သည်တစ်ပတ် မင်္ဂလာမောင်မယ် ကျန်းမာရေး စကားဝိုင်းမှာ အမျိုးသမီးများ အသားအရေလှပဖို့ နဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။
မောင် – အမျိုးသမီးတွေ အသားအရေလှပစိုပြေ ဝါဝင်းချောမွတ်စေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်ပါသလဲဆရာ။
ဒေါက်တာမင်္ဂလာ – တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်ရေးအတွက် ကိုယ်လက်သန့်စင်မှု ပြုလုပ်ရမယ်။ မျက်နှာနဲ့အသားအရေ အပူငွေ့ကြောင့် ခြောက်ကပ်ခြင်းမဖြစ်စေဖို့ အစိုဓာတ်ဖြည့်တင်းပေးရမယ်။
မယ် – အစိုဓာတ်ဘယ်လိုဖြည့်ထိန်းစေသလဲဆရာ။
ဒေါက်တာမင်္ဂလာ – မျက်နှာ်သစ်ခြင်း၊ ရေပတ်တိုက်ခြင်း၊ အရည်ရွှမ်းသစ်သီးစားသုံးခြင်း၊ ရေအေးမကြာခဏသောက်ခြင်းနည်းနဲ့ အစိုဓာတ်ဖြည့်ထိန်းဖို့လိုပါတယ်။ အသားအရေ ထိခိုက်စေတဲ့ အန္တရာယ်က ဥပမာ – နေရောင်ခြည်ဒဏ်မှ ကာကွယ်ဖို့ အကျီ ၤလက်ရှည်ပွပွ၊ နေရောင်ခံခရင်မ်(သို့) သနပ်ခါးလူးပေးဖို့ လိုပါတယ်။
မောင် – စားသောက်မှုကရောဆရာ။
ဒေါက်တာမင်္ဂလာ – နေ့စဉ်စားသုံးမှု (၇၀ ရာခိုင်နှုန်း) လုံလောက်ဖို့လိုတယ်။ အသားဓာတ်လိုရင် ဖြည့်စွက်စာစားခြင်းက ဗီတာမင်ဖြည့်ဆည်းနိုင်တယ်။ အသားစားသုံးမှု ရှောင်နိုင်သမျှရှောင်ရင် အဆီပြန်မှု၊ အသားကြမ်းမှု နည်းစေတယ်။ အသားဓာတ်အတွက် ပဲအမျိုးမျိုးမှရရှိတဲ့ ဒုတိယတန်းစား ပရိုတိန်း ရရှိယူနိုင်ရမယ်။
မယ် – ချွေးထွက်မှုကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ချွေးပုံမှန်ထွက်ဖို့ နေ့စဉ်နာရီဝက် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်သင့်တယ်။ ချွေးထွက်ပေါက် ပိတ်ဆို့မှု မဖြစ်စေဖို့ ခန္ဓာကိုယ်တစ်နေ့ (၂)ကြိမ် ရေချိုးပေးတာ၊ သန့်စင်ပေးတာလုပ်ရမယ်။
မောင် – အသားအရေ စိုပြည်လှပစေဖို့ ဘာတွေလိုအပ်ပါသလဲဆရာ။
ဒေါက်တာမင်္ဂလာ – အသား၏ကောင်းခြင်း၊ အရေ၏ ကောင်းခြင်းဆိုတာ “မိန်းကလေးတို့ ကောင်းခြင်းငါးဖြာ” မှာ ပါဝင်ပါတယ်။ အရေပြားဆိုင်ရာ လက္ခဏာများကို ယေဘုယျသိထားဖို့လိုတယ်။ လူ့ခန္ဓာကိုယ်အုပ်ဖုံးထားတဲ့ အရေပြားမှာ မွှေးညှင်းပေါက် အစီအရီရှိတယ်။ မွှေးညှင်းပေါက်က မလိုတဲ့ အဆီကို စွန့်ထုတ်တယ်။
မယ် – ဒါဆိုရင် မွှေးညှင်းပေါက်၊ ချွေးပေါက်တွေမပိတ်ဆို့ဖို့ လိုတာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – လိုပါတယ်။ အဆီအညစ်အကြေး စွန့်ထုတ်ရာ အပေါက်ငယ်များမှ ချေးညှော်များ ပိတ်ဆို့ခြင်းအပြင် မိတ်ကပ်စတဲ့ စေးထန်းတဲ့ ဓာတုပစ္စည်းများ ပါဝင်ပတ်သက်တဲ့ အလှကုန်များ လိမ်းခြယ်ခြင်းက ပိတ်ဆို့စေတယ်။
