ကိုယ်ခန္ဓာ အတွင်းအင်္ဂါအစိတ်အပိုင်းတော်တော်များများမှာ ရေအိတ်တည်တယ် ဆိုတာ ကြုံရတတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေရော ဖြစ်နိုင်ပါတယ်။
အသည်း၊ သရက်ရွက်၊ မုန့်ချိုအိတ်၊ ကျောက်ကပ်၊ Adrenal gland လို့ခေါ်တဲ့ ဟော်မုန်းနဲ့ဆိုင်တဲ့ အစိတ်အပိုင်း၊ သားဥအိမ် စတဲ့ ဝမ်းဗိုက်ထဲက အစိတ်အပိုင်းတွေသာ မကဘူး၊ သိုက်ရွက်ဂလင်း ရင်သား စသဖြင့်တွေမှာလည်း ရေအိတ်တည်တတ်ကြပါတယ်။
ရေအိတ်တွေ ဘာကြောင့်ဖြစ်တာလဲ လို့မေးတတ်ကြတယ်။ ရေအိတ်က ဖြစ်တဲ့နေရာပေါ် မူတည်ပြီး အကြောင်းအမျိုးမျိုးရှိပါတယ်။ တချို့တွေကျတော့ အလိုလိုကိုဖြစ်လာတတ်တယ်။ တချို့ကျတော့လည်း ပိုးဝင်လို့ လည်း ဖြစ်တတ်ကြတယ်။ တချို့ကျတော့လည်း ဟော်မုန်းနဲ့ ဆိုင်တတ်ကြတယ်။
တချို့ကျတော့လည်း မွေးရာပါ ရောဂါလေးတွေကြောင့် ရေအိတ်တွေဖြစ်တတ်တယ်။ အင်္ဂါတစ်ခုတည်းမဟုတ်ဘဲ နှစ်ခုသုံးခုလောက်မှာဖြစ်တတ်တယ်။ ကလေးဘဝတည်းကတွေ့တာလည်း ဖြစ်နိုင်တယ်။ အသက်ရလာမှ တခြားတစ်ခုခုကို စစ်ရင်း ရေအိတ်တွေ့တာလည်းဖြစ်နိုင်တယ်။ ရေအိတ်အများစုမှာ ရေအိတ်ရှိတယ်သာပြောပြီး လူနာက ဘာမှမခံစားရတတ်ဘူး။
ဟော်မုန်းနဲ့ဆိုင်တယ်လို့ ပြောတဲ့ ရေအိတ်ကတော့ သားဥအိမ်မှာ ဖြစ်တတ်တဲ့ ရေအိတ်တွေပါ။ အမြဲတော့ ဟော်မုန်းနဲ့ မဆိုင်ဘူး။ ဘယ်လိုအခါ ဟော်မုန်းနဲ့ဆိုင်လဲဆိုရင် သားဥအိမ်နှစ်ဖက်လုံးမှာ ရေအိတ်တွေ များတယ်၊ လူနာမှာ ရာသီသွေးပေါ်တာ မမှန်တတ်ဘူး၊ လတိုင်း မပေါ်တတ်ဘူး၊ အသံသြတာ၊ အလေးချိန်များတာ၊ ကိုယ်မှာ အမွှေးတွေ ပိုများနေတာ တွေမှာပါ။ Polycystic ovarian disease မှာဖြစ်တတ်ပါတယ်။ တစ်လုံး နှစ်လုံးပဲဖြစ်ပြီး တခြားဘာလက္ခဏာမှ မရှိဘူးဆို ရိုးရိုးရေအိတ်လည်းဖြစ်နိုင်တယ်။
Adrenal gland မှာ ရေအိတ်တွေ့တယ်ဆိုရင် လူနာကို ဘာတွေခံစားရလဲ မေးဖို့လိုလာတယ်။ Adrenal gland က ဟော်မုန်းတွေ ထုတ်တဲ့ အစိတ်အပိုင်းတွေထဲကတစ်ခုဖြစ်နေလို့ ဟော်မုန်းအတက်အကျနဲ့ ဆိုင်တဲ့ ရောဂါလက္ခဏာတွေ ရှိ၊ မရှိ သေချာမေးရပါတယ်။ လိုအပ်ရင် သွေးစစ်တာတွေ လုပ်ရပါတယ်။ ဟော်မုန်းတွေနဲ့ မဆိုင်ဘဲ ရိုးရိုးရေအိတ်လည်းဖြစ်နိုင်ပါတယ်။
