ကျောက်ကပ်ပြဿနာ
ခါးနာတာကြာပြီဆရာမရယ် အရိုးကြောင့်လည်းမဟုတ် ကျောက်ကပ်ကြောင့်လား´ဟု လူမေးများသော မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်ကပ်သည် ကျောရိုးရဲ့ ဘေးတစ်ဘက်စီမှာရှိသော အင်္ဂါတစ်စုံဖြစ်ပါတယ်။
သွေးများကို သန့်စင်ပေးပြီး အဆိပ်အတောက်များ ဖယ်ရှားပေးပြီး ဆီးအဖြစ် ဆီးအိမ်မှတဆင့် ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်ပျက်ဆီးခဲ့လျှင် သွေးထဲမှ အဆိပ်များ ဖယ်ရှားမှု ပြုခြင်းမလုပ်နိုင်တော့ပါ။
(1) ကျောက်ကပ်ပျက်ဆီးစေသော အကြောင်းအရင်းများမှာ
– ပတ်ဝန်းကျင်မှ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း သို့မဟုတ် အချို့ဆေးကုသမှုများ
– အခြားသောရောဂါများ
– ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်ခြင်း
– ကျောက်ကပ်ထိခိုက်ဒဏ်ရာရခြင်း
သင့်ကိုယ်ထဲတွင် အဆိပ်အတောက်များ စုပြုံလာသောအခါ အဆိုပါ အဆိပ်အတောက်များ ပုံမှန်မဖယ်ရှားနိုင်တော့ပဲ ကျောက်ကပ်ပျက်ဆီးခြင်းသို့ ရောက်ရှိကာ သေချာမကုသဘဲ ထားပါက အသက်အန္တရာယ် ထိခိုက်သည်အထိ ရောက်ရှိနိုင်ပါတယ်။
(2) ကျောက်ကပ်အလုပ်မလုပ်နိုင်လျှင် ဖြစ်သောလက္ခဏာများမှာ များစွာရှိပါတယ်။ အချို့ လူများမှာ လက္ခဏာ အနည်းငယ်သာ ပေါ်တတ်သော်လည်း အချို့မှာမူ လက္ခဏာမပေါ်နိုင်တာလည်း ရှိပါတယ်။ဖြစ်နိုင်သောလက္ခဏာများမှာ
– ဆီးနည်းခြင်း
– ရေဓာတ်မစွန့်ထုတ်နိုင်သောကြောင့် ခြေထောက်၊ ခြေကျင်းဝတ်နှင့် ခြေဖဝါးများ ရောင်ရမ်းခြင်း
– မောပန်းခြင်း
– မူးမောခြင်း၊ အားအင်ကုန်ခမ်းခြင်း
– ပျို့အန်ခြင်း
– မှတ်ဉာဏ်ရောထွေးခြင်း
– ရင်ဘတ်အောင့်ခြင်း
– တက်ခြင်းနှင့် သတိမေ့ပျောက်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။
(3) ကျောက်ကပ် အလုပ်မလုပ်နိုင်စေသော အကြောင်းရင်းများမှာ
– ကျောက်ကပ်သို့ သွေးအလုံအလောက် မရောက်ရှိသောရောဂါများမှာ
– နှလုံးရုတ်တရက်ဖောက်ခြင်း
– နှလုံးရောဂါများ
– အသည်းပျက်ဆီးခြင်း
– ရေဓာတ်ခမ်းခြောက်ခြင်း
– ပြင်းထန်စွာ အပူလောင်ခြင်း
– ဓာတ်မတည့်မှုဖြစ်ခြင်း
– ပိုးဆိပ်တက်ခြင်း စသည်တို့အပြင် သွေးတိုးခြင်းနှင့် ရောင်ရမ်းမှု လျော့ကျစေသော ဆေးဝါးအချို့သည် ကျောက်ကပ်သို့ သွေးရောက်ရှိမှုကို လျော့ကျစေပါတယ်။
