လူအများစုက ဝမ်းလျှောပြီဆိုတာနဲ့ ပြေးပြီးသတိရမိတာက ဝမ်းပိတ်ဆေးပါပဲ။ ဝမ်းပိတ်ဆေး သောက်ရင် ဝမ်းချက်ချင်းရပ်ပြီး အဆင်ပြေသွားကြလို့ပါ။ ဒါပေမယ့် ဝမ်းပိတ်ဆေးကို ဝမ်းလျှောတိုင်းအမြဲမသောက်သင့်ပါဘူး။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းမရှိပဲ ဝမ်းပျက်တိုင်း ကိုယ့်သဘောနဲ့ကိုယ် ဝမ်းပိတ်ဆေးတွေသောက်ပါက အခန့်မသင့်လျှင် အသက်အန္တရာယ်ရှိတဲ့ အထိ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
ဝမ်းပိတ်ဆေး ဆိုတာ……
- လူအများစု သောက်နေကြတဲ့ ဝမ်းပိတ်ဆေးဟာ loperamide လို့ခေါ်တဲ့ မူးယစ်ဆေးအနွယ်ဝင်ဆေးတစ်မျိုးဖြစ်တဲ့ opioid ဖြစ်ပါတယ်။
ဝမ်းပျက်နေချိန်မှာ အစာခြေလမ်းကြောင်းတစ်လျှောက်မှ အူနံရံကြွက်သားတွေ အလိုအလျှောက်ရွေ့လျားနေခြင်း (peristalsis) ဟာ မြန်နေတဲ့အတွက် ဝမ်းသွားနှုန်းကလည်း ပုံမှန်ထက်စာရင် ပိုများနေပါတယ်။ ဝမ်းပိတ်ဆေးဆိုသည်မှာ ၎င်း Peristalsis ကို နှေးသွားအောင် လုပ်ခြင်းဖြင့် ဝမ်းသွားတဲ့အကြီမ်ရေကို နည်းသွားစေတဲ့ဆေးဖြစ်ပါတယ်။
- ခဏတာဝမ်းသွားတာကို ရပ်တန့်သွားစေနိုင်ပေမယ့် နောက်ပိုင်းမှာဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။
လူတစ်ချို့က ဝမ်းပိတ်ဆေးထင်ပြီး ပိုးသတ်ဆေးတစ်ချို့ကို လွဲမှားစွာသောက်သုံးနေမှုတွေလည်းရှိပါတယ်။ ပိုးသတ်ဆေးဟာလဲ ဝမ်သွားခြင်းကို ရပ်တန့်အောင် လုပ်ပေးနိုင်ပေမယ့် မလိုအပ်ပဲသောက်သုံးလျှင် အထူးသဖြင့် ကလေးငယ်များတွင် ဆိုးကျိုးများဖြစ်နိုင်ပါတယ်။
ဝမ်းပျက်တဲ့အခါ အစားအသောက်မှားပြီး ဗိုင်းရပ်စ်ပိုးကြောင့် သာမန်ဝမ်းပျက်ခြင်မျိုးရှိသကဲ့သို့ ဘက်တီးရီးယားပိုးကြောင့် ဝမ်းလျှောတဲ့အခါမှာ သွေးတွေ အချွဲတွေပါပြီး ဝမ်းကိုက်သလိုဖြစ်တာမျိုးလဲ ရှိနိုင်ပါတယ်။ ဝမ်းပိတ်ဆေးကို ဝမ်းပျက်တယ်ဆိုတိုင်း မသောက်ဖို့ သတိထားသင့်ပါတယ်။
ဘယ်လို ဆိုးကျိုးပေးနိုင်လဲ…
- သာမန်ဗိုင်းရပ်စ်ပိုးကြောင့် ဝမ်းသွားသောအကြိမ်ရေ အလွန်များနေတဲ့အချိန်တွင် ဝမ်းပိတ်ဆေးသောက်လျှင် ဆိုးကျိုးအများကြီးမရှိပေမယ့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဝမ်းပျက်ခြင်းများတွင် လုံးဝ မသောက်သုံးသင့်ပါ။ ဝမ်းထဲမှာ အချွဲများ သွေးနီစများ ပါနေခြင်း၊ ဝမ်းကိုက်သလို ဝမ်းသွားနေစဉ် ဗိုက်ရစ်နေခြင်းတွေက ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဝမ်းပျက်တဲ့ လက္ခဏာတွေပါ။
