ကျော်လင်းတစ်ယောက် သစ်တော အရာရှိဖြစ်ကတည်းက နယ်တွင် တာဝန်ကျနေသည်မှာ ၁၅ နှစ်ကျော်ခဲ့လေပြီ။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် တာဝန်များလှည့်လည် ထမ်းဆောင်နေခဲ့၏။ အခုတော့ ရှမ်းပြည်ကို ပြန်ရောက်နေသည်။ သားနှင့် သမီးကိုတော့ ပညာရေးအတွက် ရန်ကုန်တွင်ရှိသော မိဘများဆီသိ့ု ပို့ထားသည်။ အမျိုးသမီးကသာ ရန်ကုန်နှင့် ရှမ်းပြည်ကို ကူးချည်သန်းချည် လုုပ်နေသည်။ သားနှင့် သမီးကလည်း မိဘများဆီကို နွေကျောင်းပိတ်ရက်မှသာ လာချင်သည်။ ရန်ကုန်တွင်သာ ပျော်ကြပုံရသည်။ ဝန်ထမ်းဘဝဆိုတော့လည်း တာဝန်ကျရာသွားခဲ့ရတာချည်း။ အလုပ်ဝင်ကာစက ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ အမျိုးသမီးကတော့ ရန်ကုန်နှင့် ချင်းပြည်ကို ကူးချည်သန်းချည်။ ချင်းပြည်နယ်တွင် နယ်ဖက်ဆင်းရင်း ကိုကျော်လင်းတစ်ယောက် ငှက်ဖျားပိုးရရှိခဲ့သည်။ ငှက်ဖျားက ပြင်းပြင်းထန်ထန်ကြီးဖြစ်နေသည်တော့ မဟုတ်။
ဆေးမြီးတိုလေးနှင့် ပျောက်ကင်းခဲ့သည်။ အခုလည်း ငှက်ဖျားက သုံးနှစ်တစ်ကြိမ်လောက် ပြန်ပြန်ဖြစ်တတ်သည်။ ဆေးခန်းလေးသွားပြီး ဆေးသောက်လိုက်လျှင် ရောဂါပျောက်သွားသည်။ ငှက်ဖျားပြန်ထတိုင်းစိတ်ညစ်ရသည်။ တော်သေးသည်။ တစ်နှစ်တစ်ကြိမ်လောက် ပြန်ပြန်ဖြစ်မနေလို့။ ဆေးရုံတတ်ပြီးကုသရတဲ့ အထိတော့ ငှက်ဖျားကမပြင်းထန်ပေ။ သူ့အတွက်ကလည်း ဆေးရုံတက်ရဖို့ အခြေအနေမပေး။ ဖြစ်သည့်အခါတိုင်းတောထဲရောက်နေတတ်သည်။ ဒီတစ်ခေါက်လည်း အမျိုးသမီးရန်ကုန်ပြန်သွားတုန်း ငှက်ဖျားပြန်ထသည်။ နီးစပ်ရာ ဆေးခန်းသွားပြသည်။
“ခဏခဏ ဖြစ်နေတာ စိတ်ညစ်လာပြီဆရာရယ်”
တစ်ယောက်တည်း အားငယ်နေချိန်မို့ ကိုကျော်လင်းတစ်ယောက် ဆရာဝန်ကို အားကိုးတကြီး ပြောလိုက်သည်။
“ငှက်ဖျားက ပျောက်အောင်ကုလို့ရပြီမလား ဆရာ”
“အမြစ်ပျောက်အောင် ကုလို့ရပါတယ်”
ကိုကျော်လင်းတစ်ယောက် ဆရာဝန်အဖြေစကားကိုကြားရသည်မှာ အားရဝမ်းသာဖြစ်သွားသည်။
“အရင်ကတော့ မရဘူးနော်”
“ဟိုးအရင်တုန်းကတော့ မရခဲ့ဘူးပေါ့။ ဆေးယဉ်ပါးတာတွေ၊ ဆေးတွေကို အတိအကျမသောက်ပဲ ဖျားတာပျောက်တာနဲ့ဆေးရပ်လိုက်တာတွေကြောင့် ငှက်ဖျားက အရှင်းမပျောက်တာပါ။ အခုခေတ်က ခေတ်မီ ဆေးဝါးတွေ ပေါ်နေပါပြီ။ ဆေးကို သောက်ရမဲ့ ရက် အပြည့်သောက်ရင် ပျောက်ပါတယ်။”
