အစာအိမ်ရောဂါဝေဒနာကို လူတော်တော်များများခံစားဖူးကြပြီး ဘယ်လောက်ထိဆိုးဆိုးရွားရွားခံစားရလဲဆိုတာကိုလည်း သိကြမှာဖြစ်ပါတယ်။ ဒါကြောင့် မပေါ့ဆသင့်တဲ့ဒီရောဂါဖြစ်စေတဲ့ နေ့စဉ်အမူအကျင့်တွေကို ဝေမျှသွားပါ့မယ်။
၁။ အစာစားချိန်မမှန်ခြင်း
အစားအစာကို အချိန်မှန်မှန်မစားခြင်းဟာ အစာအိမ်ရောဂါကိုဖြစ်စေပါတယ်။ ယျေဘုယျအားဖြင့် အစာအိမ်မှအစားအစာတွေကို အလုံးစုံ ချေဖျက်ချိန်ဟာ ၄ နာရီမှ ၆နာရီ ကြာပါတယ်။
အစာအိမ်ထဲမှာရှိနေတဲ့အစာခြေအက်စစ်ဓာတ်ဟာ ပုံမှန်စားနေကျအချိန်တွေမှာပိုထွက်လာပါတယ်။ အဲဒီအချိန် အစာအိမ်ထဲမှာ အစာမရှိရင် အစာအိမ်နံရံတွေကို ပိုမိုထိခိုက်ရောင်ရမ်းစေပါလိမ့်မယ်။
အဲဒီအခါ ရင်ပူခြင်း၊ဗိုက်အောင့်ခြင်း၊အစာအိမ်အချဉ်ပေါက်ခြင်း ဝေဒနာများခံစားရပါလိမ့်မယ်။ အချိန်ကြာလာရင် အူသိမ်အစနဲ့ အစာအိမ်တွင် အနာဖြစ်ပေါ်စေပါလိမ့်မယ်။
၂။ အိပ်ရာ၀င်ခါနီး အစာစားခြင်း
အိပ်ရာဝင်ချိန်နဲ့အလွန်နီးစပ်စွာ ညစာစားခြင်း ဒါမှမဟုတ် အစာပြေအစားအစာ(Snack)များစားခြင်းဟာ အစာအိမ်အချဉ်ပေါက်ခြင်း /ရင်ပူခြင်း( Heartburn)ကိုဖြစ်စေပါတယ်။
ညစာ ဒါမှမဟုတ် အစာပြေအစားအစာများကို ညအိပ်ရာမဝင်မီ အနည်းဆုံး ၂ နာရီ -၃နာရီလောက်ခြားပြီး စားသုံးရပါမယ်။ သင်ဟာ အစာအိမ်အချဉ်ပေါက်ခြင်း/ရင်ပူခြင်း အလွယ်တကူဖြစ်လေ့ရှိသောသူဆိုရင်တော့ အိပ်ရာရဲ့ခေါင်းရင်းပိုင်းကို ခြေရင်းပိုင်းထက်မြှင့်ပြီး အိပ်သင့်ပါတယ်။
၃။ အစားအစာကို ဗိုက်အရမ်းပြည့်အောင်စားခြင်း
အစားအစာကို ဗိုက်အရမ်းပြည့်အောင် တစ်ထိုင်တည်းစားတဲ့အခါ ရင်ကယ်ခြင်းနဲ့ အစာအိမ်အက်စစ်လျှံတက်ခြင်း(Acid Reflux)ကိုဖြစ်စေပါတယ်။ ဒါကြောင့် အစားအစာစားအခါ တစ်ထိုင်ထည်းဗိုက်အပြည့်မစားဘဲ နည်းနည်းနဲ့ ခဏခဏစားသုံးသင့်ပါတယ်။
တစ်နေ့လျှင် အစာကြီး ၃ကြိမ်စားမယ့်အစား အစာလေး ၄ ကြိမ်မှ ၅ ကြိမ်ခွဲစာခြင်းဟာ အစာအိမ်အတွက်ပိုသင့်တော်စေပါတယ်။
၄။ အစားအစာကို အလွန်မြန်စွာစားခြင်း
သင်ဟာ အစားအစာကိုအလွန်မြန်စွာစားလေ့ရှိသူဆိုရင် ထိုအမူအကျင့်ဟာ သင့်အစာအိမ်ကို ဒဏ်ပိစေပါလိမ့်မယ်။ အစားအစာကိုအရမ်းမြန်မြန်စားလေ့ရှိသူတွေမှာ အစာအိမ်ကျယ်ဖို့အချိန်မရှိခြင်း/စားရင်းသောက်ရင်းမလိုအပ်တဲ့ လေများပါပူးတွဲမြိုချမိခြင်းကြောင့် ဗိုက်အောင့်ခြင်း၊အစာမကြေခြင်းနဲ့ လေပွခြင်းတို့ဖြစ်လေ့ရှိပါတယ်။
