နုပျိုလှပစေဖို့အတွက် အာဟာရဓာတ်ပြည့်ဝစွာ စားသောက်ဖို့လိုအပ်ပါတယ်။ အာဟာရဓာတ်ဟာ ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေတဲ့အပြင် အခြားစွမ်းအင် ဓာတ်တွေအများကြီး ပါပါသေးတယ်။။ စိတ်ဖိစီးမှုသောကတွေ၊ ရက်လွန်အစားအစာတွေ၊ အဆိပ်အတောက်တွေ၊ အာဟာရဓာတ်မပြည့်တဲ့ အစားအစာတွေ စတာတွေဟာ အိုမင်းရင့်ရော်မှုကို ပိုဖြစ်စေပါတယ်။ အသားအရေ နုပျိုလန်းဆန်း စေဖို့အတွက် ဓာတုပစ္စည်းတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။ နောက်ပြီး လုံလောက်စွာ အိပ်စက်အနားယူရမယ်။ ကာယလေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။ ဒါ့အပြင် နောက်ထပ်စားသောက်ရမယ့်၊ ရှောင်ကြဉ်ရမယ့် အရာတွေ၊ ရွေးချယ် အသုံးပြုရမယ့် အလှပြင်ပစ္စည်းတွေ စတာတွေကိုလည်း အောက်မှာထပ်ပြီး ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေများများသောက်ပါ။
ရေဓာတ်နည်းနည်းခမ်းခြောက်ရုံနဲ့ သင့်ခန္ဓာကိုယ် အသားအရေဟာ မကြည်မလင် ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါအပြင် ရေဓာတ်ခမ်းခြောက်တဲ့အခါ အသားပတ်မယ်။ အသားအရေ လျော့တိလျော့ရဲ ဖြစ်လာမယ် စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အသားအရေ လှပဖို့အတွက် ရေများများ သောက်ပေးစေချင်ပါတယ်။
၂။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါတဲ့ အစားအစာ များများစားပါ။
ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါတဲ့ အစားအစာဟာ ခန္ဓာကိုယ်အတွက် အကောင်းဆုံးပါပဲ။ အင်တီအောက်ဆီးဒင့် (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဓာတ်ဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ် ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ အရေပြား ရောင်ရမ်းမှုတွေကို လျှော့ချပေးပါတယ်။ အရေပြားရောင်ရမ်းမှုကနေ ပါးရေတွန့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ဝက်ခြံထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နုပျိုလှပစေဖို့၊ အသားအရေ လှပစေဖို့အတွက် အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအစာတွေကို စားသောက်ပေးဖို့ လိုအပ်ပါတယ်။
အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအစာ အချို့ကတော့ –
– ဘလူးဘယ်ရီသီး
– ဟင်းနုနယ်
– အနီရောင်ဘယ်ရီသီး
– အခွံမာသီး
– အစေ့အဆန်များ
– စပျစ်သီး
– ချောကလက်အမည်း
(ကိုကိုးမှုန့် ၇၀ ရာခိုင်နှုန်းအထက် ပါဝင်သော ချောကလက်)
– သဘာဝလက်ဖက်ရည် စတာတို့ဖြစ်ပါတယ်။
၃။ အရောင်အသွေး စုံစုံလင်လင် စားသောက်ပါ။
အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို သဘာဝအတိုင်း စားသုံးပေးပါ။ နေ့စဉ် အရောင်အသွေး စုံစုံလင်လင် စားသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ဆဲလ်တွေကို ပျက်စီးစေတဲ့ Free radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၄။ အော်ဂဲနစ်အစားအစာစားပါ။
ဓာတုပစ္စည်းမပါတဲ့ အော်ဂဲနစ် အစားအစာ များများစားပေးပါ။ အော်ဂဲနစ် အစားအစာတွေကို စားသုံးခြင်းအားဖြင့် အိုမင်းမှုကို ဖြစ်စေနိုင်တာ အဆိပ်အတောက်များ(ဓာတုပစ္စည်း)များကို စားသုံးမှု လျော့နည်းစေပါသည်။
၅။ နေရောင်ခြည် ထိတွေ့ခြင်းကို ကန့်သတ်ထားပါ။
နေရောင်ခြည်မှာ ဗီတာမင်ဒီနှင့် အခြားအကျိုးပြုဓာတ်တွေ ပါဝင်နေပါတယ်။ ဒါ့ကြောင့် နေ့စဉ် နေရောင်ခြည်နဲ့ အနည်းငယ်ထိတွေ့ပေးဖို့ လိုပါတယ်။ နေရောင်ခြည်နဲ့ အလွန်အမင်း ထိတွေ့ရင်တော့ အသားအရေပျက်စီးနိုင်ပါတယ်။ နေရောင်ထဲသွားရမယ်ဆိုရင် နေကာမျက်မှန်၊ နေရောင်ကာ ခရင်၊ လက်အိတ်စတဲ့ နေရောင်ကို ကာကွယ်ပေးနိုင်မယ့် ပစ္စည်းတွေသုံးဖို့ မမေ့ပါနဲ့။
၆။ အလှပြင်ပစ္စည်းတွေကို ဆန်းစစ်ပြီးမှ ဝယ်ပါ။
