အရိုးပွရောဂါအကြောင်း သိကောင်းစရာ
ဆေးပညာအရတော့ Osteoporosis လို့ခေါ်ပါတယ်။ အရိုးပွရောဂါဆိုတာက အမှန်တကယ်တော့ အရိုးတွေရဲ့သိပ်သည်းဆ လျော့နည်းလာတဲ့ရောဂါပါ။ ဒီရောဂါ ဖြစ်ရင် အရိုးတွေဟာ ကြံ့ခိုင်မှု မရှိတော့ဘဲ မဆိုစလောက်လေးထိခိုက်မှုရှိတာနဲ့ ကျိုးလွယ်နိုင်ပါတယ်။ အရိုးပွရောဂါ အများဆုံး ဖြစ်နိုင်တဲ့နေရာတွေကတော့ ခါးရိုးဆစ်၊ တင်ပဆုံရိုးနဲ့ လက်ကောက်ဝတ် နေရာတွေ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ အသက်၆၀ကျော်အရွယ် သက်ကြီးရွယ်အိုတွေမှာအဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ အသက်ကြီးလာတာနဲ့အမျှ အရိုးတွေရဲ့သိပ်သည်းဆ လျော့လာလို့ပါ။ မျိုးရိုးထဲမှာ အရိုးပွရောဂါ ဖြစ်ဖူးတဲ့သူရှိရင် ပိုဖြစ်နိုင်ပါတယ်။
သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာဆိုရင် အရိုးပွတာ ပိုအဖြစ်များပါတယ်။ သွေးဆုံးပြီးတဲ့အခါ အမျိုးသမီးတွေမှာ အီစတိုဂျင် ဟော်မုန်းပမာဏ လျော့နည်းသွားလို့ပါ။ အီစတိုဂျင်က အမျိုးသမီးတွေမှာ အရိုးသိပ်သည်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အသက်ငယ်တဲ့သူတွေမှာလည်း တချို့သောအခြေအနေတွေမှာဆိုရင်ဖြစ်နိုင်ပါတယ်။
ဥပမာ ကျောက်ကပ်ရောဂါရှိတဲ့သူတွေ၊ စတီးရွိုက်ဆေး စွဲသောက်နေရတဲ့သူတွေ၊ သိုင်းရွက်ဟော်မုန်း လွန်ကဲပြီး လည်ပင်းကြီးရောဂါ ရှိတဲ့သူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရောဂါရှိလို့ စားတဲ့အာဟာရဓါတ်တွေကို အကုန်မစုပ်ယူနိုင်တဲ့သူတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေ၊ အရွယ်မတိုင်မှီ သွေးဆုံးတဲ့သူတွေဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့လည်း အရိုးပွရောဂါဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ ဆေးလိပ်အသောက်များတာ၊ စားတဲ့အထဲမှာ ကယ်လ်ဆီယံဓါတ်နည်းတာ စတဲ့အခြေအနေတွေကလည်း အရိုးပွရောဂါကို ဖြစ်စေဖို့ အားပေးတဲ့အခြေအနေတွေပါပဲ။
အရိုးပွရောဂါမှာ မြင်သာထင်သာတဲ့ လက္ခဏာ ရယ်လို့ မည်မည်ရရ မရှိပါဘူး။ ဒါကြောင့် အရိုးပွရောဂါကို အသံမထွက်တဲ့ သူခိုးလို့လည်း တင်စားခေါ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင့်အရိုးပွလာပြီး အပေါက်လေးတွေဖြစ်ကာ ထိုအပေါက်လေးတွေ အရွယ်ကြီးလာဖို့ ဆယ်စုနှစ်များစွာ ကြာနိုင်ပါတယ်။
