ပျိုမေတို့ရဲ့ မျက်နှာလေး ဆွဲဆောင်မှုရှိပြီး လှပနေဖို့ရာ မျက်ဝန်းတစ်စုံရဲ့ အရှိန်အဝါက များစွာ အရေးပါလှပါတယ်။ အကြည့်တစ်ချက်မှာ သက်ဝင်တောက်ပချင်တယ်ဆိုရင် အရေးကြီးဆုံးအချက်က ကျန်းမာတဲ့မျက်လုံးတွေကို ပိုင်ဆိုင်ဖို့ပါပဲ။
မျက်လုံးဟာ မျက်စိမှိတ်ထားတဲ့အချိန်နဲ့ အိပ်ချိန်ကလွဲပြီး အလုပ်လုပ်နေရတဲ့အပြင် ဒီနေ့ခေတ်ရဲ့ နေထိုင်မှုပုံစံအရ ကွန်ပျူတာနဲ့ အလုပ်လုပ်ရတာ ဖုန်း၊ တက်ဘလက်အသုံးပြုလွန်းတာ၊ ဂိမ်းဆော့လွန်းတာ စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ အသုံးပြုတာတွေကြောင့် မျက်လုံးအိမ် ပိုမိုခြောက်သွေ့စေသလို အမြင်ဝေဝါးတာ၊ မျက်ရည်ပူကျတာ၊ မျက်လုံးနဲ့ပတ်သက်တဲ့ အကြောရောဂါတွေအထိပါ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အိပ်ချိန်မလုံလောက်တာ၊ စူးရှတဲ့နေအပူချိန်ထဲမှာ အကာအကွယ်မပါဘဲသွားတာ တစ်ခါတစ်လေ မျက်တောင်ခတ်ဖို့ မေ့လျော့နေတာတွေကြောင့်လည်း မျက်လုံးထိခိုက်နိုင်ပါတယ်။
မျက်လုံးဟာ အင်မတန်နုနယ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အထိခိုက်မခံပါဘူး။ အလှကုန်ပစ္စည်းတွေသုံးရာမှာ မျက်လုံးတဝိုက်ကို ထိခိုက်မှုမရှိရအောင် စနစ်တကျ သုံးစွဲတတ်ဖို့လိုပါတယ်။ အလှကုန်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် မျက်ခွံရောင်ရမ်းတာ၊ မျက်လုံးအောက်ဖက်ညိုလာတာတွေနဲ့ မျက်လုံးပူစပ်ပူလောင်ဖြစ်နိုင်သလို မျက်လုံးအလှပြင်ရာမှာ သုံးစွဲတဲ့ကိရိယာတွေ မသန့်ရှင်းရင်လည်း မျက်လုံးကို ထိခိုက်စေပါတယ်။ ဒါ့ပြင် မျက်ခုံးဆွဲတဲ့အခါ ချွန်ထက်နေတဲ့ ခဲတံလိုင်နာအမျိုးအစားတွေက မျက်လုံးထိခိုက်နာကျင်မှုတွေဖြစ်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။
ရာသီအကူးအပြောင်းမှာ မျက်စိနာတာ၊ မျက်မှေးပါးရောင်တာနဲ့ မျက်လုံးဓာတ်မတည့်တာ ဖြစ်နိုင်သလို ပူလွန်းတဲ့နွေရာသီမှာ မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ မိုးရာသီလို စိုစွတ်တဲ့ရာသီမှာ ပျံ့နှံ့နေတဲ့ ဘက်တီးရီးယားတွေကြောင့် မျက်မှေးပါးရောင်တာ မျက်လုံးနဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါဖြစ်တာတွေကိုလည်း ဂရုပြုရပါမယ်။ စူးရှတဲ့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ မျက်လုံးအတွက် အန္တရာယ်အရမ်းများသလို မိုးရေနဲ့ မသန့်ရှင်းတဲ့ရေတွေ မျက်လုံးထဲဝင်တဲ့အခါမှာလည်း မျက်လုံးကျိန်းစပ်တာ၊ မျက်ရည်ပူကျတာတွေ ဖြစ်စေနိုင်ပါတယ်။
နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေထဲမှာ ဗီတာမင်အေ လုံလုံလောက်လောက်မရရင်လည်း အမြင်အာရုံတွေ ထိခိုက်စေပါတယ်။ နောက်တစ်ချက်က ကွန်ပျူတာ၊ စာအုပ်နဲ့ ဖုန်းစတာတွေမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေကြောင့် မျက်စိထိခိုက်နိုင်သလို စိုစွတ်တဲ့အချိန်မှာ အိမ်တွင်းမှာရှိတဲ့ မှိုတွေကလည်း မျက်လုံးကို ဒုက္ခပေးနိုင်ပါတယ်။ မီးဖိုခန်း၊ ရေချိုးခန်း၊ အမြဲစိုစွတ်ပြီး မသန့်ရှင်းတာ၊ ခေါင်းအုံး၊ အိပ်ရာခင်းတွေ သန့်ရှင်းမှုမရှိတာကြောင့်လည်း ဖြစ်နိုင်သလို၊ မျက်ကပ်မှန် သန့်ရှင်းမှုမရှိတာ၊ အလှပြင်ပစ္စည်းတွေကို အခြားသူတွေနဲ့ ရောနှောသုံးတာ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေတာတွေကြောင့်လည်း မျက်လုံးထိခိုက်နိုင်ပါတယ်။
အကောင်းဆုံးကတော့ အလင်းရောင်အားနည်းတဲ့အချိန်၊ နေမကောင်းဖြစ်တဲ့အချိန်၊ နာလန်ထစအချိန်၊ အားနည်းတဲ့အချိန်တွေမှာ မျက်လုံးအာရုံစိုက်ရတဲ့အလုပ်တွေကို မလုပ်မိစေဖို့ သတိပြုပါ။ကဲ . . . ပျိုမေတို့ မျက်လုံးလေးတွေ ဘယ်လိုအကြောင်းကြောင့် ကျန်းမာမှုမရှိရလဲဆိုတာ လေ့လာမိရင် သတိပြုဆင်ခြင်ပြီး စူးရှတောက်ပတဲ့ မျက်ဝန်းတစ်စုံ ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
Author: ရွှေနန်းစံ, Healthcare Journal, vol 8,no 38,(6.10.17)