(4) ဆီးစွန့်ထုတ်မှု ပြဿနာများ
ကိုယ်ခန္ဓာမှ ဆီးမထွက်လျှင် အဆိပ်အတောက်များ ကျောက်ကပ်အတွင်း မြှင့်တက်လျှက်ရှိပါတယ်။အချို့ကင်ဆာများသည် ဆီးလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်စေပါတယ်။ ဥပမာ ဆီးကျိတ်၊ အူမကြီး၊ သားအိမ်ခေါင်းနှင့် ဆီးအိမ်ကင်ဆာများ
ဆီးထွက်မှုကို ပြဿနာဖြစ်စေသော ရောဂါများမှာ
– ကျောက်ကပ် ကျောက်တည်ခြင်း
– ဆီးကျိတ်ကြီးခြင်း
– ဆီးလမ်းကြောင်း သွေးခဲခြင်း နှင့် အာရုံကြောထိခိုက်ခြင်း စသည်တို့ကြောင့် ဆီးမထွက်နိုင်ဘဲ ကျောက်ကပ်ပျက်ဆီးခြင်း ဖြစ်စေပါတယ်။
(5) အခြားသောရောဂါများကတော့
– ကျောက်ကပ်သွေးခဲပိတ်ခြင်း
– ပိုးဝင်ခြင်း
– အဆိပ်အတောက်များစုပုံခြင်း
– အရက်နှင့်ဆေးဝါးများ
– သွေးကြောရောင်ခြင်း
– မွေးရာပါအရေပြားရောဂါများ
– ကင်ဆာဆေးအချို့
– ဆိုးဆေးများ
– ဆီးချိုရောဂါနှင့် ပိုးသတ်ဆေးဝါးတို့ကြောင့် ကျောက်ကပ်ပျက်ဆီးစေပါတယ်။
(6) ကျောက်ကပ် အလုပ်မလုပ်နိုင်သော အမျိုးအစား ၅ မျိုး ရှိပါတယ်။
– ကျောက်ကပ်သို့ သွေးလုံလောက်စွာ မရောက်သောကြောင့် အဆိပ်အတောက်များ မဖယ်ရှားနိုင်သောကြောင့် ကျောက်ကပ်ပျက်ဆီးခြင်း ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို ဖယ်ရှားကုသ၍ ရပါတယ်။
– ကျောက်ကပ် ထိခိုက်ဒဏ်ရာရ၍ ကျောက်ကပ်ပျက်ဆီးခြင်း၊ သွေးအလွန်အမင်းထွက်ခြင်း၊သွေးပေါင်ကျခြင်း၊ ကျောက်ကပ် သွေးကြောပိတ်ခြင်းနှင့် ကျောက်ကပ်ရောင်ခြင်းတို့ကြောင့်ကျောက်ကပ်အလုပ်မလုပ်နိုင်ပါ။
(7) ကျောက်ကပ် အလုပ်မလုပ်ခြင်းကို ရှာဖွေသိရှိနိုင်သော စစ်ဆေးမှု အများအပြားရှိပါတယ်။
– ဆီးစစ်ခြင်း
– သွေးစစ်ခြင်း (urea;creatinine:)
– အတ်ထရာဆောင်းရိုက်ခြင်း၊ CT နှင့် MRI ရိုက်ခြင်းစသည့်ဖြင့် ရှာဖွေစစ်ဆေးလို့ ရပါတယ်။
(8) ကုသနည်းများ
ကျောက်ကပ်အလုပ်မလုပ်ခြင်းရဲ့ အကြောင်းရင်းပေါ် မူတည်ကုသရပါတယ်။ ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်အစားထိုးသည် အထိ ပြုလုပ်ကုသရပါတယ်။
(9) ကာကွယ်နည်းများ
ကျောက်ကပ် ရောဂါမဖြစ်အောင် ရေများများသောက်ပါ၊ မလိုအပ်ဘဲ ဆေးမသောက်သင့်ပါ၊ပိုးသတ်ဆေးများနှင့် ထိတွေ့ခြင်း ရှောင်ပါ၊ ဆေးလိပ်အရက် ရှောင်ပါ ၊ကျောက်ကပ်ထိခိုက်သောအစားအစာများ ရှောင်ပါ။
Author : Dr. ပြည့်ရှင်း