လက်သည်းခြေသည်း မှိုစွဲခြင်း
လက်သည်းခြေသည်း မှိုစွဲခြင်းကို ဆေးပညာလို Onychomycosis လို့ ခေါ်ပါတယ်။ Tinea unguium လို့လည်း ခေါ်ပါတယ်။
အဓိကကတော့ Dermatophyte အုပ်စုဖြစ်တဲ့ Trichophyton rubrum မှိုကြောင့် ဖြစ်တာပါ။ ဒီမှိုအမျိုးအစားအပြင် Candida(Yeasts) နဲ့ Molds တွေကြောင့်လည်း လက်သည်းခြေသည်းတွေမှာ မှိုစွဲတာဖြစ်နိုင်ပါတယ်။
လက်သည်းခြေသည်းမှိုစွဲတာ ဖြစ်နိုင်ခြေများတဲ့သူတွေကတော့
(၁)တစ်ချိန်လုံးနီးပါး စိုထိုင်းတဲ့အရာတွေကို လက်ဗလာနဲ့ ထိတွေ့နေတဲ့သူတွေ( ဥပမာ အိမ်ရှင်မတွေ၊စားသောက်ဆိုင်မှာ ပန်းကန်တွေကို လက်ဗလာနဲ့ ဆေးတဲ့သူတွေ)
(၂)ဖိနပ်မစီးဘဲ လမ်းသွားများတဲ့သူတွေ သို့မဟုတ် ခြေအိတ်၊ လက်အိတ်အမြဲဝတ်ပြီး ရှုးဖိနပ်လို လေဝင်လေထွက်မရှိတဲ့ ဖိနပ် အမြဲစီးနေတဲ့သူတွေ
(၃)ဆီးချိုရောဂါအခံရှိတဲ့သူတွေ
(၄)ကိုယ်ခံအားကျစေတဲ့ရောဂါ (Example- Autoimmune Disease) တစ်ခုခုအခံရှိတဲ့သူတွေ
(၅)တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့သူတွေ
စသဖြင့်ပါ။
လက်သည်း၊ ခြေသည်းကို မှိုစွဲလာရင် အစပိုင်းမှာတော့ ဖြူ-ဝါဝါ အစက်အပျောက်လေးတွေ ဖြစ်လာတာ ဝါကျင့်ကျင့်အရောင် ပြောင်းလာတာ၊ ထူထဲလာတာ၊ ကျွတ်ဆတ်လာတာတွေ ဖြစ်နိုင်ပါတယ်။ အဲ့ကနေမှ ခြေသည်း-လက်သည်း ကြွတက်လာတာ ပဲ့ထွက်တာတွေ ဖြစ်လာမယ်။
မကုဘဲ ဒီအတိုင်းထားရာကနေ တအားဆိုးလာရင် မှိုစွဲတဲ့နေရာတွေက နာလာတာ၊ အနံ့ဆိုးတွေထွက်လာတာတွေပါ ဖြစ်နိုင်ပါတယ်။ တအားဆိုးလာပြီး နာတာ၊ အနံ့ဆိုးတွေထွက်တဲ့ အဆင့်ထိ ဖြစ်တာမျိုးကတော့ရှားပါတယ်။
ခြေသည်းလက်သည်း မှိုစွဲတဲ့အခါမှာ အများအားဖြင့် ကြုံရတဲ့ပြသာနာကတော့ လူမှုဆက်ဆံရေးတို့ ပွဲတို့သွားတဲ့အခါမှာ မိမိကိုယ်မိမိ အားငယ်စိတ်ဝင်ရခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အလှအပကြိုက်တဲ့သူတွေ လက်သည်းမှိုစွဲတဲ့အခါမှာ တော်တော်ဒုက္ခရောက်ပါတယ်။ လက်သည်းမှိုစွဲတာကျ ခြေသည်းမှိုထက် ဖုံးဖိရခက်ပါတယ်။
လက်သည်းခြေသည်းမှိုစွဲတာကိုကုသရာမှာ စားဆေး၊လိမ်းဆေး နှစ်မျိုးဖြင့် ကုသလေ့ရှိပါတယ်။
ရေရှည်အချိန်ယူ ကုသရပါတယ်။
သို့သော် တချို့မှိုသတ်ဆေးတွေက အသည်းကို ထိခိုက်စေတတ်တဲ့ ဆိုးကျိုးတွေရှိတတ်လို့ ဆရာဝန်နဲ့ပြသစစ်ဆေးပြီးမှ ဆရာဝန်က ချင့်ချိန်ညွန်ကြားတဲ့အတိုင်း သောက်သင့်ပါတယ်။ မိမိသဘောနဲ့ မိမိသောက်တာမျိုးတော့ မလုပ်သင့်ပါ။ ဒါကြောင့် လက်သည်းမှို၊ ခြေသည်မှိုဖြစ်ပြီဆိုရင် ကြားဖူးနားဝဆေးများကို လျှောက်မသောက်ဘဲ ဆေးခန်းပြသင့်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ လက်သည်းခြေသည်းမှိုစွဲခြင်း ဖြစ်ပွားနိုင်မှုကို လျော့ကျစေနိုင်တဲ့နည်းလမ်းများကို တင်ပြချင်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ခြေသည်း၊ လက်သည်း ကိုတိုတိုထားပါ။ စိုထိုင်းတဲ့အရာတွေနဲ့ အချိန်ကြာကြာ ရေရှည်ထိတွေ့ကိုင်တွယ်ရတာမျိုးဆိုရင် ရာဘာလက်အိတ် ခြေအိတ်ဖိနပ်သုံးပါ။ ဖိနပ်မပါဘဲ ခြေဗလာနဲ့ လမ်းသွားခြင်းကို ရှောင်ပါ။ လေဝင်လေထွက်ကောင်းသော ဖိနပ်များကိုသာ စီးပါ။ ခြေအိတ်၊ရှုးဖိနပ် စီးလေ့ရှိတဲ့သူတွေဆိုရင် ချွေးစုပ်တဲ့ခြေအိတ်များကို ဝတ်ဆင်ပါ။ ချွေးထွက်များရင် ခြေအိတ်အသစ်လဲပါ။ ဖိနပ်အတွင်းကို မှိုသတ်ဆေးဖြန်းပေးပါ။
Author : Dr. 528