လေဖြတ်သွားရင် ပုံမှန်အတိုင်း ပြန်ကောင်းနိုင်ပါ့မလား
မနက်ခင်းနေရောင်ခြည်သည် တော်တော်လေးကို မြင့်လာပြီဖြစ်သည်။ ရုံးပိတ်ရက်မို့ လှမေတစ်ယောက် အစောကြီးမထပဲ အိပ်ယာထဲ လှဲနေမိသည်။ အိမ်ရှေ့ မှ ပဲပြုတ်သည်လာမှပဲ အိပ်ယာမှ ထလိုက်သည်။
အဖေ တောင် မနက်ခင်း လမ်းလျောက်လို့ ပြန်လာတော့မည်ဟု တွေးကာ ရေနွေးအိုးတည်ထားလိုက်သည်။ အိမ်ရှေ့ တံခါးကြီး ပိတ်ထားတာ တွေ့သည်နှင့် အဖေ တစ်ယောက် မနက် လမ်းမလျောက်ဖြစ်ဖူးလား မသိဟု တွေးကာ လှမေ တစ်ယောက် အဖေ့အခန်းထဲသို့ ဝင်လိုက်သည်။ အဖေ သည် အိပ်ယာထက်တွင် အိပ်နေသည်။ လှုပ်လှုပ်ရှားရှားလည်း ဖြစ်နေသည်။
” နေတောင် မြင့်နေပြီ အဖေ မထသေးဘူးလား ” ဟု ပြောကာ ပြတင်းပေါက် တံခါးကို ဖွင့်လိုက်သည်။ မနက်ခင်း နေရောင်ခြည်သည် ကုတင်ပေါ်သို့ တိုက်ရိုက်ကြလာသည်။ အဖေဖြစ်သူသည် ပါးစပ်မှ ဝူးဝူးဝါးဝါး အော်လိုက်သည်။ အဖေ့အသံကြောင့် လှမေ တစ်ယောက် ကုတင် ဘေးသို့ သွားကာ အဖေ့ကို ခေါ်လိုက်သည်။
” အဖေ ”
ဝူးဝူးဝါးဝါး အသံများသာ ထွက်လာသည်။ ညာဖက် လက်ကို မြှောက်လိုက်သည်။ လှမေ ကို လှမ်းကိုင်လိုက်သည်။ ထလို့တော့ မရပါ။ အဖေ့ကိုမြင်သည်နှင့် လှမေ သိလိုက်ပြီ။ အဖေ တစ်ခုခုဖြစ်နေတာ။ အဖေ့ကို ဆေးခန်းပို့ရမည်။
သား အဖ နှစ်ယောက်သာ ရှိသော လှမေတို့ အိမ်တွင် အဖေ တစ်ခု သမီး တစ်ခုနှင့် နေနေရခြင်းဖြစ်သည်။ ဘေးအိမ်ကို အကူ အညီတောင်းကာ အဖေ့ကို ဆေးခန်းပြဖို့ စီစဉ်ရသည်။ ကားပေါ်သို့ အဖေ့ကို တင်ရသည်ကပင် လှမေ တို့အတွက် ခက်ခဲနေသည်။ ကားသမား အကူအညီနှင့် ကားပေါ်သို့ ခက်ခက်ခဲခဲ တင်ရသည်။
ဆေးရုံသို့ရောက်ပေပြီ။ အဖေ့တွင် သွေတိုးရောဂါ၊ ဆီးချိုရောဂါလည်း မရှိပါ။ အဖေသည် အားကစားလိုက်စားကာ ကျန်းမာသော လူတစ်ယောက်ဖြစ်သည်။ ငယ်စဉ်က အားကစား လုပ်ခဲ့သည့် အရှိန်တွေကြောင့်ရော အစားအသောက် အနေအထိုင် ဂရုစိုက်သောကြောင့် အဖေသည် သွက်လက် ဖျတ်လတ်သည်။ အဖေ့လို ကျန်းမာရေးလိုက်စားသော လူတစ်ယောက် ဒီလိုမျိုး ဖြစ်သွားသည်ကို လှမေ တစ်ယောက် မယုံကြည်နိုင်။
အဖေ့ကို ဆေးရုံသို့ တင်လိုက်ရသည်။ အရေးကြီးသည်ဟုလည်း ပြောသည်။ လေဖြတ်သွားခြင်း ဖြစ်သည်။ အဖေ့တွင် သွေးတိုးရောဂါလည်း မရှိပဲနှင့် လေဖြတ်သွားခြင်းကြောင့် လှမေ တစ်ယောက် အံ့သြ ရသည်။
အဖေ့ကို အထူး ကြတ်မတ်ဆောင်တွင် ထားကာ ကုသပေးပါသည်။ ညနေ အလုပ်ပါးချိန်တွင် တာဝန်ကျ ဆရာဝန် အခန်းမှ ဆရာဝန်လေးအား လှမေတစ်ယောက် အဖေ့ အကြောင်း သိလို၍ သွားမေးဖြစ်သည်။ တစ်နေ့ခင်းလုံး ဆရာဝန်ပေါင်း များစွာ အလုပ်ရှုပ်နေသော်လည်း ညနေခင်းတွင် ဆရာဝန် တစ်ယောက်သာ Duty စားပွဲတွင်ထိုင်နေသည်။ ဆရာဝန်သည် သဘော ကောင်းပုံလည်း ရသည်။ ထို့ကြောင့် လှ မေ တစ်ယောက် အဖေ့အကြောင်း မေးလိုက်သည်။
