လူတစ်ကိုယ်လုံး ဆွဲဆောင်ညှိ့ယူဖမ်းစားနိုင်သောအရာမှာ ကြည်လင်သန့်ရှင်း ဝင်းပရယ်ရွှင်ပြုံး အမူအရာ၊ ချစ်ခင်ကြည်နူး နှစ်သက်လန်းဆန်းစေနိုင်သော မျက်နှာပြင်သာဖြစ်သည်။
မျက်နှာပြင်အနေအထား အများအပြားတွင် ဝိုင်းဝိုင်းစက်စက်၊ မေးချွန်း၊ ပါးရိုးကား၊ ပါးဖောင်း၊ မျက်လုံးမှေး၊ မျက်ပေါက်ကျဉ်း၊ နှာခေါင်းပြား၊ နှာခေါင်းချွန်၊ နှုတ်ခမ်းထော်၊ နှုတ်ခမ်းလန်၊ သွားခေါ၊ သွားကျဲ၊ ပါးစပ်ပြဲ စသည်ဖြင့် လူလူချင်းတွေ့လျှင် မျက်နှာကိုသာ အဆောတလျင် ကြည့်ရှုမှတ်တမ်းတင်ကြသည်။ ချစ်ဖွယ်ကောင်းသည်။ အရုပ်ဆိုး အကျည်းတန်သည်။ အသားမည်းသည်။ ကျက်သရေရှိသည်။ ကြည့်မဝရှုမဆုံးဆိုကြသည်။
အမျိုးသမီးတိုင်းလိုလို မျက်နှာကို အသားပေး အမွှမ်းတင်ခြယ်သမှုအမျိုးမျိုး ပြုလုပ်လာကြသည်။ တချို့က ရိုးရိုးယဉ်ယဉ်၊ တချို့က လွန်လွန်ကဲကဲ ခြယ်သကြသည်။ မည်သို့ဆိုစေ လူတကာ၏ အမြင်တွင် မျက်နှာကို လှပစွဲမက်စေရန်၊ ဆွဲဆောင်မှုရှိစေရန်၊ ပြင်ဆင်ခြယ်သနိုင်ရန် အကြံပြုလိုက်ပါသည်။မျက်နှာပြင်ပေါ်ရှိ အရေပြားများ လျော့တွဲမှုမဖြစ်စေရန် မျက်နှာပြင်ရှိကြွက်သားများ Fical Muscule များက ထိန်းသိမ်းထားကြသည်။
နူးညံ့ညက်ညောအိစက်ရန် အဆီ Fat Globules များက ထိန်းသိမ်းထားကြသည်။ မျက်နှာပြင်ရှိ ချွေးပေါက်များ၊ အဆီဥများ၊ ချွေးဥများ၊ ချွေးပြန်များက ဝင်းပခန့်ထည်စိုပြည်မှုရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးထားသည်။သို့ဖြစ်၍ နူးညံ့သိမ့်မွေ့ အိစက်ညက်ညော စိုပြည်ဝင်းပသော မျက်နှာပြင်ကို ပျက်စီးမှုမှ ကာကွယ်နိုင်ရန်နည်းလမ်းအချို့မှာ –
- မျက်နှာကို တစ်နေ့နှစ်ကြိမ်ခန့် ရေသန့်သန့်နှင့် ဆေးပါ။
- ဆပ်ပြာများသုံးရာတွင် နူးညံ့သောဆပ်ပြာသုံးရန်၊ ကုတ်ခြင်း၊ ဖဲ့ခြင်း၊ အားပါးတရပွတ်တိုက်ခြင်း မလုပ်ရပါ။
- ကြမ်းတမ်းသော ပစ္စည်းများဖြင့် မပွတ်တိုက်ရပါ။
- နူးညံ့ခြောက်သွေ့ သန့်ရှင်းသော မျက်နှာသုတ်ပဝါဖြင့် ညင်သာစွာ သုတ်ရမည်။
- မိတ်ကပ်ပါးပါးလိမ်းနိုင်သည်။ မျက်နှာခရင်မ် လိမ်းနိုင်သည်။
- သနပ်ခါးပါးပါး(သို့မဟုတ်) နေပူထဲထွက်လျှင် သနပ်ခါးထူထူလိမ်းပေးရမည်။
