Haemangioma လို့ခေါ်တဲ့ သွေးလုံးလေးတွေက အန္တရာယ်ရှိလား
Haemangioma ဆိုတာ သွေးလုံးတွေကို ခေါ်တာပါ။ ဒီသွေးလုံးလေးတွေက အလိုလိုဖြစ်လာတတ်တယ်။ Haemangioma သွေးလုံးတွေက ရိုးရိုးအကျိတ်ပါ၊ ကင်ဆာမဟုတ်ပါဘူး။
သွေးကြောတွေရှုပ်ထွေးများပြီး သွေးစီးဆင်းမှုများလာတာကနေ ဖြစ်လာတာပါ။ ဒီ Haemangioma သွေးလုံးတွေက မွေးကာစလေးတွေမှာလည်း ဖြစ်တတ်တယ်။ မွေးရာပါလည်း ဖြစ်တတ်တယ်။ အသက်ကြီးမှ လည်းဖြစ်နိုင်တယ်။
အရေပြားနေရာတိုင်းမှာဖြစ်နိုင်တယ်။ ဦးခေါင်းမျက်နှာ လည်ပင်း ကျောဘက် လက် နဲ့ ခြေ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ ဦးနှောက်နဲ့ အသည်းမှာလည်းဖြစ်နိုင်ပါတယ်။
မွေးကာစလေးတွေမှာဖြစ်တဲ့ သွေးလုံးတွေကို Infantile haemagioma လို့ခေါ်ပါတယ်။ မွေးပြီးတစ်ပတ်လောက်မှာစဖြစ်လာပါတယ်။ ပန်းရောင်လိုလို အပြာရောင်လိုလို အဖုလေးတစ်ခု စဖြစ်ပါတယ်။ ဒီအဖုက တစ်ဖြည်းဖြည်းအပေါ်ကို ဖောင်းပြီးကြီးလာတတ်ပါတယ်။
အသက် လေးလ ဒါမှမဟုတ် ကိုးလလောက်မှာ အပြင်ကိုဆက်ကြီးမလာတော့ဘဲ ဒီအတိုင်းတောက်လျှောက်ဆက်ရှိနေတတ်ပါတယ်။ မွေးရာပါ ဖြစ်တဲ့ သွေးလုံးအများစုက တစ်ဖြည်းဖြည်းပြန်ကျုံ့ပါတယ်။ အပြီးတော့မပျောက်သွားပါဘူး။ အရေပြားမှာ အနီစက်လိုမျိုး မာမာခဲခဲလေးတွေတော့ကျန်နေတတ်ပါတယ်။
မွေးရာပါဖြစ်တာတွေကတော့ Congenital haemangioma လို့ ခေါ်ပါတယ်။ ဒီလိုသွေးလုံးမျိုးကျတော့ မွေးတည်းက သေချာဖြစ်ပြီးသားတွေ့ရတတ်တယ်။ တစ်ချို့အမျိုးအစားကပြန်ကျုံ့တတ်ပေမယ့် လုံးဝပြန်မကျုံ့တာမျိုးလည်းရှိတတ်တယ်။ ရှိပြီးသားအရွယ်ထက်လည်း အများကြီးထပ်ပြီးမကြီးတတ်ဘူး။ ဒီသွေးလုံးအမျိုးအစားတွေက အရေပြားတွေမှာဖြစ်တတ်တာတွေပါ။
ဒီသွေးလုံးလေးတွေကိုကြည့်ရင် အနီလိုလို ပန်းရောင်လိုလို အပြာလိုလို အလုံးလေးတွေတွေ့ရပါတယ်။ ကိုင်ကြည့်ရင် ဘေးကအရေပြားတွေထက်ပိုပြီးနွေးနေတတ်တယ်။ ဖိလိုက်ရင်အပြီးထိ ချိုင့်ဝင်တယ် လွှတ်လိုက်တော့ချက်ချင်းပြန်ပြည့်လာတတ်ပါတယ်။ တစ်ချို့တွေကတော့ သွေးလုံးအပေါ်မှာ အနာလေးတွေ ဖြစ်နေတတ်တယ်။
