အရိုးအတက်ထွက်ခြင်းဆိုတာ နဂိုရှိထားတဲ့ အရိုးလေးတွေမှာ Degeneration ဝင်ပြီး ပုံစံပြောင်းသလိုဖြစ်တာတွေကြောင့် ဘေးတွေမှာ အချွန်ပုံစံလေးတွေ ဖြစ်လာတာပါ။ အရိုးအတက်က နေရာတိုင်းမှာဖြစ်နိုင်တယ်။ ကျောရိုးတလျှောက်မှာလည်းဖြစ်နိုင်တယ်။ ခြေဖနောင့်မှာလည်းဖြစ်နိုင်တယ်။
စာကြည့်များတဲ့သူတွေ ခေါင်းငုံ့ပြီး အလုပ်လုပ်ရတဲ့သူတွေ၊ ခါးအညောင်းထိုင်ရတဲ့သူတွေ၊ အလေးအပင်မရတဲ့သူတွေ၊ မတ်တပ်အကြာကြီးရပ်ရတဲ့သူတွေ မှာ ပိုပြီးဖြစ်နိုင်တယ်။ အသက်ကြီးလာတာနဲ့အမျှလည်း အရိုးတွေမှာ degeneration လို့ခေါ်တဲ့ သိပ်သည်းဆတွေ နည်းလာတဲ့ ဖြစ်စဉ်တွေ နည်းလာတတ်တယ်။ ဒါမျိုးတွေမှာလည်း အရိုးအတက်ထွက်တာတွေ ကြုံနိုင်တယ်။
အရိုးအတက်ထွက်တာက ကျောရိုးတွေမှာဖြစ်တော့ ဘေးကသွားနေတဲ့ အာရုံကြောတွေကို ထောက်မိတာတွေဖြစ်တတ်တယ်။ အဲ့ဒီအခါမှာ ထုံကျင်တာတွေ၊ လှုပ်ရှားမှုအားနည်းတာတွေ ဖြစ်တတ်တယ်။ အရိုးတွေမှာ degeneration ဖြစ်တာများလာတာနဲ့အမျှ အရိုးတွေပါပုံပြောင်းတာတွေ၊ အရိုးကြားနေရာကျဉ်းလာတာတွေ ဖြစ်လာတတ်တယ်။ အဲလိုအခါတွေမှာ အရိုးကျီးပေါင်းဖြစ်တယ်လို့ပြောကြတယ်။
ဖြစ်လာပြီဆို ပြန်ပျောက်အောင်ကုပေးလို့မရပါဘူး။ ပိုမဆိုးအောင်ပဲ ထိန်းပေးလို့ရပါတယ်။ အရိုးအတက်လေးတွေက အာရုံကြောတွေကို တောက်လျှောက်ထောက်ထားမိတာမျိုးတွေဆိုရင်တော့ တောက်လျှောက်ထုံတာတွေ လှုပ်ရှားမရတာတွေပါ ဖြစ်လာတတ်ပါတယ်။ အဲလိုအခါဆိုရင်တော့ ခွဲစိတ်ဖို့လည်းလိုတတ်ပါတယ်။
ခြေဖနောင့်မှာလည်း တစ်ခါတလေအရိုးအတက်ထွက်တတ်ပါတယ်။ ခြေဖနောင့်မှာဖြစ်ရင်တော့ အာရုံကြောထိတာမျိုးမပါတတ်ဘူး။ မတ်တပ်ရပ်ပါများလာလေ ပိုနာလေဖြစ်တတ်ပါတယ်။ နောက်ပိုင်းတွေ လမ်းလျှောက်တိုင်းပါ နာလာတတ်တယ်။
ကျောရိုးတစ်လျှောက်ဖြစ်ဖြစ်၊ ခြေဖနောင့်ပဲဖြစ်ဖြစ် အရိုးအတက်ထွက်တာတွေကို ဓာတ်မှန်ရိုက်ရင် ကောင်းကောင်းမြင်ရပါတယ်။ အရိုးအတက်ရယ်လို့ စဖြစ်လာပြီဆိုရင် နေရာအလိုက် ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးရတယ်။ ဇက်မှာဖြစ်တယ်ဆိုရင် ဇက်ကို အနားပေးရတယ်။ ဆတ်ခနဲ့ မလှည့်ရဘူး။ ခေါင်းအကြာကြီး မငုံ့ရဘူး။ ခေါင်းကိုအတည့်ပုံစံမှာပဲ ထားပေးရမယ်။ ခေါင်းအုံးလည်း မနိမ့်လွန်း၊ မမြှင့်လွန်းရဘူး။ ဘာကိုပဲကြည့်ကြည့် မျက်စိနဲ့ တစ်တန်းတည်း ထားပေးရမယ်။ လိုအပ်ရင် ကော်လာပတ်တွေ တက်ထားလို့ ရပါတယ်။
ခါးနေရာမှာဖြစ်လာပြီဆိုရင်လည်း ခါးကို ဆတ်ခနဲ့ မလှည့်မိစေဖို့ မချိုးဖို့ လိုပါတယ်။ အကြာကြီးလည်းအညောင်းမထိုင်ရဘူး။ ပက်လက်အိပ်တဲ့ အခါလည်း အနေအထားမှန်ရတယ်။ ထိုင်မယ်ဆိုလည်း မတ်မတ်ပဲ ထိုင်ရပါမယ်။
ခြေဖနောင့်မှာ ဖြစ်တဲ့အခါတော့ မတ်တပ်ရပ်တာ၊ လမ်းလျှာက်တာကို လျှော့ပေးရမှာပါ။ ခြေထောက်ကို ရေနွေးစိမ်တာ၊ ဖိနပ်အပျော့ပဲစီးတာ၊ ဆေလိမ်းတာပဲ လုပ်ပေးလို့ရပါတယ်။ လိုအပ်ရင် အကိုက်အခဲပျောက်ဆေး သောက်ဆေးပါ သောက်ရတတ်ပါတယ်။
ဘယ်လိုမှမသက်သာဘူးဆိုရင် ကျောရိုးတစ်လျှောက်ပဲဖြစ်ဖြစ် ခြေဖနောင့်ပဲဖြစ်ဖြစ်တော့ အရိုးဆရာဝန်ပါ ဆက်ပြရပါလိမ့်မယ်။
Author : Dr. CST