ဝဲရောဂါဆိုတာဟာ Sarcoptes scabiei လို့ခေါ်တဲ့ ပိုးတစ်မျိုး ကူးစက်ဝင်ရောက်လို့ ဖြစ်တဲ့ အရေပြားရောဂါတစ်ခုပါ။ ဘယ်လိုနည်းတွေနဲ့ ကူးစက်ဝင်ရောက်လည်းဆိုရင် ဝဲရောဂါရှိသူနှင့် အချိန်ကြာမြင့်စွာ အတူတကွ နီးကပ်စွာ နေထိုင်ခြင်း၊ ဝဲရောဂါရှိသူနဲ့ လိင်ဆက်ဆံခြင်းစတဲ့ အချိန်ကြာမြင့်စွာ အရေပြားချင်း ထိတွေ့မှုတွေနဲ့ ကူးစက်ပါတယ်။
ဒါကြောင့် အတူနေ မိသားစုထဲမှာ ဝဲရောဂါဖြစ်ပြီဆိုရင် တစ်အိမ်သားလုံး ကူးစက်ခံရနိုင်ပါတယ်။ ဒီအတွက် ဝဲရောဂါကို ကုသမယ်ဆိုရင် အတူနေမိသားစုကိုပါ ရောဂါလက္ခဏာရှိရှိ ၊ မရှိရှိ တပြိုင်တည်းကုသပေးရပါတယ်။ ဝဲရောဂါသည် ဆင်းရဲချမ်းသာ လူတန်းစားမရွေး၊ ရာသီမရွေး ဖြစ်ပွားနိုင်ပါတယ်။
ဝဲရောဂါရဲ့ လက္ခဏာတွေ အနေနဲ့ကတော့ အနီဖုသေးသေးလေးတွေ၊ သို့မဟုတ် အနီဖုလေးတွေ စုပြီးအနီပြင်တွေ သို့မဟုတ် အရည်ကြည်ဖုသေးသေးလေးတွေကို အဓိကအားဖြင့် လက်ချောင်းကြား၊ ခြေချောင်းကြားမှာ တွေ့ရနိုင်ပါတယ်။ လက်ကောက်ဝတ်အတွင်းဖက်၊ တံတောင်ဆစ်၊ ချိုင်းကြား၊ ရင်သားပတ်လည်၊ အမျိုးသားလိင်တံ၊ ကယ်ပယ်အိတ်၊ ပေါင်၊ တင်ပါးနဲ့ ခြေဖဝါးတွေမှာလည်း တွေ့နိုင်တယ်။
သို့သော် မွေးကင်းစကလေးတွေကလွဲလို့ အနီဖုသေးသေးလေးတွေ၊ သို့မဟုတ် အနီဖုလေးတွေစုပြီး အနီပြင်တွေ သို့မဟုတ် အရည်ကြည်ဖုသေးသေးလေးတွေကို မျက်နှာမှာ တွေ့ရတာ ရှားပါတယ်။
ဝဲဆိုကတည်းက ယားမယ်ဆိုတာ လူတိုင်းနီးပါး သိပြီးသားဖြစ်မှာပါ။ မျက်နှာကလွဲပြီး တစ်ကိုယ်လုံးအနှံ့ ယားယံခြင်းကို ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ အနီဖု၊ အနီပြင်၊ အရည်ကြည်ဖုရှိတဲ့ နေရာရော မရှိတဲ့နေရာတွေပါ ယားနိုင်တယ်။ လူကြားသူကြားမရှောင် ကုတ်ရလောက်အောင်ကို အင်မတန် ယားမယ်။ အထူးသဖြင့် ညဘက်တွေမှာ ယားယံခြင်းက ပိုပြီးပြင်းထန်ပါတယ်။ အရေပြားများပေါ်တွင် ၂ မှ ၁၀ မီလီမီတာအရှည်ရှိ အစင်းများ ကိုလည်း တွေ့ရနိုင်ပါတယ်။
ရောဂါပိုး ဝင်ရောက်ရာကနေ ရောဂါလက္ခဏာပြရန် အချိန်၂ပတ်မှ ၆ပတ်လောက်ထိ ကြာနိုင်သည်။ ဝဲရောဂါကို ဘယ်လိုကုသမလဲ။ ဝဲရောဂါကို ကုမည်ဆိုပါက အထက်မှာပြောခဲ့တဲ့အတိုင်း လောလောဆယ်ဖြစ်နေတဲ့ သူအပြင် ထိုသူနဲ့ အတူနေသော ရောဂါလက္ခဏာ မပြသေးသူများကိုပါ တစ်ခါတည်း တစ်ချိန်တည်း ကုသဖို့ လိုပါတယ်။
5% Permethrin, Malathion, Benzyl benzoate စတဲ့ လိမ်းဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။လည်ပင်းအောက်ကစပြီး တစ်ကိုယ်လုံး နေရာလပ်မကျန် လိမ်းရသည်။ ထိုသို့လိမ်းခြင်းကို နောက်တစ်ပတ်ကြာရင် နောက်တစ်ခါပြန်ပြီး ပထမတစ်ခေါက် လိမ်းခဲ့တဲ့အတိုင်း လည်ပင်းအောက်ကစပြီးတစ်ကိုယ်လုံး နေရာလပ်မကျန် ပြန်လိမ်းရမည်။
လိမ်းဆေးလိမ်းထားစဉ်မှာ ယားတာ သက်သာအောင် ဘာမီတွန်တို့ စီထရီစင်းတို့ စတဲ့ ဆေးများသောက်နိုင်ပါတယ်။ ကုတ်ရာကနေတဆင့် ဘက်တီးရီးယားပိုးဝင်ခဲ့ရင်တော့ ပိုးသတ်ဆေး (Antibiotics) သောက်ဖို့လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဝဲရောဂါခံစားနေရသူနေတဲ့အိမ် သို့မဟုတ် အဆောင်မှာရှိတဲ့ ခြင်ထောင်၊ စောင်၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ အဝတ်အစားစတာတွေ အားလုံးကိုလည်း ၆၀ဒီဂရီစင်တီဂရိတ် အပူချိန်ရှိတဲ့ရေနဲ့ ပြုတ်လျှော်တာတွေပါ လုပ်သင့်ပါတယ်။
Author : Dr. 528