” ကျွန်မ အဖေ အခြေအနေလည်း သိချင်လို့ပါ ဆရာ ” လှမေ တစ်ယောက် မဝံမရဲနှင့် ပြောမိသည်။
” ခဏနော်” ဆိုကာ ဆရာဝန်သည် လူနာ၏ ဆေးမှတ်တမ်းများကို စင်ပေါ်မှ ရှာဖွေနေသည်။ ရှာလို့တွေ့သော် ခဏ လှန်လှော် ကြည့်နေသည်။ ပြီးမှ လှမေအား ရှင်းပြသည်။
” အမ အဖေက လေဖြတ်သွားတာပါ ”
” အဖေက အရက်လည်း မသောက်တတ်ဘူး။ သွေးတိုးလည်း မရှိပါဘူး ဆရာ ”
” ဟုတ်ပါတယ်။ လေဖြတ်တာမှာ အကြောင်း နှစ်မျိုးကြောင့် ဖြစ်တတ်ပါတယ်။ အခု အမ ပြောသလိုမျိုး သွေးတိုးရှိတဲ့သူတို့ အရက်သောက်တတ်တဲ့ သူမျိုးဆိုရင် လေဖြတ်တတ်ကြပါတယ်။ အဲဒီလိုမျိုးမှာ ဆိုရင် ဦးနှောက်ထဲမှာရှိတဲ့ သွေးကြော သေးသေးလေး တစ်ကြောင်းပေါက်သွားလို့ဖြစ်ရတာပါ။ ဒါက လူသိများတာပေါ့။
နောက်တစ်မျိုး လေဖြတ်တာရှိပါသေးတယ်။ သူကတော့ သွေးခဲလေးတစ်ခုက ဦးနှောက်ရဲ့ သွေးကြောသေးသေးလေးမှာ ပိတ်သွားလို့ အဲဒီဆံချည်မျင် သွေးကြောကနေ supply လုပ်တဲ့ tissue တစ်နည်း ပြောရရင် သွေးခဲကြောင့် သွေးကြောပိတ်သွားပြီး ဦးနှောက်ထဲမှာ ရှိတဲ့ Tissue တွေ သွေးမရောက်တော့လို့ လေဖြတ်ကြတာပါ။ အမ အဖေက ဒုတိယ အမျိုးအစားထဲမှာ ပါတာပါ။ သွေးခဲ လေး တစ်ခဲက ဦးနှောက်ရဲ့ သွေးကြောသေးသေးလေးတစ်ခုမှာ ပိတ်နေတာပါ။ ဒါကြောင့် အမ အဖေ လေဖြတ်သွားတာပါ ”
” သွေးက ဘာလို့ခဲ သွားတာလဲ ဆရာ ”
” ကျွန်တော်တို့ စစ်ဆေးကြည့်ရသလောက် အမ အဖေ ရဲ့ နှလုံးခုန်နှုန်းက သိပ်မမှန် ပါဘူး။ နှလုံးခုန် မမှန်တော့ နှလုံးမှာ သွေးခဲ ဖြစ်ပြီး ဦးနှောက်မှာ သွားပိတ်သွားတယ်လို့ ယူဆထားပါတယ် ”
” အဖေမှာ နှလုံးရောဂါလည်း မရှိပါဘူး။ နှလုံး အောင့်တယ်လို့လည်း မပြောပါဘူး။ မောတယ်လို့လည်း မပြောပါဘူး။ အဖေ ကဒေါင်ဒေါင်မြည် ကျန်းမာတဲ့သူပါ ”
” ဟုတ်ကဲ့ပါ။ နှလုံးခုန်နှုန်းမမှန်တာက မောတာတွေ အောင့်တာတွေ မရှိပဲနဲ့လည်း တစ်ချို့မှာ ဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့သူတွေ မှာဖြစ်တတ်ပါတယ်။ ဘာလက္ခဏာမှ မပြပဲ နေတာပါ။ စစ်ဆေးကြည့်မှ သိတာမျိုး။ တစ်ချို့ အမ အဖေလိုမျိုး ရောဂါ တစ်ခုခုဖြစ်မှ ဆေးရုံရောက်မှ သိတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ မှာ Medical check up လုပ်သင့်တယ်လို့ ပြောတာပါ။ ”
” ဟုတ်ကဲ့ပါ ဆရာ”