မောင် – စွန့်ထုတ်အဆီအညစ်တို့ ပြင်ပမထွက်ရင်ရော ဆရာ။
ဒေါက်တာမင်္ဂလာ – စွန့်ထုတ်အဆီအညစ်တို့ ပြင်ပမထွက်ရတဲ့အခါ အသားနဲ့ အရေပြားစပ်ကြား ပြန်လည်ခိုအောင်းနေကြပြီး ကာလကြာရင် ဆဲလ်အညစ်အကြေးကတစ်ဆင့် အဖု၊ အကြိတ်၊ အစက်အပြောက်အဖြစ် ပေါ်ထွက်စေနိုင်ပါတယ်။
မယ် – မွှေးညှင်းပေါက် ပိတ်ဆို့ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကရော ဆရာ။
ဒေါက်တာမင်္ဂလာ – မွှေးညှင်းပေါက်ပိတ်ဆို့ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးက ဝက်ခြံပေါက်ခြင်း၊ မှဲ့ခြောက်ထွက်ခြင်း၊ တင်းတိပ်ဖြစ်ခြင်းဆိုတဲ့ အရေပြားရောဂါများဖြစ်တယ်။
မောင် – အသားအရေ စိုပြေလှပစေဖို့ မွှေးညှင်းပေါက် မပိတ်ဆို့ဖို့လိုတာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ မွှေးညှင်းပေါက်မပိတ်ဆို့ဖို့ လိုအပ်လှပါတယ်။
မယ် – မိန်းကလေးတစ်ဦးအတွက် ဘာတွေရှောင်သင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – မိန်းကလေးတစ်ဦးအတွက် အမြဲတစေမျက်နှာကို မိတ်ကပ်ထူထဲအောင်ဖို့ခြင်း၊ နေ့စဉ်ထူပိန်းတဲ့လိမ်းခြယ်မှု မလုပ်ကြဖို့ လိုအပ်ပါတယ်။
မောင် – မျက်နှာအဆီပြန်တာကောင်းသလားဆရာ။
ဒေါက်တာမင်္ဂလာ – မျက်နှာအဆီပြန်ခြင်းဟာ ကောင်းတဲ့လက္ခဏာဖြစ်ပြီး၊ အချိန်မီ ဖယ်ရှားသုတ်သင်ပစ်ဖို့လိုတယ်။ အချို့က မျက်နှာအဆီပြန်မှာကြောက်လို့ အလှကုန်ပစ္စည်းအမျိုးမျိုးဖို့ လိမ်းခြယ်သခြင်းက အချိန်ကြာရင် အဆီထွက်ပေါက်တွေ ပိတ်ဆို့ခံလိုက်ရလို့ ဝက်ခြံလို အဖုအပိမ့် ထွက်လာစေမှာဖြစ်တယ်။
မယ် – အလှကုန်ပစ္စည်းနဲ့ ဓာတ်မတည့်လို့မဟုတ်လားဆရာ။
ဒေါက်တာမင်္ဂလာ – အချို့ မိန်းကလေးတို့က အဖုအပိမ့်များ ထွက်လာတာက အလှကုန်ပစ္စည်းနဲ့ ဓာတ်မတည့်လို့ ယူဆကြတတ်ကြတယ်။ အမှန်က မွှေးညှင်းပေါက် ပိတ်ဆို့ထားလို့ ဖြစ်ပေါ်တဲ့ ပြဿနာဆိုးကျိုးများဖြစ်တယ်။
မောင် – ဒါဆိုရင် အဆီပြန်မှုကို ဘယ်လို ပြေပျောက်စေနိုင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – မျက်နှာကို ရေ (သို့) ရေနွေးငွေ့နဲ့ ညင်သာအောင် သုတ်သင်ခြင်းက အဆီပြန်မှုကို ပြေပျောက်စေတယ်။
