ဆီးချိုရောဂါသည်တွေမှာ ဆီးချိုကြာတာပဲဖြစ်ဖြစ် ဆီးချိုမထိန်းနိုင်တာပဲဖြစ်ဖြစ် နောက်ဆက်တွဲ ဖြစ်စေတဲ့ အကျိုးဆက်တွေမှာ အရေပြားနဲ့ ဆိုင်တာတွေလည်း ပါပါတယ်။
ဆီးချိုရောဂါသည်မှာ ဖြစ်နိုင်တဲ့အရေပြားပြဿနာတွေ အများကြီးပါ တစ်ချို့ကျတော့လည်း ဆီးချိုရောဂါ တစ်ခုတည်းကြောင့်မဟုတ်ဘဲ တစ်ခြားရောဂါတွေမှာလည်း တွေ့ရတတ်တာတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ဆီးချိုရောဂါရှိတဲ့ သူတစ်ယောက်က ဖြစ်နိုင်ချေရှိတဲ့ အရေပြားပြဿနာတွေကို သိထားဖို့ လိုအပ်ပါတယ်။
ဆီးချိုရှိထားတာအပြင် ကိုယ်အလေးချိန်များတဲ့ သူတွေမှာဆိုရင် ဂုတ်တွေ ချိုင်းတွေမှာ တစ်ခြား အရေပြားနေရာတွေထက်စာရင် မဲနေတတ်ပါတယ်။ ယားချင်မှယားပါမယ်။ ဒါပေမယ့် ကိုင်ကြည့်တဲ့အခါလည်း တစ်ခြားနေရာတွေနဲ့မတူဘဲ ထူထူကြီး ဖြစ်နေတတ်ပါတယ်။ ဒါကို acanthosis nigrican လို့ခေါ်ပါတယ် ဆီးချိုအပြင် ကိုယ်အလေးချိန်များတဲ့သူတွေနဲ့ အဆုတ်ကင်ဆာဖြစ်နေတဲ့သူ တစ်ချို့မှာလည်း တွေ့ရတတ်ပါတယ်။ ဖြစ်ပြီးသား ပြန်ပျောက်ဖို့တော့ ခက်ပါလိမ့်မယ်။
ဆီးချိုသည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿနာ တစ်ခုကတော့ ယားနာလို ပုံစံတွေပါပဲ အရေပြားတွေမှာ ဘာအကွက်အနာ အဖုမှမရှိဘဲ ယားနေတာလည်း ဖြစ်နိုင်တယ်။ ချွေးထွက်များတာမှာ ပိုယားတတ်ပါတယ်။ အရေပြားနေရာတိုင်း ဖြစ်နိုင်ပေမယ့် ချိုင်းကြားပေါင်ကြား တံခေါက်ခွက်ကြားလိုမျိုး နေရာတွေမှာ ပိုဖြစ်လွယ်ပါတယ်။ ကုတ်ပါများတာကနေအနာတွေ ဖြစ်လာနိုင်ပါသေးတယ်။
Eczema လို့ခေါ်တဲ့ နှင်းခူလည်း ဖြစ်လွယ်ပါတယ်။ နေရာတိုင်း ဖြစ်နိုင်ပေမယ့် ခြေထောက်ခြေမျက်စိဝန်းကျင်မှာ ပိုဖြစ်တတ်ပါတယ်။ အစိုလည်းဖြစ်နိုင်သလို အခြောက်လည်း ဖြစ်နိုင်တယ်။ ညစ်ပတ်တာတစ်ခုခု ထိလိုက်တာ ဆီးချိုတက်တာ မတည့်တာ စားမိတာတွေမှာဆို အရမ်းယားလာတတ်ပါတယ်။ ကုတ်တာတောင် မသက်သာချင်ပါဘူး တစ်ဖြည်းဖြည်း ပိုပိုပွားလာတတ်ပါတယ်။
ဆီးချိုရောဂါ အမျိုးအစားတစ်ဆိုရင် တစ်ခြားသော Autoimmune ရောဂါတွေဖြစ်တဲ့ vitiligo လို့ခေါ်တဲ့ ခရုသင်း သမင်ဖြူရောဂါနဲ့ တွဲတတ်တာလည်းရှိပါတယ် thyroid သိုက်ရွက်ရောဂါတွေနဲ့လည်းတွဲ ဖြစ်တတ်ပါတယ်။