- မျက်နှာပြင် အဆီထွက်ခြင်းသည် သဘာဝအတားအဆီး အကာအကွယ်ဖြစ်၍ ထိုအဆီပေါ်တွင် ဖုန့်မှုန့်များ၊ ဆိုးဆေးများ၊ အရက်ပျံပါသော လိမ်းဆေး အပြင်းစားများလိမ်းခြင်း၊ သုတ်ခြင်း၊ ပွတ်ခြင်း၊ အရာဝတ္ထုနှင့် ခြစ်ခြင်းမလုပ်ရ။
- ချွေးပြန်၊ အဆီပြွန်များပိတ်၍ ရောဂါပိုးဝင်ပြီး သွေးစုများ၊ ဝက်ခြံများဖြစ်လာပါက တတ်ယောင်ကား ရမ်းကုမလုပ်ဘဲ တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကုသပါ။မျက်နှာပြင်ရှိမှဲ့များ၊ အမှတ်များ၊ သာမန်မဟုတ်ဘဲ ကြီးထွားပျံ့ပွားလာပါက အထူးကုဆရာဝန်များနှင့် ပြသဆွေးနွေးပါ။
အမြင်အာရုံသည် လူ့ဘဝအတွက် အထူးအရေးပါသည်။ အမြင်အာရုံချို့ယွင်းပါက လူ့ဘဝတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် မျက်စိကို အထူးဂရုစိုက်သင့်သည်။ ကြည်လဲ့တောက်ပသော မျက်ဝန်းတစ်စုံသည် လူတစ်ယောက်အတွက် အဆွဲဆောင်နိုင်ဆုံး အရာပင်။
- မျက်စိကို ရေသန့်သန့်ဖြင့် ဆေးကြောနိုင်သည်။
- ဆရာဝန်ညွှန်ကြားချက်မရဘဲ တခြားမည်သည့်ဆေးရည်မှ မခတ်ရပါ။
- မျက်စိကို သန့်ပြန့်သော မျက်နှာသုတ်ပဝါ၊ တစ်သျှူး၊ လက်ကိုင်ပဝါများဖြင့် တို့ထိရပါမည်။ ပွတ်တိုက်ခြင်းမပြုရ။
- မျက်တောင်ကော့ဆေး၊ မျက်စဉ်းဆေး၊ မျက်တောင်တု၊ ကာချယ် စသည်သုံးစွဲလျှင် သတိထားရမည်။ Allergic ခေါ် ဓာတ်မတည့်ဖြစ်လျှင် ချက်ချင်းဖြုတ်၍ ရေသန့်ဖြင့်ဆေးကာ ဆရာဝန်နှင့်ပြသရမည်။
- မျက်စိစွန်ခြင်း၊ မျက်တောင်မွှေးစိုက်ခြင်းကိုလည်း ဆရာဝန်နှင့် ပြသကုပါ။
- မျက်ခုံးမွှေး၊ မျက်တောင် စသည်တို့ကို ဆေးများဖြင့် သုံးစွဲရာတွင်လည်းကောင်း၊ ရိတ်ရာတွင်လည်းကောင်း၊ နှုတ်ရာတွင်လည်းကောင်း သတိထားရမည်။
- မျက်ရည်ယိုခြင်း၊ စပ်ခြင်း၊ ယားခြင်း၊ နီရဲနေခြင်း၊ မျက်ရည်ထွက်ခြင်း၊ အောင့်ခြင်း၊ နာခြင်း၊ တိုက်မိခိုက်မိခြင်းတို့ကို မျက်စိအထူးကုနှင့်ပြသပါ။
သွားသည် ငယ်သွားအဖြစ် အသက် ၆ လမှ စတင်ပေါ်ပေါက်ပြီး အသက် ၁၆ နှစ်ကျော်မှ သွားစုံတတ်သည်။
သွားတွင် အလွှာသုံးထပ်ရှိပြီး အပြင်လွှာ Enamel ၊ အလယ်အသားလွှာ Pulp၊ အတွင်းလွှာ Dentine တို့ဖြစ်သည်။ အပြင်ကြွေလွှာသည် တစ်စုံတစ်ခုကြောင့် ပွန်းပဲ့ကြွေပါးသွားပါက အလယ်လွှာနှင့် အတွင်းလွှာတို့ကို ထိခိုက်မိပြီး အစားမစားနိုင်အောင် ကျိန်းစပ်နာကျင်မှုကို ဖြစ်စေသဖြင့် အလွန်အနေရခက်ပေသည်။