Skin care ထုတ်ကုန် တော်တော်များများမှာ ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ အစိုဓာတ်ထိန်း ခရင် (Moisturizers) တွေ၊ မိတ်ကပ်တွေ ဝယ်တဲ့အခါ ပစ္စည်းနာမည်၊ ပါဝင်တဲ့ အမျိုးအစားတွေ ဒါတွေကို လေ့လာပြီးမှ ဝယ်သင့်ပါတယ်။
၇။ အဆိပ်အတောက်ကင်းတဲ့ Cleansing တွေသုံးပါ။
ဒီအချက်က အလွန်အရေးကြီးပါတယ်။ ဓာတုပစ္စည်း (Chemical) နဲ့ အဆိပ်အတောက်ကင်းတဲ့ Cleansing တွေသုံးဖို့လိုပါတယ်။ အသားအရေက အဲဒီအရာတွေကို စုပ်ယူနိုင်တဲ့အတွက် ဓာတုပစ္စည်းပါဝင်တဲ့ ပစ္စည်းတွေသုံးမိရင် အသားအရေ ပျက်စီးစေနိုင်တာကြောင့်ပါ။
၈။ ကိုယ်ပိုင်သစ်ပင်လေးတွေ စိုက်ပျိုးပါ။
လေကောင်းလေသန့် ရှူပါ။ လေထုညစ်ညမ်းတဲ့ ယနေ့ခေတ်မှာ ကိုယ့်ရဲ့အိမ်မှာ သစ်ပင်လေးတွေ စိုက်ပါ။ အလုပ်မှာရှိတဲ့ ကိုယ့်စားပွဲပေါ်မှာလည်း သစ်ပင်လေးတွေ ပန်းအိုးလေးတွေး တင်ထားပါ။ သစ်ပင်၊ ပန်းပင်လေးတွေဟာ လေကို စစ်ထုတ်ပေးနိုင်ပါတယ်။
၉။ ဗီတာမင်စီ လုံလောက်အောင်စားပါ။
ဗီတာမင်စီဟာ အရေးအကြောင်း ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ အစားအစာအချို့ကတော့ ပန်းသီး၊ လိမ္မော်သီး၊ ဖရဲသီး၊ အာလူူး၊ ခရမ်းချဉ်သီး၊ ငါးအမျိုးမျိုး၊ ကျောက်ဖရုံသီး၊ ဂေါ်ဖီ၊ မှိုစတာတွေပဲ ဖြစ်ပါတယ်။
၁၀။ သကြားမစားပါနဲ့။
သကြားစားသုံးခြင်းကြောင့် အရေပြား အိုမင်းရင့်ရော်နိုင်ပါတယ်။
နောက်ပြီး သကြားဟာ အရေပြားရောင်ရမ်းမှုတွေကို ဖြစ်စေတဲ့အတွက်ကြောင့် ဝက်ခြံထွက်ခြင်း၊ အရေးအကြောင်း ဖြစ်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း စတာတွေကို ဖြစ်စေပါတယ်။
၁၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပါ။
ထောပတ်သီး၊ သံလွင်ဆီ။ အခွံမာသီးနှင့် ငါးအမျိုးမျိုး စတာတွေမှာ ပါဝင်တဲ့ ဖက်တီးအက်ဆစ်ဟာ သွေးစီးဆင်းမှု ကောင်းမွန်စေတဲ့အတွက် အသားအရေကို နုပျိုလန်းဆန်းစေပါတယ်။
၁၂။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပါ။
လေ၊ ရေနှင့် အစားအစာ မသန့်ရှင်းမှုကြောင့် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ ဖြစ်တည်လာပြီး အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ သစ်သီး ဖျော်ရည်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေပါတယ်။ မနက်တိုင်း ရေတစ်ဖန်ခွက်ကို သံပုရာရည် နည်းနည်းထည့်ပြီး သောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
၁၃။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါ။
စိတ်ဖိစီးမှု မြင့်မားခြင်းကလည်း အသားအရေကို သက်ရောက်မှု ရှိပါတယ်။ စိတ်ရှုပ်ထွေးခြင်းကြောင့် အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ကြောင့် စိတ်ရှုပ်ထွေး စိတ်ဖိစီးလာတဲ့အခါ တရားထိုင်ပါ။ ယောဂကျင့်ပါ။ စိတ်ရှုပ်စရာပေးတဲ့သူတွေနဲ့ ဝေးဝေးရှောင်ပါ။ ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဒုက္ခတွေကို သူငယ်ချင်းတွေကို ဖွင့်ပြောပါ။
၁၄။ အိပ်ရေးဝအောင် အိပ်ပါ။
အိပ်နေစဉ်အတွင်းမှာ အရေပြားဟာ ပြန်လည်နုပျိုစေဖို့အတွက် ပြုပြင်ပါတယ်။ ဒါ့ကြောင့် အိပ်စက်ချိန်ပြည့်ဝဖို့၊ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်ပါတယ်။ တစ်ညကို အိပ်စက်ချိန် ရှစ်နာရီ ရှိသင့်ပြီး အဲ့ထက်ပိုပြီးတော့ မအိပ်စက်သင့်ပါဘူး။
၁၅။ လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ချွေးအဖြစ်နဲ့ ပြန်လည်စွန့်ထုတ်နိုင်ပါတယ်။ ဒီလိုစွန့်ထုတ်လိုက်ခြင်းကြောင့် အသားအရေကို ကြည်လင်လန်းဆန်းစေပါတယ်။ နောက်ပြီး ပြုံးဖို့ မမေ့ပါနဲ့။ ပြုံးတာဟာ မျက်နှာအတွက် အကောင်းဆုံး လေ့ကျင့်ခန်းပါ။
အားလုံးပဲ အသားအရေ လှပနုပျို ကြည်လင်လန်းဆန်းနိုင်ကြပါစေ။ နောက်တစ်ပတ်မှာ အသားအရေ လှပစေဖို့ ရွေးချယ်စားသောက်ရမယ့် အစားအစာတွေကို ဆက်လက်ဖော်ပြပေးပါဦးမယ်။
Author: ဖြိုးသူဇာ, Healthcare Journal, vol 8,no 32 (25.8.17)