ကျောက်ကပ်မှာ ရေအိတ်တည်ပြီဆိုလည်း ရေအိတ်ဘယ်နှစ်ခုလဲ၊ ကျောက်ကပ်နှစ်ခုလုံးမှာ ရှိနေတာလား၊ လူနာသွေးပေါင် တခြားဘာတွေဖြစ်လဲ မိသားစုမျိုးရိုးထဲမှာ အလားတူဖြစ်တာတွေရှိ ၊ မရှိ စသဖြင့် အများကြီးလိုက်မေးရပါတယ်။ Polycystic kidney disease ဖြစ်မှာစိုးလို့ပါ။ ရိုးရိုးရေအိတ်တည်တာလည်းဖြစ်နိုင်တယ်။ တချို့တွေမှာ ကျောက်ကပ်နဲ့ အသည်းတွေမှာပဲ ရေအိတ်တည်နေတာမျိုး မွေးရာပါလည်းဖြစ်တတ်ပါတယ်။
တခြားနေရာတွေမှာလည်း ရေအိတ်တွေဖြစ်နိုင်ပါတယ်။ ရေအိတ်တွေ့ပြီဆို အရေးကြီးတာက ရေအိတ်အရွယ်ရော အထဲကအရည်က အကြည်လား ပြည်လား သွေးလား စတာရော သိထားနိုင်ဖို့ လိုပါတယ်။ ရေအိတ်တွေမှာ တိုင်းလိုက်လို့ ၂ စင်တီမီတာထက် သေးတယ်၊ တခြားလည်းဘာမှမဖြစ်ဘူး အထဲကလည်း အရည်ကြည်ပဲ ဆို ထားလို့ရပါတယ်။ စောင့်ကြည့်လို့ရပါတယ်။
ရေအိတ်က ကြီးတယ်၊ အထဲကလည်း အရည်ကြည်လို့ မသေချာဘူး၊ လူနာကလည်း ရေအိတ်နဲ့ဆိုင်တဲ့ လက္ခဏာ တစ်ခုခုရှိနေတယ်ဆိုရင်တော့ ဒီအတိုင်းထားလို့ မရပါဘူး။ လိုက်စစ်ရပါမယ်။ လိုအပ်ရင် CT တောင် ရိုက်ရတတ်ပါတယ်။
ရေအိတ်ဖြစ်လာတဲ့ အခါ အပေါ်ကပြောတာတွေကိုကြည့်ပြီး ဘယ်လိုကုသရမလဲ ဆိုတာ မတူပါဘူး။ ရိုးရိုးရေအိတ်တွေ ထားလို့ရတယ်၊ စောင့်ကြည့်လို့ရတယ် ဆိုပေမယ့် တချို့အလိုလိုပြန်ပျောက်တယ် ပြန်ပြီးသေးတယ် တချို့ကျတေ့ာ ခွဲမှပဲရပါတယ်။ ရင်သားမှာဖြစ်တတ်တဲ့ အရေအိတ် အလုံးမျိုးဆိုရင်တော့ တချို့လည်း စုပ်ထုတ်တတ်ပါတယ်။ ပြန်တော့ဖြစ်နိုင်ပါတယ်။ တချို့ကျတော့လည်း အပြီးမပျောက်တော့ဘူး။ ခွဲဖို့လည်းမလိုဘူး။ ဒါဆို အာထရာဆောင်းပဲ ၆လ တစ်နှစ် နေတိုင်းပြန်ရိုက်ပြီး အနေအထိုင် ဆင်ခြင်ဖို့မှာတတ်ကြပါတယ်။
အရေးကြီးတဲ့ ရေအိတ်မျိုးဆိုရင်တေ့ာ အချိန်မဆွဲပါဘူး။ လိုအပ်တာတွေစစ်ပြီးတာနဲ့ ခွဲထုတ်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ ရေအိတ်တွေ့တယ်ဆိုတာနဲ့တော့ ကိုယ့်မှာတခြားထူးထူးခြားခြား ခံစားနေရတာတွေ ရှိ၊ မရှိ ဆိုတာရယ် ရေအိတ်နဲ့ပတ်သက်တဲ့ အရွယ်အစားတွေရယ်နဲ့ အတူတူ သက်ဆိုင်ရာ ဆရာဝန်ကိုတော့ တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။
Author : Dr. CST