လှမေ ဆရာဝန်အားနှုတ်ဆက်ကာ ပြန်ခဲ့သည်။ အဖေ နေမြန်မြန်ပြန်ကောင်းပါစေလို့ ဆုတောင်းနေမိသည်။ ဆေးရုံတွင် သုံးပတ်လောက်ကြာသော် အဖေ့အခြေအနေက တိုးတက်လာသည်။ အဖေသည် စကားကို အရင်ကထက်စာလျှင် ပီပီသသ ပြောနိုင်လာသည်။ ဘယ်ဖက် တစ်ခြမ်းလေဖြတ်သွားပေမဲ့ညာဖက် ကတော့ အကောင်းပကတိဖြစ်သည်။ အိမ်သို့ ပြန်ခေါ်လာရသည်။ နှာခေါင်းပိုက်နှင့် အဖေ့ကို အစာကျွေးရသည်။
လေ့ကျင့်ခန်းသာ သေသေချာချာပြန်လုပ်လျှင် လူကောင်းနီးပါး ပြန်ဖြစ်နိုင်သည်ဟု ဆရာဝန်ကြီးမှ ပြောကြားလိုက်သော်ကြောင့် လှမေ တစ်ယောက် အဖေ့အတွက် လေ့ကျင့်ခန်းလာလုပ်ပေးဖို့ လူ တစ်ယောက် နေ့တိုင်း ခေါ်ထားလိုက်သည်။ လေ့ကျင့်ခန်း ပြန်လုပ်သော်ကြောင့် အဖေသည် ခြောက်လကျော်သော် သိသိသာသာ ပြန်ကောင်းလာသည်။
ဆေးခန်းသို့လည်း နှလုံးဓာတ်မှန် ရိုက်သည့်အခါသာ သွားပြတော့သည်။ ဆေးခန်း သွားပြရသည်မှာ ခက်ခဲသောကြောင့် သမားတော် တစ်ယောက်ကို အိမ်ပင့်ကာ ကုသပေးနေသည်။ ဆရာဝန်မှလည်း အဖေ့အခြေအနေ တိုးတက်လာသည်ဟုပြောသည်။ ဒီအတိုင်းသာ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါက အများကြီး တိုးတက်ဖို့ရှိသည်ဆိုသည်နှင့် အဖေ့ကို လေ့ကျင့်ခန်းသာ အားသွန်ခွန်စိုက်လုပ်ပေးနေသည်။ အဖေ့အခြေအနေ တိုးတက်လာသောကြောင့် လှမေ တစ်ယောက် အားတက်ပါသည်။
” ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လေဖြတ်လူနာတွေကို မိသားစုဝင်တွေက လေ့ကျင့်ခန်းေ သချာ ပြန်လုပ်မပေးကြဘူး။ တစ်ကယ်သာ ပြန်လုပ်ပေးရင် လေဖြတ်လူနာတွေ အများကြီးကောင်းလာနိုင်စရာရှိတာပါ။ လူနာ တစ်ယောက် ပြန်ကောင်းလာရင် မိသားစု တွေအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူးပေါ့။
အခုတော့ ဒီကလူတွေက သိပ်ပေါ့ကြတယ်။ လေ့ကျင့်ခန်းဆိုတာကလည်း မလှမေ တို့လိုမျိုး လူမျိုးတွေက သာ သေသေချာချာ လုပ်ပေးကြတာ။ လေ့ကျင့်ခန်း လုပ်ပေးမဲ့သူကိုလည်း အိမ်ခေါ်လို့ရတယ်။ အိမ်ခေါ်ရတာ ဈေးများလို့ အိမ်မခေါ်ချင်ဘူးဆိုရင်လည်း သူ တို့ ဘယ်လို လေ့ကျင့်ခန်းလုပ်ပေးလည်း ဆိုတာ သေချာ ကြည့်ထားပြီး ကိုယ့်အိမ်က လူနာကို ပြန်လုပ်ပေးလို့ရပါတယ်။ လုပ်ပေးချင်တဲ့ စိတ် နဲ့ လုပ်ပေးသင့်တယ်ဆိုတဲ့စိတ်လေးပဲ ရှိဖို့လိုတာပါ။”
လှမေ တစ်ယောက် သက်ပျင်းတစ်ချက် ခိုးချလိုက်သည်။ အဖေ့ကို သေချာပြန်ကု ပေးမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ အဖေ့ကိုယ်တိုင်ကလည်း လေ့ကျင့်ခန်းကို အားကြိုး မာန်တက် လုပ်သော်ကြောင့် အဖေ့ကိုလည်း ကျေးဇူးတင်မိသည်။ မဝေးတော့တဲ့ တစ်နေ့မှာ တော့ အဖေ နေ အမြန်ပြန်ကောင်းပါစေလို့ ဆုတောင်းနေမိတော့သည်။
Dr. Aye Chan Moe