ဝမ်းပျက်ဝမ်းလျှောကို လူတိုင်းနီးပါးဖြစ်နေကြပါတယ်။ ဘာကြောင့်ဖြစ်လဲ ပြောရရင်တော့ အများကြီးပါ။ အစား မှားတာ၊ အစားအသောက်မသန့်တာ၊ အစားအသောက်ပြင်ဆင်တဲ့အခါ လက်သေချာမဆေးတာတွေကြောင့် လည်းဖြစ်တတ်တယ်။ တချို့ ပိုးသတ်ဆေးတွေကြောင့် ဝမ်းနှုတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ အစာအိမ်ဆေးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ တချို့ကျတော့ စားတဲ့အစာထဲမှာပါတဲ့ ဓာတ်တချို့ကို မတည့် တာကြောင့်လည်း ဖြစ်နိုင်တယ်။ သန်ကောင်တွေကြောင့်လည်း ဖြစ်နိုင်တယ်။ တချို့ရောဂါတွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်တယ်။ ဝမ်းပျက်တာတွေမဟုတ်ဘဲ ပုံမှန်ဝမ်းကို ခဏခဏသွားတာတွေလည်း ရှိနိုင် တယ်။
ဝမ်းသွားနေပြီဆိုရင် ဝမ်းလျှောတာလား၊ ဝမ်းကိုက်တာလား ဆိုတာအရင်သတိထားပါ။ ဝမ်းလျှောတာက ဗိုက်နာခြင်းမရှိတတ် ဘဲ ဝမ်းအရည်တွေသွားတာမျိုးပါ။ ပမာဏများတတ်ပါတယ်။ ဝမ်းကိုက်တာက နည်းနည်းစီနဲ့ကို ခဏခဏသွားတတ်တယ်။ ဗိုက်ရစ်တယ်။ အကျိအချွဲလည်းပါတတ်တယ်။ ဖျားတာ၊ သွေးပါတာတွေလည်း ရှိတတ်ပါတယ်။ ဝမ်းလျှောရုံသက်သက်က ရေဓာတ်ခမ်းခြောက်တာ မရှိရင် ဘာမှလုပ်ဖို့ မလိုအပ်ဘူး။ ပိုးသတ်ဆေးလည်း တန်းသောက်ဖို့မလိုဘူး။ ရေဓာတ်ခမ်းခြောက် တာ ရှိနေရင်တော့ ဓာတ်ဆားသောက်ဖို့လို တယ်။
ဝမ်းကိုက်နေတာတွေကတော့ လူနာက တခြားဘာတွေခံစားနေရသလဲ ဆိုတာလိုပါတယ်။ လိုအပ်ရင် သွေးစစ်တာ၊ ဝမ်းစစ်တာ တွေလုပ်ရတယ်။ ပိုးသတ်ဆေးလည်း လိုနိုင်တယ်။ ရေဓာတ်ခမ်းခြောက်တာကတော့ ဖြစ်နိုင်ချေနည်းတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ ဘယ်အချိန်အရေးကြီးလဲဆိုတာ သိထားသင့်ပါတယ်။
- ဝမ်းပျက်တာက တစ်နေရာတည်း လူအများကြီးဖြစ်နေခြင်း
- ဆန်ဆေးရည်လို ဝမ်းအများကြီးသွားခြင်း
- ရက်ရှည်ဖျားခြင်း၊ အလေးချိန်ကျသွားခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း
- ညဘက်တွေလည်း ဝမ်းလျှောနေတတ်ခြင်း
- အသက်ကြီးပိုင်းနှင့် ကလေးငယ်တွေမှာဖြစ်ခြင်း
- ဝမ်းထဲသွေးပါခြင်း
- ကိုယ်ခံအားနည်းတဲ့ သူတွေမှာဖြစ်ခြင်း စတာတွေပါ။
ဒါတွေဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောဖြစ်စေ၊ ဝမ်းကိုက်တာဖြစ်စေ ဘာကြောင့်ဖြစ်တတ်တယ်ဆိုတာ အတွက်စစ်ဆေးဖို့လိုတာ တွေရှိတတ်တယ်။ သွေးစစ်တာ၊ ဝမ်းစစ်တာ၊ ဓာတ်မှန်ရိုက်တာ စသဖြင့်ပါ။ ဖြစ်တဲ့ရောဂါ အလိုက်ကုသမှု ခံယူရပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဝမ်းပိတ်ဆေးသောက်လို့ မရဘူးလားလို့ မေးစရာရှိပါတယ်။ အူယောင်လို့ ဖြစ်တာတွေမှာ မသောက် သင့်ပါဘူး။ ဗိုက်အောင့်တာတွေ အူတွေအောင့်တာတွေ ဖြစ်နိုင်တယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ၊ ဝမ်းကိုက်ရောဂါတွေက ကြိုတင်ကာကွယ်မှုတွေ သေချာလုပ်ရင် လျော့နည်းလာပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး အရမ်းအရေးကြီးပါတယ်။
လက်ဆေးတဲ့အကျင့် သေချာလုပ်ကြပါ။ အစားမပြင်ခင်၊ အစားမစားခင်၊ အိမ်သာသွားပြီးတိုင်းနဲ့ တခြားညစ်ပတ်တာတွေ ကိုင်ပြီး တိုင်းပါ။ အစားအစာတွေ သေချာဆေးကြောပါ။ ကျက်အောင်ချက်ပါ။ ယင်မနားအောင်ထားပါ။ ပူပူနွေးနွေးစားပါ။ မသန့်တာတွေ တတ်နိုင်သလောက်ရှောင်ပါ။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတာစားပါ။ ရက်ကြာအောင်ထားပြီးမစားပါနဲ့။ သောက်ရေ သန့်ဖို့လည်းလိုပါတယ်။ လိုအပ်ရင် ကျိုချက်သောက်ပါ။ သန်လည်းပုံမှန်ချပါ။ အာဟာရပြည့်အောင်လည်း စားသောက်ပါ။ မလို အပ်ဘဲ ဘာဆေးမှမသောက်ပါနဲ့။ လိုအပ်လာခဲ့ရင်လည်း ဆရာဝန်ပြပြီး တိုင်ပင်ဆွေးနွေးလို့ရပါတယ်။
Author – Dr. CST