Vitiligo ခရုသင်း သမင်ဖြူရောဂါက မွေးတည်းက ဖြစ်ချင်မှဖြစ်မယ် တစ်ဖြည်းဖြည်းပေါ်လာတာကပိုများပါတယ်။ အဖြူကွက်ကသိသာတယ်၊ ထုံကျင်တာ ယားတာတွေ မခံစားရတတ်ဘူး၊ လက်နှစ်ဘက်ခြေနှစ်ဖက် ဆင်တူဖြစ်တတ်တယ်၊ သိုက်ရွက်ပြဿနာတွေမှာတော့ အရေပြားတွေ ခြောက်လွန်းတာတွေ တင်းတင်းကြီး ဖြစ်နေတာတွေ ဖြစ်နိုင်ပါတယ်။
ဆီးချိုရောဂါရှိသူတွေဟာ ရောဂါပိုးတွေ ပိုဝင်လွယ်တယ်၊ အရေပြားတွေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်တယ်၊ အလိုလိုနေရင်း အနာတွေ ဖြစ်လာတတ်တယ်၊ အနာမရှိဘဲ ခြေထောက်တွေ လက်တွေ နီရဲပြီး တင်းယောင်လာတတ်တယ်၊ cellulitis, erysipelas, necrotizing fascitis စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒါမျိုးတွေဆို အရေးကြီးတဲ့အခြေအနေတွေထဲမှာပါလို့ သေချာဆေးကုသမှု ခံဖို့လိုပါတယ်။
ဆီးချိုရောဂါရှိသူတွေမှာ တစ်ခါတစ်လေ ခြေထောက်အရေပြားတွေမှာ အဝါအဖတ်တွေလိုမျိုးဖြစ်နေတတ်တယ်။ necrobiosis lipoidica diabetocorum လို့ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ အကွင်းလိုက်လေးတွေ ဖြစ်နေတတ်တာပါ။ နေရာအနှံ့ ဖြစ်နိုင်တယ် granulaoma annularae လို့ခေါ်ပါတယ်။ ဒီနှစ်မျိုးလုံးက ဘာမှခံစားရမှာ မဟုတ်ပါဘူး။ ယားခြင်းနာခြင်းမရှိပါဘူး ဆီးချိုကိုပဲ သေချာဆက်ထိန်းနေရမှာပါ။
အရေးကြီးဆုံးကတော့ ဆီးချိုရောဂါရှိသူတွေမှာ သွေးကြောသေးလေးတွေ ကျဉ်းလာတာ၊ ပိတ်လာတာတွေကြောင့် သွေးကောင်းကောင်း မစီးတာတွေ ဖြစ်လာတတ်တယ်။ အာရုံကြောတွေပါ ထုံကျင်နေတယ်ဆိုရင် ထိခိုက်မိတာတွေကို သတိမထားမိတတ်ဘဲ အနာတွေဖြစ်လာမှ သိလာတတ်ကြတယ်။ အနာမကျက်တာတွေကနေတစ်ဆင့် ခြေထောက်ပုပ်တာတွေအထိဖြစ်လာတတ်တယ်။ နောက်ဆုံးကုလို့မရတဲ့အခါ ခြေချောင်းလေးတွေ ဖြတ်လိုက်ရတာအထိဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် ဆီးချိုရောဂါသည်တွေက မိမိတို့ရဲ့ဆီးချိုကို သေချာထိန်းနိုင်ရုံတင်မကဘဲ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ကြိုတင်သတိထားပြီး မဖြစ်အောင် အမြဲဂရုစိုက်နေဖို့နဲ့ တစ်ခုခုဆိုတာနဲ့ သက်ဆိုင်တဲ့ဆရာဝန်တွေကို စောစီးစွာတိုင်ပင်ဖို့ အရေးကြီးပါတယ်။