သွားတိုက်ရာတွင် သွားပွတ်တံကို ညင်သာပျော့ပျောင်းစွာ အထက်အောက်လှိမ့်၍ ရှင်းထုတ်ရပါမည်။ ကြမ်းတမ်းသော သွားပွတ်တံနှင့် ပြင်းထန်သော သွားတိုက်ဆေးများ၊ အခြားပစ္စည်းများ (ဥပမာ – မီးသွေး၊ ဆပ်ပြာကြမ်း၊ သဲစသည်) တို့ကို မသုံးသင့်ပါ။ မာကျောစူးရှထက်မြက်သော သွားကြားထိုးတံများလည်း မသုံးသင့်ပါ။
နေရောင်ခြည်က ရောဂါပိုးကို သေစေပါသည်။
သို့သော် ပြင်းထန်သောနေရောင်ခြည်သည် သင်၏ မျက်နှာအပါအဝင် ခန္ဓာကိုယ်အရေပြားအလွှာကို ဆိုးဝါးစွာထိခိုက်စေသည်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ မှဲ့ခြောက်၊ တင်းတိပ်ဈ အညိုရောင်နေလောင်ကွက်များ ဖြစ်ပေါ်စေခြင်းနှင့် အဆိုးဆုံးဖြစ်သော အရေပြားကင်ဆာမျိုးအထိ ဖြစ်စေသဖြင့် နံနက် ၁၀ နာရီနှင့် ညနေ ၃ နာရီအတွင်း ရှောင်ကြဉ်သင့်ပေသည်။
နေရောင်ခြည်နှင့် ထိတွေ့မည်ဆိုပါက အဖျားအပြားကြီးသော ဦးထုပ်၊ ထီး၊ နေကာမျက်မှန်၊ အရောင်စုံသော အဝတ်အစား၊ ချည်သားအဝတ်အစားများကို ရွေးချယ်ဝတ်ဆင်သင့်သည်။ နေလောင်ခြင်းဖြစ်ခဲ့ပါက ရေအေးဝတ်ကပ်ပေးခြင်း၊ သနပ်ခါးနှင့် အသားအေးစေသော Lotion မျိုးကိုလိမ်းပေးပါ။ ရေစိမ်ချိုးခြင်းလည်း လုပ်ပေးနိုင်သည်။
“အသားအရေကို ထိန်းသိမ်းတဲ့အနေနဲ့ ရေများများသောက်ဖြစ်ပါတယ်။ မနက်အိပ်ရာထတာနဲ့ မျက်နှာမသစ်ခင်ရေကို ဖန်ခွက် ၂ ခွက်သောက်ဖြစ်ပါတယ်။ ရေများများသောက်တော့ အသားအရေ ညိုသူပဲဖြစ်ဖြစ်၊ ဖြူသူပဲ ဖြစ်ဖြစ် အသားအရေ စိုစိုပြည်ပြည်၊ လှလှပပလေးဖြစ်စေပါတယ်။ နေပူထဲသွားရင် Lotion တွေလိမ်းပေးသင့်ပါတယ်။ ပန်းသီး၊ လိမ္မော်သီးနဲ့ အသားအရေကို အထောက်အကူဖြစ်စေမယ့် အသီးအရွက်တွေကို စားဖြစ်ပါတယ်။ လူတိုင်း အသားအရေကို ဂရုစိုက်၊ ထိန်းသိမ်းသင့်ပါတယ်။ အဓိကကတော့ ရေများများသောက်ဖြစ်တယ်” ဟု အလှမယ် ထားထက်ထက်က အသားအရေ ထိန်းသိမ်းခြင်းကို ပြောပြခဲ့ဖူးသည်။
အသားအရေ ကြည်လင်ဝင်းပသော မျက်နှာအလှပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။
Author: ညီညီကျော်, Healthcare Journal, vol 8, no 44 (17.11.17)