သဘာဝအတိုင်း လှပနီထွေးသော နှုတ်ခမ်းသားလေးရရှိနိုင်ဖို့
သင်အလှဆုံးပြုံးနိုင်ဖို့ သင့်နှုတ်ခမ်းလေးတွေ သဘာဝအတိုင်း နီထွေးနေဖို့ လိုအပ်ပါတယ်။ ယခုခေတ်အမျိုးသမီးများသာမက အမျိုးသားများပါ နှုတ်ခမ်းလေးတွေ သဘာဝအတိုင်း ပန်းရောင်သန်းနေဖို့ ondr မှာ မေးကြပါတယ်။
သင့်နှုတ်ခမ်းလေးတွေ ခြောက်သွေ့ မည်းညစ်နေရတဲ့ အကြောင်းရင်း အဓိက ဖြစ်ရခြင်းမှာ သင့်နှုတ်ခမ်းသည် သင့်ထင်တာထက်ပို၍ ထိခိုက်လွယ်ပြီ နူးညံ့ပါတယ်။ မျက်နှာအသားအရေထက် ပါးလျပြီး ချွေးဂလင်းများလည်း မရှိသောကြောင့် ပိုမို အစိုဓာတ်ရရှိစေရန် ထိန်းသိမ်းရန် လိုအပ်ပါတယ်။
နှုတ်ခမ်း မည်းညစ်ခြောက်သွေ့ရသောအဓိက အကြောင်းရင်းများမှာ
– ကျန်းမာရေးနဲ့ မညီညွတ်သော နေထိုင်မှုပုံစံ (ဥပမာ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် အစားအသောက်များ)
– ရေဓာတ် ခမ်းခြောက်ခြင်း
– ကဖိန်းဓာတ် အလွန်အကျွံသောက်သုံးခြင်း
– ရက်လွန် နှုတ်ခမ်းနီများ ဆိုးခြင်း
– အရည်အသွေး မမှီသော နှုတ်ခမ်းနီများဆိုးခြင်း
– ညအိပ်ခါနီး မိတ်ကပ်မဖျက်ခြင်း
– သွေးအားနည်းခြင်းနှင့်
– နေလောင်ခံခြင်းနှင့် လေထုညစ်ညမ်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
သင့်နှုတ်ခမ်း သဘာဝအတိုင်း နူးညံ့နီထွေးစေရန် အိမ်သုံးပစ္စည်းဖြင့် ပြုလုပ်ရန် နည်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) သွားပွတ်တံဖြင့် တိုက်ခြင်း
ခြောက်သွေ့မည်းညစ်သော နှုတ်ခမ်းမဖြစ်စေရန် အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းကတော နူးညံသော သွားပွတ်တံဖြင့် ပွတ်တိုက်ပေးပါ။ ပြီးနောက် နှုတ်ခမ်းဆိုးဆေး အဆီလိမ်းပေးပါ။ ညတိုင်းတိုက်ပေးပါက ဆဲလ်အသေများ ဖယ်ရှားပေးပါတယ်။ နူးညံ့သော အဝတ်စဖြင့် ပွတ်တိုက်လည်း ရပါတယ်။ အစိုဓာတ်ရရှိအောင် အဆီလိမ်းပေးပါ။
(၂) သလဲသီးအစေ့
သလဲသီးကို ဖျော်ရည်လုပ်ခြင်းဖြင့် အာဟာရပြည့်ဝသော ဖျော်ရည်ရရှိပါတယ်။ ကျန်ရှိသော အစေ့များကိုချေပြီး ခရင်တစ်ခုဖြင့် ရောစပ်ကာ နှုတ်ခမ်းတွင် လိမ်းပါ။ မိနစ်အနည်းငယ်ထားပြီး ရေနှင့်ဆေးချလိုက်ပါက နီထွေးသော နှုတ်ခမ်း ရရှိနိုင်ပါတယ်။ တစ်ပတ် ၂ ကြိမ် ၃ ကြိမ် ပြုလုပ်ပေးပါက ညိုညစ်မှု ပပျောက်လာပါလိမ့်မယ်။
(၃) ပျားရည်နှင့် လိမ္မော်ရည်
ပျားရည်နှင့် လိမ္မော်ရည် ရောစပ်ကာ နှုတ်ခမ်းတွင် သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါက နှုတ်ခမ်းအသား ကြည်လင်စိုစွတ်မှုကို တွေ့ရပါလိမ့်မယ်။
(၄) နှင်းဆီပွင့်ဖတ်များ