- သည်လို ဝမ်းပျက်တဲ့ အချိန်မှာ ဝမ်းပိတ်ဆေးသောက်လိုက်ရင် အူနံရံတွေ ရွေ့လျားတာ ကို နှေးသွားစေတဲ့အတွက် အပြင်စွန့်ထုတ်ရမည့် ဘက်တီးရီးယားပါတဲ့ ဝမ်းတွေဟာ မထွက်နိုင်ပဲ အူလမ်းကြောင်းထဲမှာ စုနေပြီး ကြာလာသောအခါတွင် အူပေါက်ခြင်းဖြစ်နိုင်သလို၊ အဆိုပါအူပေါက်ရာမှတစ်ဆင့် ဘက်တီးရီးယားပိုးများ သွေးကြောထဲရောက်ပြီး သွေးဆိပ်သင့်ကာ အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။
- အသက် ၁၂နှစ်အောက် ကလေးငယ်တွေကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်းပိတ်ဆေးတိုက်တာကို လုံးဝရှောင်သင့်ပါတယ်။
ဝမ်းပိတ်ဆေးကို ဘယ်လိုရောဂါအခြေအနေတွေမှာ သုံးလဲ..
- ဝမ်းမခိုင်နိုင်တဲ့အခြေအနေ (Fecal incontinence)တွေဖြစ်တဲ့ ကလေးမွေးပီးစလူနာများ၊ မွေးရာပါ စအိုလမ်းကြောင်းပုံမှန်မဖြစ်သူများ၊ ဝမ်းထိန်းသည့်အာရုံကြောစနစ်တွင် အကြောင်းတစ်ခုခုကြောင့် ပုံမှန်မဟုတ်တော့သူများ၊ အသက်ကြီးသူများတွင်ဖြစ်တတ်သည့် Dementia ဟုခေါ်သောမှတ်ဉာဏ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူများ။
- အူနံရံရွေ့လျားမှုစနစ် ပုံမှန်မဟုတ်သည့်ရောဂါများ (Motility Disorder)ကြောင့် ဝမ်းမကြာခဏပျက်တတ်ခြင်း။
- ခရီးသွားရင်း တွေ့ကြုံခံစားရသော ဝမ်းလျှောခြင်း (Travellers’ diarrhoea)။
- အူလမ်းကြောင်း ရောင်ရမ်းတတ်သောရောဂါကြောင့် ဝမ်းခဏခဏပျက်သူများ (inflammatory bowel diseases)။
အစရှိသော ရောဂါများကို ကုသရာမှာ ဝမ်းပိတ်ဆေးကို အသုံးပြုကြပါတယ်။
ဝမ်းပိတ်ဆေးရဲ့ဆိုးကျိုးများ
Opioid ဆေးအမျိုးအစားဖြစ်တဲ့အတွက် ခေါင်းမူးခြင်း၊ ကိုယ်လက်လေးလံ ထိုင်းမှိုင်းခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းအလွန်ချုပ်သွားခြင်း စသည့်ဆိုးကျိုးတွေရရှိနိုင်ပါတယ်။
ဝမ်းလျှောရင် ဘယ်လိုလုပ်ရမလဲ…
ဝမ်းလျှောပြီဆိုရင် အဓိကလိုအပ်တာကတော့ ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ ရေနဲ့ဓာတ်ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ပါ။ ဓာတ်ဆားရည်ကို သောက်နိုင်သလောက်သောက်ပေးရပါမယ်။ ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။ Probiotics လို့ခေါ်တဲ့အူလမ်းကြောင်းထဲမှ အကျိုးပြုဘက်တီးရီးယားတွေပေါက်စေတဲ့ ဓာတ်စာကိုသုံးစွဲသင့်ပါတယ်။ ကလေးငယ်တွေ ဝမ်းလျှောလျှင်တော့ ဆရာဝန်နဲ့ အရင်ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေး သောက်သင့်သလား ဆိုတဲ့အဖြေကတော့ မသောက်သင့်ပါလို့ ဖြေကြားပေးလိုက်ရပါတယ်ရှင့်။