ကလေးတွေမှာ ပေါင်မပြည့်တဲ့ကလေးတွေ လမပြည့်တဲ့ကလေးတွေ မှာ ပိုဖြစ်တတ်ပါတယ်။ သွေးလုံး Haemangioma ဟုတ်မဟုတ်သေချာဖို့ Doppler အာထရာဆောင်းရိုက်လို့ရပါတယ်။ နောက်ထပ် Haemangioma ဖြစ်နိုင်တဲ့ နေရာကတော့ အသည်းမှာပါ။ သွေးလုံးက ဘာရောဂါလက္ခဏာမှမပြတတ်ဘူး။ တစ်ခြားတွေအတွက် စစ်ဆေးရင်းနဲ့ အာထရာဆောင်းရိုက်ရင်းနဲ့ တွေ့ရတတ်ပါတယ်။
အသည်းမှာ Haemangioma တွေ့ထားတယ်ဆိုရင်ရင်တော့ ဒီသွေးလုံးက ဒုက္ခပေးတာလား မပေးဘူးလား စစ်ဖို့လိုပါတယ်။ အသည်းကို အာထရာဆောင်းရိုက်ရုံမရပါဘူး လိုအပ်ရင် CT ဖြစ်ဖြစ် MRI ဖြစ်ဖြစ် ရိုက်ရပါတယ်။
အသည်းအတွက်လည်း Liver function test တွေ စစ်ထားလို့ရတယ်။ အဖြေတွေကောင်းနေတယ်။ သွေးလုံးသက်သက်ပဲဆို ဘာမှလုပ်ဖို့မလိုပါဘူ။း သွေးလုံးအရွယ်ကတော့ နည်းနည်းပိုကြီးတတ်တယ် ၆ လတခါလောက် အာထရာဆောင်းရိုက်နေလို့ရပါတယ်။
တစ်ခါတစ်လေမှာတော့ အသည်းမှာဖြစ်တဲ့ Haemangioma သွေးလုံးတွေက တစ်ခြားရောဂါတွေဖြစ်တဲ့ Klippel-trenaunay-weber syndrome, Osler-rendu-weber syndrome, Von hippel- lindaul syndrome စတဲ့ သွေးရောဂါလေးတွေနဲ့ သက်ဆိုင်တတ်ပါတယ်။ ဒါတွေကြောင့်ဖြစ်တာမျိုးဆို အရေပြားမှာလည်း အနီစက်လိုမျိုးတွေ တွဲတွေ့ရတတ်ပါတယ်။
နောက်တစ်နေရာကတော့ ဦးနှောက်ထဲမှာပါပဲ သွေးကြောဖွဲ့စည်းမှုတွေမှာ ပုံစံတွေ မမှန်ဖြစ်ပြီး သွေးကြောတွေဖောင်းနေတာကနေ ဖြစ်တတ်ပါတယ်။ သွေးကြောတွေဖောင်းနေတာကြောင့်သွေးစီးဆင်းမှုလည်း နှေးသွားတယ်။ ဦးနှောက်တစ်သျှူးတွေမှာလည်း သွေးလှည့်ပတ်မှု မကောင်းတာတွေဖြစ်လာတတ်တယ်။
သွေးလုံးကြီးတာကြောင့်လည်း ဦးနှောက်တစ်သျှူးတွေဖိခံရတတ်ပါတယ်။ သွေးလုံးအရွယ်အစားပေါ်မူတည်ပြီး ရောဂါလက္ခဏာပြတတ်ပါတယ်။ သွေးလုံးသေးတယ်ဆိုရင် ဘာမှမဖြစ်ပေမယ့် သွေးလုံးကြီးတယ်ဆိုရင်တော့ ခေါင်းကိုက်တာ အာရုံကြောထိခိုက်တာတွေ တက်တာတွေ လေဖြတ်တာတွေအထိ ဖြစ်နိုင်ပါတယ်။
ဦးနှောက်ထဲမှာ သွေးလုံးဖြစ်တယ်ဆိုရင်တော့ လိုအပ်ရင် ခွဲထုတ်ရပါတယ်။ အရွယ်သိဖို့အတွက် CT, MRI စတာတွေနဲ့ စစ်ဆေးထားဖို့လိုပါတယ်။ Haemangioma သွေးလုံးတွေက မလိုရင် မခွဲပါဘူး။ သူ့အလိုလိုလည်းမပျောက်ပါဘူး။ အရေပြားမှဖြစ်တာတွေက တစ်ခုခုနဲ့ထိခိုက်မိတယ်ဆိုရင် သွေးထွက်များတတ်ပါတယ်။ ကုမယ်ဆိုရင်တော့ ခွဲစိတ်တာတစ်ခုပဲ ရပါမယ်။
Dr. CST