Belching
မြန်မာလိုတော့ လေတက်ခြင်း လို့ခေါ်ပါတယ်။ ကလေးလူကြီး ကျား ၊မ မရွေး လူတိုင်းလိုလိုလေတက်ကြပါတယ်။ မွေးကင်းစ နို့စို့ကလေးတွေဆိုရင် နို့တိုက်ပြီးပါက ပခုံးပေါ်မှာချီပြီး လမ်းလျှောက်ရင်း ကလေးကျောလေးကိုလက်ဖြင့်သပ်ကာ လေတက်အောင်လုပ်ပေးရပါတယ်။ လေမတက်ရင်အနေခက်မှာဆိုးလို့ပါ။
ဘာဖြစ်လို့လေတက်ရတာလဲ။
လူတိုင်းရဲ့အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ လေနဲ့အခြားဓါတ်ငွေ့တွေဟာ ပမာဏာအနည်းငယ်လောက်တော့ ပုံမှန်လို ရှိတတ်ကြပါတယ်။ သို့သော် ကျွန်တော်တို့အစာစားတဲ့အခါ အရည်တစ်ခုခုသောက်တဲ့အခါ (ပိုက်နဲ့စုပ်သောက်တဲ့အခါ) စကားပြောတဲ့အခါစတဲ့အခြေအနေတွေမှာ ကျွန်တော်တို့ရဲ့အစာအိမ်နဲ့ အူလမ်းကြောင်းထဲကိုပြင်ပကနေ လေပမာဏာများစွာဝင်ရောက်ပါတယ်။ ထိုအခါမှာ ပုံမှန်ရှိသင့်တာထက်များနေတဲ့လေတွေကို အပြင်ကိုပြန်ထုတ်ဖို့လုပ်ရပါတယ်။ မဟုတ်ရင် လေထိုးလေနာလေအောင့်စတာတွေဖြစ်လာနိုင်လို့ပါ။ အပြင်ကိုပြန်ထုတ်တဲ့နေရာမှာ အကြမ်းအားဖြင့် လေတက်တာ နဲ့ လေလည်တာ(အီးပေါက်တာ) ဆိုပြီးနည်း၂မျိုးနဲ့ထုတ်လေ့ရှိပါတယ်။ လေတက်ခြင်းနဲ့ လေလည်ခြင်းသည် လေကိုထုတ်ပစ်တာခြင်းတူပေမယ့် လားရာခြင်းတော့ကွာတယ်။
လေတက်တယ်ဆိုတာ အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ ပိုနေတဲ့ မလိုအပ်တဲ့ လေတွေကို အစာရေမျိုပြွန်တလျှောက်အထက်သို့တက်စေပြီး ပါးစပ်ကနေတဆင့် အပြင်သို့စွန့်ထုတ်ခြင်းတစ်မျိူးပါပဲ။ လေတက်ရင် “ဂေ့…” “အေ့…” စသဖြင့်အသံထွက်နိုင်ပါတယ်။ အသံထွက်တာကတော့ အစာရေမျိူပြွန်အထက်ပိုင်းမှာရှိတဲ့ အထိန်းဝါရှာလေးတုန်ခါလို့ပါ။ တစ်ခါတစ်လေ တက်တဲ့လေထဲမှာ အနံအသက်တွေပါလာတာမျိူးလည်းရှိပါတယ်။
ဒီလိုမျိုးရေးလို့လေတက်တာဟာကောင်းတယ်လို့ယူဆစရာရှိပါတယ်။ သို့သော် လေတက်တာနဲ့အတူ အနံ့အသက်တစ်ခုခုပါတာ၊ ချဉ်တဲ့အရသာခံစားရတာ၊ အစာမကျေတာ၊ ပျို့ချင်တာ၊ ရင်ခေါင်းနေရာ နာတာတွေပါ တွဲဖြစ်နေရင် အစာအိမ်အနာ(Peptic Ulcer)လား ၊ ဒါမှမဟုတ် Hiatal hernia အစာရေမျိုပြွန် အထက်ကျွံတာလား ၊ သို့မဟုတ် အစာအိမ်အချဉ်ပြန်တာ GERD(Gastroesophageal reflux disease) လားစသဖြင့်သိအောင်စစ်ဆေးဖို့လိုပါတယ်။
