ပိုးကောင်သေးသေးလေး ကိုက်ရာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါတစ်ခု အကြောင်းကို ပြောပြချင်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ အရမ်းအဖြစ်များတဲ့ ရောဂါ တစ်ခုလည်း ဖြစ်ပါတယ်။ Scrub typhus လို့ခေါ်ပါတယ်။
ဒီရောဂါဟာ Orientia tsutsugamushi လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံထားရတဲ့ ပိုးမွှားကောင်လေးတွေ ကိုက်ရင် ဖြစ်တတ်ပါတယ်။ အရှေ့တောင်အာရှရဲ့ ကျေးလက်ဒေသတွေ ခြုံထူတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာလို ပိုးမွှားကောင်တွေ ပေါများတဲ့ နေရာတွေမှာလည်း ဒီရောဂါကို တွေ့ရလေ့ ရှိပါတယ်။
ဒီရောဂါရဲ့ လက္ခဏာတွေကတော့
- ချမ်းတုန်ပြီး ဖျားတာ ( များသောအားဖြင့် အဖျားကြီးတတ်ပါတယ် ၊ ၁၀၂ နှင့် အထက်ဖြစ်တတ်တယ်။ အဖျားတာရှည်တတ်တယ်)
- ခေါင်းကိုက်တာ
- ကိုယ်တွေလက်တွေနာပြီး ကြွက်သားတွေနာကျင်ကိုက်ခဲတာ
- အကျိတ်တွေကြီးနေတာ
- အနီစက်တွေ ထွက်တာတွေ ဖြစ်တတ်ပါတယ်။ ( ပန်းရောင်လို အနီရောင်လို အစက်လေးတွေ ထွက်တတ်တယ်။ ရင်ဘတ်ကနေ စထွက်တတ်တယ်။ လက်တွေခြေတွေကို ပျံ့သွားတတ်တယ်။ ဒါပေမယ့် မျက်နှာတွေ ၊ လက်ဖဝါးခြေဖဝါးတွေမှာ မထွက်တတ်ဘူး)
- သူ့မှာ ထူးခြားတာ တစ်ခုက အကိုက်ခံရတဲ့ နေရာမှာ အနားသားတွေမှာ မဲနေတဲ့ အနာဖေးပုံမျိုး အနာတစ်ခု ရှိနေတတ်ပါတယ်။
- ပျို့အန်တတ်တယ်
- ဗိုက်အောင့်တာတို့ ၊ ဝမ်းသွားတာတို့တွေလည်း ဖြစ်တတ်ပါသေးတယ်။
- ခါးနာတတ်တယ်။ ချောင်းဆိုးတာမျိုးတွေလည်း ရှိတယ်။
- မျက်စိနာတတ်တယ်။
- စိတ်အာရုံထွေပြားတာကနေ သတိလစ်တာ ၊ coma ဝင်သွားတာမျိုးတွေ ထိဖြစ်နိုင်တယ်။
ရောဂါပိုး ကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါ လက္ခဏာတွေကို ခံစားရတတ်တယ်။ ရောဂါလက္ခဏာတွေ ဆိုးဝါးပြင်းထန်ရင် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်တယ်။
ဒီရောဂါကို ရှရှားနိုင်ငံက Primorski Krai မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှ ၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကို ကူးစက်ပျံ့နှံသွားတာဖြစ်တယ်။ လူတွေကို ကူးစက်မှု့အနေနဲ့ကတော့ ဒုတိယကမ္ဘာစစ်လောက်မှာ အကြီးအကျယ် ကူးစက်ခံရပြီး လူသေနှုန်း ၆% ကနေ ၃၅% ကျော်ထိ ရှိခဲ့တယ်။ လူလူချင်း တိုက်ရိုက်ကူးစက်လေ့ မရှိပေမယ့် ပိုးမွှားတစ်ခုခုကနေ တဆင့် ကူးစက်တတ်ပါတယ်။
ဘက်တီးရီးယားပိုး ရှိနေတဲ့ ပိုးမွှားတွေဟာ ကြွက်တွေ ဒါမှမဟုတ် တခြားအင်းဆက်စား သတ္တဝါတွေကို ကူးစက်ရင်းကတဆင့် လူကို ကူးစက်ပျံနှံ့ခြင်း ဖြစ်ပါတယ်။ ကမျဉ်းနီကောင် ကိုက်ခြင်း၊ လယ်ကွင်းထဲက မွှားကောင် ၊ သန်းကောင်တွေနဲ့ ပိုးမွှားတွေ ကိုက်ခြင်းကနေလည်း ကူးစက်ခံရတတ်ပါတယ်။
ဒါကြောင့် လယ်ကွင်းတွေ ကျေးလက်ဒေသတွေကို ခရီးသွားထားတဲ့သူတွေ ၊ ဒီရောဂါ အဖြစ်များတဲ့ ကူးစက်ပျံနှံ့နေတဲ့ နေရာကို ခရီးသွားထားတဲ့ သူတွေမှာ အပြင်းဖျားပြီး အဖျားရက်ရှည်နေရင် မပေါ့သင့်ပါဘူး။ အသက်အန္တရာယ် ရှိနိုင်တဲ့အထိ ပြင်းထန်ဆိုးဝါးတဲ့အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ သွားရောက်ပြသပြီး ဆေးကုသမှု့ ခံယူသင့်ပါတယ်။ ဒီရောဂါ ဟုတ်မဟုတ် သွေးစစ်တာတွေ ၊ အသားစ စစ်ဆေးမှု့တွေ ပြုလုပ်သင့်ပါတယ်။ ပိုးသတ်ဆေးနဲ့ ဒီရောဂါကို ပျောက်ကင်းသက်သာအောင် ကုသလို့ ရပါတယ်။
မကုသဘဲ ထားရင်
- အကြားအာရုံ ဆုံးရှုံးတာ
- ကိုယ်တွင်း အင်္ဂါတွေ ထိခိုက်ပျက်စီးတာ
- ကျောက်ကပ် ပျက်စီးတာ
- သွေးပေါင်ကျတာ
- သတိလစ်တာ ၊ တက်တာတွေထိ ဖြစ်တတ်ပါတယ်။
- ဒါ့အပြင် အသားပုတ်နာတွေလည်း ဖြစ်နိုင်ချေ ရှိပါသေးတယ်။
ကြိုတင် ကာကွယ်ဖို့အတွက် ကာကွယ်ဆေးတွေ ဘာတွေတော့ မရှိသေးပါဘူး။ ချုံနွယ်ပိတ်ပေါင်းတွေ အရမ်းများတဲ့ နေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မဖြစ်မနေသွားရမယ်ဆို အင်းဆက်သတ်ဆေးတွေကို အဝတ်အစားတွေ အရေပြားတွေမှာ လိမ်းကျံတာမျိုးတွေ လုပ်သင့်ကြောင်း တိုက်တွန်းမှာကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ချင်ပါတယ်။
Author : Dr. မေ