နှင်းဆီပွင့်ဖတ် ၅ ဖတ် ၆ ဖတ်ခန့်ကို နွားနို့ထဲတွင် တစ်ညစိမ်ပါ။ နှင်းဆီအဖတ်များကို ချေပြီး နှုတ်ခမ်းတွင်ကပ်ပါ။ ၁၅ မိနစ်ခန့်အကြာတွင် ရေဆေးချလိုက်ပါ။ နေ့စဉ်ပြုလုပ်ပါက နှုတ်ခမ်းအသား သိသာစွာ နီထွေး ပြောင်းလဲလာပါလိမ့်မည်။
(၅) ကိုကိုးနှင့် ချောကလက်
ကိုကိုးနှင့် ချောကလက်ကို အရည်ပျော်အောင် လုပ်ပါ။ ပြီးလျှင် ဗီတာမင်အီးတစ်တောင့် ဖောက်ထည့်ပါ။ အအေးခံကာ နှုတ်ခမ်းတွင် သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့်အကြာတွင် ရေဆေးချလိုက်ပါ။ ထိုအခါ နူးညံ့စိုစွတ်သော နှုတ်ခမ်း တွေ့ရပါလိမ့်မယ်။
(၆) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ကို ဇွန်းနဲ့ခြစ်၍ အုန်းဆီ၊ သံလွင်ဆီနှင့် ရောစပ်ကာ နှုတ်ခမ်းတွင် အမြဲသုတ်လိမ်းပေးပါ။ နေ့စဉ်ပြုလုပ်ပါက လှပသော နှုတ်ခမ်းအရောင် ရရှိစေနိုင်ပါတယ်။
(၇) မုန်လာဥနီဖြင့် ပြုလုပ်သော နှုတ်ခမ်းဆိုးဆေးအဆီ
မုန်လာဥနီအမှုန့်ကို သံလွင်ဆီနှင့်ရောစပ်ကာ နှုတ်ခမ်းတွင် သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့် အကြာရေဆေးချပါ။ နှုတ်ခမ်းအရောင် သဘာဝအတိုင်း နီထွေးလာစေနိုင်ပါတယ်။
(၈) သကြား၊ သံလွင်ဆီ သို့မဟုတ် အုန်းဆီ
သကြားတစ်ဇွန်းနှင့် သံလွင်ဆီမွှေပါ။ ပြီးရင် နှုတ်ခမ်းအပေါ်သို့ သုတ်လိမ်းပါ။ ခဏအကြာ ရေစိုအဝတ်နှင့် ပွတ်လိုက်ပါ။ အပေါ်ယံဆဲလ်သေများ ချေးများ ကျွတ်ပြီး ဆဲလ်အသစ်များ ဖြစ်ပေါ်စေပါတယ်။ တစ်ပတ်တစ်ကြိမ် ချေးချွတ်ပေးခြင်းဖြင့် နှုတ်ခမ်းသားအပေါ်ရှိ ဆဲလ်အသေများ ဖယ်ရှားပေးနိုင်ပါတယ်။
(၉) လိမ္မော်ရည်နှင့် အလှဆီ
လိမ္မော်ရည်တစ်ဇွန်းနှင့် အလှဆီရောစပ်ကာ ရေခဲသေတ္တာထဲတွင် တစ်ပတ်ခန့် စိမ်ထားပါ။ ပြီးနောက် နှုတ်ခမ်းတွင် ဆိုးပေးပါ။ နှုတ်ခမ်းခြောက်သွေ့နေလျှင် နေ့စဉ်ဆိုးပါက အစိုဓာတ်ပြန်လည် ရရှိနိင်ပါလိမ့်မယ်။
(၁၀) နို့နှင့် နနွင်း
နှုတ်ခမ်းသားနီထွေးစေဖို့ နို့အေးနှင့် နနွင်းရောစပ်ကာ ၅ မိနစ် ခန့် နှုတ်ခမ်းတွင် လိမ်းပေးပါ။ ရေနွေးဖြင့် ဆေးချလိုက်ပါက နှုတ်ခမ်းသား ပြန်လည်ကောင်းမွန်စေပါတယ်။
(၁၁) စတော်ဘယ်ရီ
စတော်ဘယ်ရီသီး၊ ပျားရည်နှင့် သံလွင်ဆီပေါင်းစပ်ကာ ၁၀ မိနစ်ခန့် နှုတ်ခမ်းသားကို ပေါင်းတင်ပေးပါ။ ပထမအကြိမ် လုပ်ရုံနဲ့ အံသြဖွယ် နှုတ်ခမ်းသား ရရှိနိုင်ပါလိမ့်မယ်။
(၁၂) တရုတ် နံနံပင်
တရုတ်နံနံပင်ကိုချေပြီး နှုတ်ခမ်းပေါ်တွင် အုပ်ထားပါ။ မိနစ် ၂၀ ခန့် အကြာ ရေဆေးချပါ။ တရုတ်နံနံပင်တွင် အရောင်ကျွတ်စေသော အစွမ်းရှိလို့ မည်းညစ်နေသော နှုတ်ခမ်းအား မူလအတိုင်း ပြန်လည်ရရှိစေနိုင်ပါတယ်။
အထက်ပါ နည်းများကို ရေရှည်ပြုလုပ်ပါက နူးညံ့နီထွေးသော နှုတ်ခမ်းသားများ ပြန်လည်ရရှိနိုင်ပါလိမ့်မယ်။ ဇွဲရှိရှိဖြင့် ပြုလုပ်ရန် မမေ့ပါနဲ့။
Author : Dr. ပြည့်ရှင်း