၅။ အရက် အလွန်အကျွံသောက်ခြင်း
အရက်အလွန်အကျွံသောက်ခြင်းဟာ အစာအိမ်အနာများကိုဖြစ်စေပါတယ်။ အစာအိမ်အနာရှိနေပြီးသားသူတွေမှာ အနာကျက်နှုန်းနှေးစေပါတယ်။
၆။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကလည်း အစာရေမြိုအောက်ပိုင်းရှိညှစ်ကြွက်သားတွေကိုလျော့ရဲစေပြီး အစာအိမ်အက်စစ်အပေါ်သို့လျှံတက်ခြင်း ဖြစ်စေပါတယ်။ ဒါ့ပြင် အစာအိမ်အနာဖြစ်ခြင်း/ပိုဆိုးစေခြင်းအပြင် ရောင်ရမ်းခြင်းကိုဖြစ်စေ/ပိုဆိုးစေပါတယ်။ ဒါတင်မက ဆေးလိပ်သောက်ခြင်းဟာ အစာအိမ်ကင်ဆာဖြစ်စေတဲ့ အရေးကြီးတဲ့ Risk Factorတစ်ခုလည်းဖြစ်ပါတယ်။
၇။ ပီကေဝါးခြင်းနဲ့ ဂက်စ်ပါသောအချိုရည်များ
ပီကေဝါးခြင်းနဲ့ ဂက်စ်ပါသောအချိုရည်တွေဟာ အစာအိမ်လေပွခြင်းကိုဖြစ်စေပါတယ်။
၈။ ဆေးဝါးများသောက်သုံးခြင်း
Aspirin, NSAID အကိုက်အခဲပျောက်ဆေးတွေနဲ့ စတီးရွိုက်ဆေးတွေဟာ စာအိမ်ရောင်ခြင်း၊အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်သွေးယိုခြင်းကိုဖြသ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံမသောက်သုံးမိအောင် သတိထားရပါမယ်။
၉။ ဝမ်းနှုတ်ဆေးများ မလိုအပ်ဘဲ အလွန်အကျွံသုံးခြင်း
မလိုအပ်ဘဲ မကြာခဏ ဝမ်းနှုတ်ဆေးများသုံးပြီး ဝမ်းနှုတ်ပါက အစာခြေဖျက်မှုစနစ်နဲ့ အူလမ်းကြောင်းလှုပ်ရှားမှုစနစ်ကို ကမောက်ကမ ဖြစ်စေပါတယ်။ ဝမ်းလျှောတဲ့အခါ ရေဓာတ်ဆုံးရှုံးခြင်းအပြင် အူလမ်းကြောင်းအကျိုးပြု သဘာဝပိုး(Probiotics)လေးများပါ ဆုံးရှုံးသွားတဲ့အတွက် အစာမကြေခြင်းနဲ့ ဗိုက်ကယ်ခြင်းတို့ခံစားရပါလိမ့်မယ်။
၁၀။ စိတ်ဖိစီးမှုများ
နိစ္စဓူ၀ စိတ်ဖိစီးမှုလွန်ကဲမှုတွေဟာလည်း အစာအိမ်ရောဂါကိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဟာ အစာမကြေခြင်း၊အစာအိမ်အောင့်ခြင်း၊အစာအိမ်အနာပိုဆိုးစေခြင်းနဲ့ အူလှုပ်ရှားမှုမူမမှန်သောရာဂါစု(Irritable Bowel Syndrome-IBS)ကိုပိုဆိုးစေပါတယ်။
၁၁။ အစားအစာများ
ဆီးများသောအစားအစာများ
-အကြော်များ
-တရားလွန်ပူစပ်သောအစားအစာများ
-ဆိုးဆေးပါသောအစားအစာများ
-မပုပ်မသိုးအောင် တာရှည်ခံဓာတုဆေးဝါးများသုံးထားတဲ့ အစားအသောက်များ
-အမျှင်ဓာတ်လုံလောက်အောင်မစားသောက်တာတွေဟာလည်း အစာအိမ်နှဲ့ အူလမ်းကြောင်းရောဂါဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။
Author: Dr. Yin Yin Win