ခုတလော ဆောင်းအကုန် နွေအကူးမို့လား မသိ။ မိုးလေးဖွဲဖွဲနဲ့ မုတ်သုန်မိုးတို့ နှုတ်အဆက်
နဲ့အတူ ချမ်းစိမ့်သော ဆောင်းလေတို့တိုက်ခတ်ကြိုဆိုလျက်မို့ ဇီဝကတစ်ယောက် ဆေးခန်းလေး
ထဲ ကော်ဖီနွေးနွေးလေးနဲ့ ပတ်ဝန်းကျင်ကို စိတ်ဝင်စားနေခိုက်။ဆေးခန်းထဲသို့ မိမိရဲ့ ညီမသဖွယ်
ဖြစ်နေသော ဝတ်ဆံတစ်ယောက် မျက်နှာကို လက်ကလေးကာလျက် ဝင်လာလေသည်။
ဇီဝက ။ ။ ဟေ့ ဝတ်ဆံ။ဘယ်လိုဖြစ်လာတာတုန်း ။ညည်းနောက်က ပါပါရာဇီသတင်းထောက်
တွေများ လိုက်လာလို့လား ။လူသိ မခံချင်လို့ မျက်နှာကိုလက်နဲ့ ကာနေတာလား။
ဝတ်ဆံ ။ ။ ဟာ ဆရာကလည်း ၊ဟုတ်ရပါဘူး။
ညီမလေ လူတွေမြင်မှာ ရှက်လို့။
ဇီဝက ။ ။ ဟဲ့ ဘယ်လိုဖြစ်တာလဲ ။ပြောစမ်းပါဦး ။နင်ဟာက အရင်းမရှိ ၊အဖျား မရှိ။
ဝတ်ဆံ ။ ။ ဟီး ၊ဟုတ်သား ။ဒီလို ဆရာရေ ၊ညီမ နှုတ်ခမ်းထောင့်နားမှာလေ အရည်ကြည်
ဖု လို အနာစိုတိုတို လေးပေါက်နေတာ ။အဲတာ သူများတွေမြင်ရင် ရှက်လို့ ။
ဇီဝက ။ ။ အေး ၊ဆရာ တစ်ချက် ကြည့်ရအောင်။
စမ်းသပ်ပြီးနောက်
ဇီဝက ။ ။ ဖြစ်တာ ဘယ်လောက်ကြာပြီလဲ ၊ဝတ်ဆံ ။
အရင်တုန်းကရော ဒီလို ဖြစ်ဖူးလား ။
ဝတ်ဆံ ။ ။ ခုဖြစ်တာ ၂ပတ်လောက်ရှိပြီ ။
အရင်တုန်းကလည်း ခုလိုပဲဖြစ်လိုက်ပျောက်လိုက်နဲ့ ခုဟာက နည်းနည်းကြာနေ
လို့။
ဇီဝက ။ ။ တခြားဘာဖြစ်သေးလဲ ။
ဝတ်ဆံ ။ ။ စပ်ဖျဉ်း စပ်ဖျဉ်းနဲ့ ယားတယ်ဆရာ ။နည်းနည်းလည်း နာတယ် ။
အားပါးတရတောင် မရယ်နိုင်တော့ဘူး ။
ဇီဝက ။ ။ လတ်တလော ဖျားတာ နာတာ ၊အအေးမိတာ ရှိလား ။
နေ့လည်ဘက် နေပူထဲ သွားရတာမျိုးရှိလား ။
ရာသီလာနေတာရှိလား ။
ဝတ်ဆံ ။ ။ ဒါမဖြစ်ခင်ကတော့ ၃-၄ ရက်လောက် အအေးမိပြီး ဖျားလိုက်သေးတယ် ။
ကျန်တာတော့ ဘာမှမဖြစ်ဘူး ၊ဆရာ ။
ညီမ ဘာဖြစ်တာလဲ၊ ဟင်။
ဇီဝက ။ ။ အေး ဖြစ်တာပြောရမယ်ဆိုရင် နှုတ်ခမ်းရေယုုန် ပေါက်တာကွဲ့။
ကိုးလ်စိုး Cold Sore လို့လည်းခေါ်တယ် ၊ဝတ်ဆံ ရ။
ဝတ်ဆံ ။ ။ သူက ဘာကြောင့် ဖြစ်တာလဲ ၊ဆရာ ။
ဇီဝက ။ ။ ဘာကြောင့်ဖြစ်တာလဲ ဆိုရင် ဗိုင်းရပ်စ် ပိုးတစ်မျိုးကြောင့် ဖြစ်တာ ။
အဲ့ဒီပိုးကို ဟားပီးစင်ပလက် အမျိုးအစား ၁ (Herpes simplex type 1)
လို့ခေါ်တယ် ဟ။
ဝတ်ဆံ ။ ။ အဲ့ဒီပိုးက ဘယ်လိုဖြစ်လို့ ကူးစက်ခံရတာလဲ ၊ဆရာ ။
ဇီဝက ။ ။ အရေပြားကတစ်ဆင့် ကူးစက်သလို အနာကထွက်တဲ့ အရည်ကြည်တွေ ထိမိ