“ဆရာ့ စကားကြားရတာ ဝမ်းသာလိုက်တာ”
“အရင်ကဆိုရင် ငှက်ဖျားရှိမရှိစစ်ဆေးရတာ နယ်တွေ တောတွေမှာ သိပ်ခက်ခဲတယ်။ အခုဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ ဆီမှာ ဖျားရင်ငှက်ဖျားဟုတ်မဟုတ် စစ်မေးလို့ရတဲ့ ကိရိယာလေးတွေ ရှိနေပြီ။ ဖျားတာနဲ့ လက်ထိပ်လေး ဖောက်ပြီးသွေးစစ်လိုက်တာနဲ့ အဖြေကို ချက်ချင်းသိရတယ်။ ”
ဆရာဝန်လေးမှ စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
“လွယ်ကူလိုက်တာနော်။ ဟိုးအရင်ကဆိုရင် ဒါမျိုးတွေ မရှိဘူး။ ခုခေတ်မှာ လူဖြစ်တဲ့သူတွေ သိပ်ကံကောင်းတယ်”
ကိုကျော်လင်းတစ်ယောက် အရင်ခေတ်အခြေအနေကို ဆရာဝန်လေးအား ပြောပြလိုက်သည်။
“ခေတ်တွေကလည်း ပြောင်းလာပြီလေ။ ဆေးဝါးတွေလည်း ကောင်းမွန်လာပြီ။ ဆေးတွေကိုမှန်မှန် သောက်ဖို့ပဲလိုတယ်”
“ဟုတ်ကဲ့ပါဆရာရယ်။ ဆရာ့ စကားကြားရတာ အားရှိလိုက်တာ။ ငှက်ဖျားက ခဏခဏ ပြန်ပြန်ဖြစ်တော့ အားငယ်တယ်။ ငါတော့ တစ်သက်လုံး ဒီငှက်ဖျားရောဂါနဲ့ပဲ သေတော့မယ်လို့ထင်နေတာ။”
ကိုကျော်လင်းတစ်ယောက် သူ့ရင်ထဲရှိတာတွေ ကို ဖွင့်ပြောလိုက်သည်။
“အခုခေတ်မှာ ငှက်ဖျားဆိုတာ ကြောက်စရာကောင်းတဲ့ ရောဂါမဟုတ်တော့ဘူးလေ”
“အရင်ကလည်း ကျွန်တော်က တောထဲမှာ နေတဲ့ သူဆိုတော့ ဆရာဝန်တွေနဲ့လည်း စနစ်တကျမကုခဲ့ရဘူ။ ဒီလိုပဲ ကြုံရာ ပြနေတော့ အရှင်းမပျောက်တာနေမှာ”
“ဟုတ်မှာပါ။ အခုတော့ သွေးစစ်ကြည့်ပြီးပြီ။ ငှက်ဖျားသေချာနေပြီ။ ဆေးသေသေချာချာ သောက်ရင် ပျောက်ပါပြီ။”
“ကျေးဇူးတင်ပါတယ် ဆရာရယ်။ ကျွန်တော် အရမ်းကို ကျေးဇူးတင်ပါတယ်”
“ကောင်းပါပြီ။ ဆေးကိုတာ ကျွန်တော် ပြောတဲ့ အတိုင်းသောက်ပါ”
“ဟုတ်ကဲ့ပါ ဆရာရယ်”
ကိုကျော်လင်းတစ်ယောက် ဆေးဝါးများကို အတိအကျ မှီဝဲပြီးတဲ့ အချိန်မှာတော့ ငှက်ဖျားရောဂါ ပျောက်သွားသည်။ ဒီတစ်ခေါက်တောထဲက အပြန်တော့ ဆရာလေးအိမ် အတွက် သစ်ခွပန်းပင်များ လက်ဆောင် သွားပေးလိုက်မည်ဟု အားခဲထားလိုက်သည်။
Author – ဒေါက်တာအေးချမ်းမိုး