အထက်သို့ဆန်သောလေမှန်သမျှ(ဆိုလိုသည်မှာလေတက်တိုင်း)ကောင်းသည်လို့ပြောမရပါ။ တက်တဲ့လေက လေပုပ် လေချဉ်ဖြစ်ရင် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ အာရုံကြာကြာမစိုက်နိုင်ခြင်းစတာတွေဖြစ်လာနိုင်သည်။
အနောက်တိုင်းလူမှုဓလေ့မှာဆိုရင်လည်း အီးပေါက်တာကိုလက်ခံပေမယ့် အနံ့အသက်မရှိသော ရိုးရိုးလေတက်ခြင်းဖြစ်စေကာမူ လူရှေ့သူရှေ့မှာ လေတက်တာဟာ ရိုင်းတယ်လို့သတ်မှတ်ထားပါတယ်။ ဒီတော့ကိုယ်က လေခဏခဏတက်တဲ့သူဖြစ်ရင် လေတက်နည်းအောင် ဘာတွေကိုရှောင်ပြီးဘာတွေကိုလုပ်သင့်လဲ။
အစာစားချိန်မှန်အောင်စားပါ။ အစာစားတဲ့အခါမှာဖြည်းဖြည်းချင်းကြေညက်အောင်ဝါးစားပေးပါ။ အစာစားရင်စကားမပြောပါနဲ့။ Carbonated drinks ကာဗွန်ပါနေတဲ့ သောက်စရာမျိုးသောက်ရင် ချက်ချင်းလေတက်နိုင်ပါတယ်။ (ဥပမာ ဘီယာ၊ ရှိန်ပိန်၊ အချိုရည်) ကိုယ်က လေတက်တတ်သူဖြစ်ရင် အဲ့ဒါတွေမသောက်ပါနဲ့။ နောက် သံဘူး သို့မဟုတ် ပုလင်းထဲကအရည်တစ်မျိူးမျိူးကိုသောက်တဲ့အခါမှာ ခွက်နဲ့ထည့်သောက်ပါ။ ဘူးလိုက် ပုလင်းလိုက်မော့သောက်ခြင်း သို့မဟုတ် ဘူးထဲကနေ၊ ပုလင်းထဲကနေတဆင့် ပိုက်နဲ့စုပ်သောက်ခြင်းကိုရှောင်ပါ။ Chew gum (ပီကေ)ဝါးတာမျိူးကိုမလုပ်ပါနဲ့။
ဘီယာ၊ ရေခဲမုန့်၊ နို့ဖျော်ရည်၊ ကြက်ဥမွှေ နှင့် မွထားသော ကရင်မ်ပါသည့် အစားအစာများကို ရှောင်ပါ။ တချို့သူများသည် လေမျိုခြင်း၊ တံတွေးမျို ခြင်းကိုအကျင့်တစ်ခုအနေနဲ့ခဏခဏ ပြုလုပ်တတ်ကြသည်။ ထိုသူတို့မှာ အစဉ်လေတက်၍ နေတတ်သည်။ ထို့ကြောင့်မိမိတွင်အဲ့အကျင့်ရှိပါက သတိအသိဖြင့် တတ်နိုင်သလောက်ထိန်းဖို့လိုပါသည်။
လေခဏခဏတက်သောသူများအတွက် ဆေးအနေနဲ့ကတော့ အလွယ်တကူသက်သက်သာသာဝယ်ယူနိုင်ပြီး စီမီသီကုန်း( simethicone) ပါဝင်သောဆေးများကို သောက်သုံးနိုင်ပါသည်။ ယင်းတို့မှာ simethicone ပါတဲ့အတွက် အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာရှိတဲ့ ပိုနေသော လေတွေကိုစုစည်းပြီး ခန္ဓာကိုယ်အပြင်ကို မြန်မြန်ထွက်စေနိုင်ပါတယ်။
Author : Dr. 528