ဆီးချိုသမားတွေအတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ အစားအသောက်ပါပဲ။အကြမ်းဖျင်းအားဖြင့် ဆီးချိုသမားတွေမှာ ကြိုက်သလောက်စားလို့ရတဲ့ အစားအစာဆိုရင် ဟင်းသီးဟင်းရွက်တွေရယ်၊ အသားတွေ၊ ငါးတွေရယ်ကို ကြိုက်သလောက်စားလို့ရပါတယ်။ ဆီပြန်ဟင်းစားလို့ ရပါတယ်။
ဆန်၊ ဂျုံ၊ ခေါက်ဆွဲကို အသင့်အတင့်စားလို့ရပါတယ်။အရမ်းမချိုတဲ့ သစ်တော်သီးတို့၊ပန်းသီးတို့စားလို့ရပါတယ်။ အရမ်းချိုတဲ့ အသီးတွေဖြစ်တဲ့ သရက်သီးတို့၊ ဒူးရင်းသီးတို့ စားမယ့်အချိန်မှာတော့ ဆီးချိုတက်နေရင် မစားပါနဲ့၊ ဆီးချိုမတက်ရင်တော့ စားလို့ရပါတယ်။ တစ်သက်လုံး မစားရဘူးဆိုတဲ့ အစာ ဘာမှမရှိပါဘူး။
အများဆုံး လွဲမှားတဲ့အချက်တွေကတော့ ဆေးတွေကို ရပ်လိုက်တာတို့၊ လျှော့သောက်ကြတာတို့တွေဖြစ်တာ များပါတယ်။ တစ်ခါတလေ အင်္ဂလိပ်ဆေးတွေ အကုန်ရပ်လိုက်ပြီးတော့ ဆေးမြီးတိုတွေ သောက်တာလည်းရှိပါတယ်။ တစ်ခါတလေ ပျားမီးစွဲရွက်တွေ သောက်တယ်၊ သကြားမကိုက်ရွက်တွေ သောက်နေတာလည်း ရှိပါတယ်။ ဒီပျားမီးစွဲရွက်တွေ၊ သကြားမကိုက်ရွက်တွေ သောက်လို့ရပါသလားလို့ မေးရင် ဒီဆေးမြီးတိုတစ်ခွက်သောက်လိုက်ရင် ဆီးချိုက ဘယ်လောက်ကျသွားလည်း မသိနိုင်ပါဘူး။ သူတို့ကို ရေရှည်စမ်းသပ်ထားတာလည်း မရှိပါဘူး။ ကိုယ့်အယူအဆနဲ့ ကိုယ်ဆေးမြီးတိုတွေ၊ တရုတ်ဆေးတွေ သောက်တာဟာဆီးချိုကျချင် ကျမယ်၊ ဒါပေမဲ့ ကိုယ့်အသက်ကိုတော့ အပ်ထားတာနဲ့ အတူတူပါပဲ။
ဆီးချိုထိန်းချုပ်မှု မကောင်းရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။ ခြေထောက်ဖြတ်ရတာ၊ မျက်စိမမြင်ရတော့တာတွေအထိ ဖြစ်တတ်ပါတယ်။
ဆီးချိုသမားတွေမှာ လွဲမှားတတ်တာ နောက်တစ်ခုက ဆီးချိုသမားတွေ ဖျားတဲ့အခါမှာ ဘာမှမစားတော့ဘူး။
ဘာမှမစားတော့တဲ့အတွက် ဆီးချိုဆေး တွေကို ရပ်ပစ်လိုက်ပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတွင်း သကြားဓာတ်က ပိုတက်လာပါတယ်။ အဲဒီအချိန်မှာ ဆီးချိုဆေးကို ရပ်လိုက်တဲ့အတွက်ကြောင့်သွေးတွင်း သကြားဓာတ်တွေ မထိန်းနိုင်တော့ဘဲဒုက္ခ ရောက်နိုင်ပါတယ်။
ဆီးချိုသမားတစ်ယောက်ဆေးမှန်မှန် သောက်ရဲ့လားလို့စစ်ရပါတယ်။ သူဆေးတွေကို လျှော့သောက်နေသလားလို့လည်း စစ်ပါတယ်။ လူနာတွေမှာဆီးချို အရမ်းကျသွားမှာစိုးတဲ့ စိတ်ကလည်း ရှိနေတာကိုတွေ့ရတဲ့အတွက် ဆေးကို လျှော့သောက်နေတာတွေလည်း ရှိပါတယ်။ အစားအသောက်ကို စစ်ရပါတယ်။ ဆီးချိုတက်ရင် ၇၀ ရာခိုင်နှုန်းကအစားအသောက်ကြောင့် ဖြစ်ကြတာပါ။