မယ် – အမြဲတစေ အဆီမပြန်ဖို့ ဘာတွေ လိုက်နာသင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – အမြဲတစေ အဆီမပြန်ဖို့ နံနက်တိုင်း ရေအေးအေးတစ်ခွက်သောက်ဖို့၊ ဝမ်းမချုပ်စေတဲ့အကျင့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
မောင် – အဆီပြန်ခြင်းနဲ့ မိတ်ကပ်ဖို့ခြင်း မတွဲသင့်ဘူးပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ အဆီပြန်ခြင်းမှာ ချွေးပေါက်ကယိုစိမ့်တဲ့အဆီနဲ့ ပြင်ပက ချေးညှော်၊ ဖုန်၊ အလှကုန်လိမ်းကျံပစ္စည်းများ ရောထွေးပေါင်းစပ်ရင် ချွေးပေါက်တွေ ထပ်မံပိတ်ဆို့ကုန်လို့ မတွဲသင့်ဘူး။
မယ် – ဝက်ခြံပေါက်တာ “ချွေးပေါက်” နည်းလို့ပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – ဝက်ခြံလိုအဖု၊ အကျိတ်နဲ့ အစက်အပြောက်တွေ့ရရင် ချွေးပေါက်ပိတ်နေလို့ ဖြစ်တယ်။ အစိုဓာတ်ပါတဲ့ သနပ်ခါးကျဲကျဲလိမ်းခြင်း၊ သခွားသီးကို အကွင်းလိုက်လှီးဖြတ်ခြင်းမှ ရရှိတဲ့ အအေးဓာတ်နဲ့ဆီများဖယ်ရှားခြင်း၊ ရှားစောင်းလက်ပတ် ဂျယ်ရီနှစ်နဲ့ အအေးဓာတ်ရယူပြီး အဆီဖယ်ရှားခြင်း၊ ကြက်ဥ၊ ဘဲဥအကာရည်လိမ်းချယ်ပေးခြင်းဖြင့် အဆီများဖယ်ရှားခြင်း၊ ချွေးပေါက်များ၊ သဘာဝအတိုင်း ရှင်သန်စေခြင်းတို့ဖြစ်စေပါတယ်။
မောင် – အရေပြားဆိုင်ရာ အကူအညီအချို့ ဖော်ပြပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – မက်မွန်သီးတစ်လုံး၊ နှစ်လုံး၊ ရေနွေးဖျောပြီး အစေ့ထုတ်လို့ကြိတ်ကာ အရည်ညှစ်ယူထားလိုက်ရင် သံပုရာရည်နဲ့ ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ရောမွှေပြီး မိမိခန္ဓာကိုယ် သုတ်လိမ်းပေးရင် အဆီပြန်မှုက ကင်းဝေးပြီး အေးမြတဲ့ အသားအရည်ကို ပိုင်ဆိုင်လာလိမ့်မယ်။
မယ် – သခွားသီး၊ သံပုရာရည်တို့ရော ရနိုင်သလားဆရာ။
ဒေါက်တာမင်္ဂလာ – သခွားသီးကို အစေ့ထုတ်ပြီး အရည်ရအောင်ညှစ်ယူ သံပုရာရည် တစ်ဇွန်းနဲ့ ရေအေးအေးရောစပ်လို့ သမအောင်မွှေပေးပြီးရင် ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန်လိမ်းကျံခြင်းက တောက်ပြောင်စေပြီး အေးမြစေတယ်။
မောင် – ပါးရေတွန့်ခြင်းကရောဆရာ။
ဒေါက်တာမင်္ဂလာ – ပါးရေတွန့်ခြင်းက စိတ်ဖိစီးမှု၊ အသက်ကြီးမှုကိုပြတယ်။ ပြေပျောက်စေတဲ့ နည်းလမ်းများရှိပါတယ်။ ဂေါ်ဖီထုပ် အလယ်ရွက် (၃)ရွက်ကို တဆေးလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည်တစ်ဇွန်း ရောသမမွှေပြီး အရည်ညှစ်ယူကာ ရရှိတဲ့အရည်ကို လိမ်းချယ်ပေးရင်ရပါတယ်။
Author: ဒေါက်တာ မင်္ဂလာ, Healthcare Journal,vol 8, no 37 (29.9.17)