အစာအိမ်အောင့်ခြင်းနှင့် ဆောင်ရန် ရှောင်ရန်များ
အစာအိမ်အောင့်ခြင်းက အဖြစ်များသော အတွေ့ရများသော ရောဂါပါ။ ကျွန်တော်တို့ နေ့စဉ်စားသောက်သော အစားအစာများကို အစာအိမ်က ချေဖျက်ပေးပါတယ်။ အစာအိမ်မှာဖြစ်နိုင်တဲ့ ရောဂါတွေကတော့ အများကြီးပါ။ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်မှာအလုံးဖြစ်တာ၊ အစာအိမ်ကင်ဆာ အစာအိမ်အောင့်တာ စသဖြင့် အများကြီးဖြစ်နိုင်ပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာလည်း အဲဒီလူနာတွေများပါတယ်။ ဘာတွေရှောင်သင့်လဲ? ဟုတ်ပါတယ် ရှောင်ရတာတွေ များပါတယ် အဲဒါတွေမရှောင်ရင် လျော့မစားရင် ခဏခဏ ပြန်အောင့်တတ်ပါတယ်။ အဓိကကတော့ ဆေးလိပ် အရက်ကို ရှောင်ရပါမယ်။
လက်ရှိ အောင့်နေရင် ပိုပြီးရှောင်သင့်ပါတယ်။ အစားအသောက်ကတော့ အပူ အစပ် အချဉ် လက်သုပ်စာတွေ အပြင် ကော်ဖီ လက်ဖက်ရည် ပါရှောင်ရပါတယ်။ အစာကို ပျော့ပျော့နဲ့ နဲနဲစီပဲ စားသင့်ပါတယ် နဲနဲနဲ့ အကြိမ်အရေအတွက် များများ စားရပါတယ်။ အစာမခံ သင့်ပါဘူး။ အထူးသဖြင့် stress များသူတွေ အလုပ်များသူတွေပိုပြီး ဂရုစိုက်ရပါတယ် ။
အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်းတို့သည် သင်၏ အစာအိမ်ကျန်းမာရေး ကို များစွာအထောက်အကူဖြစ်သည်။ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပါ။ အစာကိုအချိန်မှန်စားပါ။ အမျိုးအစား မှန်စားပါ။ တစ်ခါစား မများစေရပါ။ အရက် မသောက်သင့်ပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိအား လျှော့ဖို့လိုသူက လျှော့ချပါ။ အစာပျော့ပျော့စားပါ။ စားပြီးလမ်းလျှောက်ပေးပါ။ အပူအစပ်များမစားပါနဲ့။ ရေများများ သောက်ပါ။ အစာစားတဲ့အခါ အဆီနည်းပါစေ၊ အဝကြီးတစ်ခါတည်းမစားပါနဲ့။
O သွေး အမျိုးအစား ရှိသူတွေဟာလည်း အစာအိမ်အောင့်တာ သူများတွေထက် ပိုဖြစ်တတ်လို့ သိရပါတယ်။ ဒါတွေ မရှောင်ရင် ခဏခဏ ဖြစ်မယ် ၊ ကြာလာရင် အစာအိမ်မှာ အနာပါဖြစ်လာနိုင်ပါတယ်။ သွေးထွက်တာ အစာအိမ် ပေါက်တာတွေပါဖြစ်လာရင်တော့ အရမ်းဆိုးသွားပါပြီ။ နောက်တစ်ခု ကတော့ အစာအိမ်မှာ H.pylori ဆိုတဲ့ ဘက်တီးရီးယားပိုး ရှိနေရင်လည်း မကြာခဏ အစာအိမ်အောင့် တတ်ပါတယ်။ လိုအပ်တဲ့ ကုသမှုကို အချိန်ပြည့်တဲ့အထိ တိတိကျကျ ကုသမှုခံယူရပါတယ်။
ကျန်းမာကြပါစေ
Dr Lynn