင်ထောင်သိပ်ပါ။
-ရေမြောင်းများ ရေသွားရေလာကောင်းအောင် ပြုလုပ်ပါ။
-အိမ်သာများစနစ်တကျဆောက်လုပ်ပါ။
အထက်ပါအတိုင်းပြုလုပ်ခြင်းဖြင့် ရေကြီးရေလျှံမှုကြောင့် ဖြစ်သောရောဂါနောက်ဆက်တွဲ အန္တရာယ်ကို ကြိုတင်ကာကွယ် ကြပါစို့ ဟု တိုက်တွန်းအပ်ပါတယ်။
Author : Dr. ပြည့်ရှင်း