အရိုးပွရောဂါဖြစ်နေတဲ့ လူတစ်ယောက်ဟာ ရောဂါလက္ခဏာ အနေနဲ့ ထူးထူးခြားခြား ဘာမှမခံစားရဘဲ နှစ် နှစ်ဆယ်ကျော် သုံးဆယ်အထိ ပုံမှန်လို ဖြစ်နေခဲ့ကာ မတော်တဆထိခိုက်မှု တခုခုနဲ့ကြုံပြီး ဖြစ်သင့်တာထက် အရိုးထိခိုက်မှု ပိုများတာတွေ့လို့ စစ်ဆေးမှုတွေ လုပ်ကြည့်မှ အရိုးပွရောဂါဖြစ်နေမှန်း သိကြတာ များပါတယ်။
အရိုးပွတဲ့အခါ အာရုံကြောတွေပါ ဖိမိတတ်ပြီး နောက်ဆက်တွဲ ပြဿနာတွေပါ ဖြစ်နိုင်တယ်။အရိုးပွခြင်း အရမ်းဆိုးရင် ကျိုးတဲ့အရိုးဟာ ရိုးရိုးကျိုးရုံမက ကြေမွပျက်စီး တဲ့အထိ ဖြစ်နိုင်ပါတယ်။ အရိုးပွခြင်းဟာ စဖြစ်ကာစကနေ နှစ်ဆယ်ချီကြာအောင် ရောဂါလက္ခဏာမည်မည်ရရလည်းမပြ၊ နောက်ကျမှသိရင်လည်း ကြောက်စရာကောင်းတော့ အရိုးပွမပွဘယ်လိုတွေစစ်ဆေးနိုင်လဲ။ အရိုးပွခြင်း မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ဆိုပြီးတော့ မေးစရာရှိနိုင်ပါတယ်။
အရိုးပွမပွကို အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density) စစ်ဆေးခြင်း နဲ့အများဆုံး သိနိုင်ပါတယ်။ X ray၊ CT scan၊ Ultarsound တို့ဖြင့် အရိုးသိပ်သည်းဆ တိုင်းတာနိုင်ပါတယ်။ အရိုးပွရောဂါ ဖြစ်ပွားနိုင်ခြေနည်းအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ကတော့ဗီတာမင်ဒီနဲ့ ကယ်ဆီယံဓါတ် ကြွယ်ဝတဲ့ အစားစာတွေ စားပေးတာ၊ နို့နဲ့ နို့ထွက် အစားအစာများကို မှန်မှန်စားသုံးတာ ၊မနက်ခင်းနေပူစာ လှုံပေးတာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ အရိုးသိပ်သည်းဆကို တနှစ်တခါလောက်စစ်ဆေးတာ စသဖြင့်လုပ်နိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ အကြံပေးလိုတာကတော့ အသက်ကြီးတဲ့သူတွေဟာ မကြာခဏရေချိုးခန်းထဲမှာ ချော်လဲပြီး ပေါင်ရိုးကျိုးလေ့ရှိပါတယ်။ အဲ့လိုကျိုးပြီးရင်လည်း ပြန်ကောင်းဖို့မလွယ်တာများပါတယ်။
ဒါကြောင့် အသက်ကြီးလာလို့ရေချိုးခန်းထဲဝင်ရင် သတိနဲ့ဝင်ပါ။ ကိုင်စရာတခုခု ရေချိုးခန်းနံရံမှာတပ်ထားပါ။ ကိုင်စရာတခုခုကိုကိုင်ပြီး ရေချိုးပါ။ မချော်နိုင်တဲ့ အခင်းတွေ ခင်းထားပါ။ အိမ်မှာရှိတဲ့ ငယ်ရွယ်သူတွေကလည်း ရေချိုးခေါင်းလျှော်ပြီးပါက ရေချိုးခန်းကြမ်းပြင်ကိုသေချာ ပွတ်ဆေးထားပါ။ မဟုတ်ပါက အသက်ကြီးသူတွေအနေနဲ့ ပိုချော်လဲနိုင်ခြေ များလို့ပါ။
Author : Dr. 528