အပူရှပ်ခဲ့ရင် ဘာတွေလုပ်ရမလဲ (Heat Stroke)
အရမ်းပူတဲ့ အပူချိန်နဲ့ အချိန်ကြာကြာထိတွေ့တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်က 104°F (40°C) ထိ တက်သွားနိုင်ပြီး ကိုယ်ခန္ဓာအပူလွန်ကဲပြီး အပူရှပ်သွားတာပါ။ များသောအားဖြင့် နွေရာသီမှာ အဖြစ်များပါတယ်။ အပူရှပ်တာကို ချက်ချင်း သက်သာအောင် မလုပ်ပေးနိုင်ရင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေ ပျက်စီးနိုင်ပြီး အသက်ဆုံးရှုံးနိုင်လို့ အပူရှပ်ရင် အရေးပေါ်ကုသ မှုချက်ချင်း ပြုလုပ်ဖို့လိုပါတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်တက်ပြီး ခြစ်ခြစ်တောက်ပူနေမယ်။
စိတ်ကယောင်ခြောက်ခြား၊ ထင်ယောင်ထင်မှားတွေဖြစ်မယ်။ရာသီဥတုပူလို့ အပူရှပ်ရင် ခန္ဓာကိုယ်တစ်ခုလုံးချွေးမထွက်ဘဲ ခြောက်ပြီး ပူခြစ်နေတယ်။ အရေပြားတွေအနီရောင်ပြောင်းနေနိုင်တယ်။ ပျို့အန်မယ်။ ခေါင်းကိုက်မယ်။ အသက်ရှုမြန်မယ်။ နှလုံးခုန်မြန်မယ်တွေ ဖြစ်နိုင်ပါတယ်။
ရာသီဥတုအရမ်းခြောက်သွေ့ပူပြင်းရင် ခန္ဓာကိုယ်အပူချိန်လည်း လိုက်မြင့်လာ ပါ တယ်။ အသက်ကြီးတဲ့လူတွေနဲ့ နာတာရှည်ရောဂါသည်တွေအဖြစ်များပါတယ်။လေ့ကျင့်ခန်းပြင်းပြင်ထန်ထန်လုပ်ရင် ရာသီဥတုပူတာနဲ့ပေါင်းပြီ ခန္ဓာကိုယ်တွင်း အပူချိန်မြင့်တက်ပြီး အပူရှပ်တတ်ပါတယ်။ အဝတ်အစားထူထူထဲထဲတွေဝတ်ရင်- ခန္ဓာကိုယ်က ချွေးတွေအလွယ်တကူ အငွေ့မပြန်နိုင်ဘဲ အပူအောင်းပြီး အပူရှပ်နိုင်ပါတယ်။ အရက်သောက်ရင် – ခန္ဓာကိုယ်အပူချျိန်ထိန်းညှိပေးတဲ့စနစ်ကို ပျက်စေပါတယ်။ ချွေးထွက်များသလောက် ရေနဲ့ဓာတ်ဆားရည်အလုံအလောက် မဖြည့်တင်းပေး နိုင်ရင်လည်း အပူရှပ်တတ်ပါတယ်။
အပူရှပ်တဲ့လူနာကို အရိပ်ရတဲ့နေရာတွေ၊ အဲယားကွန်းခန်းတွေထဲကို ချက်ချင်း ခေါ်သွားပါ။ ရေအေးနဲ့ဖြန်းတာတွေ၊ ရေစိုအဝတ်တွေနဲ့သုတ်ပေးပါ။ ပန်ကာ/ လေအေးပေးစက်ဖွင့်ထားပါ။ ရေအေးအေးနဲ့ ရေချိုးပေးပါ။ ရေများများသောက်ပါ။ ဓာတ်ဆားရည်သောက်ပေးပါ။ (ဒါပေမယ့် ရောဂါအခဲရှိလို့ ရေလျှော့သောက်ခိုင်းသူတွေမှာတော့ သတိထားရပါမယ်)
သကြားများတဲ့အရည်၊ ဂတ်စ်များတဲ့အချိုရည်တွေ၊ အရက်တွေ လုံးဝမသောက်ပါ နဲ့။ အပူရှပ်တာကို အပေါ်က နည်းလမ်းတွေနဲ့ အရင်လုပ်ထားလို့ရပေမယ့် မလုံလောက်ပါဘူး။ ဆေးရုံကို ချက်ချင်းခေါ်သွားရပါမယ်။
ရာသီဥတုအရမ်းပူတဲ့အချိန်လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့။တတ်နိုင်ရင် အပြင်မထွက်ဘဲအရိပ်ရတဲ့အောက်မှာပဲနေပါ။အားလုံးပဲပူပြင်းတဲ့နွေရာသီကာလမှာ အပူမရှပ်ရအောင် ကျန်းမာရေး အသိ၊ သတိရှိနိုင်ကြပါစေနော်။
Dr. Lynn