ကိုင်မိ အကြင်နာပေးမိရာကနေ ကူးတတ်တယ်။
သူက တစ်ခါဖြစ်ပြီး ခန္ဓာကိုယ်ထဲ အောင်းနေရော ။
ကိုယ်ခံအားကျတဲ့ အချိန် (ဥပမာ- အအေးမိ ၊ဖျားနာတဲ့အချိန် ၊ဆီးချိုသမားတွေ ၊
ခုခံအားကျရောဂါရှိသူတွေ ၊စတီးရွိုက်ဆေးစွဲသောက်နေသူတွေ) ၊ရာသီဥတုအေး
တဲ့အချိန်တွေ ၊လေအရမ်းအတိုက်ခံရတဲ့အချိန်တွေ ၊နေပူထဲ သွားရသူတွေ ၊စိတ်
ဖိစီးမှုရှိတဲ့သူတွေ ၊ဟိုလ်မုန်းဓာတ်အပြောင်းအလဲဖြစ်ချိန်တွေ(ရာသီလာချိန်)
စတဲ့ အနေအထားတွေမှာ ပြန်လည် ကြွလာတတ်တယ်။ပြန်ဖြစ်တတ်တယ်ပေါ့
ဟာ။
ဝတ်ဆံ ။ ။ ရောဂါလက္ခဏာကရော ဆရာ ။
ဇီဝက ။ ။ ညည်းဖြစ်သလိုပေါ့ ကွယ်။
ပထမ အရည်ကြည်ဖုပေါ်မယ် ။နောက် တင်းပြီး နာလာမယ် ။အရည်အိတ်
ကလေးတွေ ပေါက်သွားရင် ယားလာမယ် ။နောက်ပြီး အနာဖေးလေးတွေ
တက်လာမယ် ။
ပုံမှန်ဆိုရင် ၁၀ ရက်လောက်ဆို သူ့ဘာသာသူ ပျောက်သွားတတ်တယ် ။
၁၀ ရက်ကျော်တဲ့ အထိ မသက်သာရင် ၊ဒါမှမဟုတ် တခြားနေရာတွေ ဥပမာ-
မျက်စိပတ်လည်တို့ ၊အရေပြားမှာတို့ပေါက်ရင် ဆရာဝန်နဲ့ အမြန်ပြသင့်တယ်။
ဝတ်ဆံ ။ ။ ဘယ်လိုကုသမှုခံယူရမလဲ ၊ဆရာ။
ဇီဝက ။ ။ ဟုတ်ပြီ ၊ဆရာ ညီမကို အေဆိုင်ကလိုဗာ (Aciclovir) ဆိုတဲ့ လိမ်းဆေးလေး
ပေးလိုက်မယ် ။တင်းပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်လာတာနဲ့ ရေခဲဝတ် ၊ရေခဲဖတ် ၊ရေခဲ
အိတ်ကို ကပ်ပေးလို့ ရတယ်။ တစ်ခါကပ် ၅ မိနစ်လောက်ကပ် ။နာရီဝက်ကြာ
ရင်ထပ်ကပ် ။သက်သာတဲ့အထိပေါ့ ဟာ ။ အနာသက်သာ အကျက်မြန်ဖို့
လက်ဖက်ဆီ (Teatree oil) လည်း လိမ်းလို့ရတယ် ။ကိုက်ရင် နာရင် အကိုက်
ခဲပျောက်ဆေးလေးပေးလိုက်မယ် ၊ဟုတ်ပလား။
အကောင်းဆုံးကတော့ ပြန်မကြွအောင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ ။
ဝတ်ဆံ ။ ။ ဘယ်လိုကာကွယ်ရမလဲ၊ ဆရာ ။ညီမလည်း ခဏ ခဏ ဖြစ်တတ်တော့ သိထား
ရအောင်ပါ။
ဇီဝက ။ ။ ကိုယ်ခံအားနည်းအောင်မနေနဲ့ပေါ့ဟာ ။အာဟာရပြည့်ဝစွာ စားသောက်။
အိပ်ရေး ဝအောင်အိပ် ။ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ် ။ဆီးချို သမားတွေဆို
ဆီးချိုကို နိုင်အောင်ထိန်း ။စိတ်ဖိစီးမှုတွေကို လျှော့ ။နေပူထဲတို့ ၊လေစိမ်းတိုက်
တာတို့ မခံနဲ့ ။ဒါမှမဟုတ် အကာအကွယ်ဆောင်း ။တတ်နိုင်သမျှ အအေးမမိ
စေနဲ့ ။အိုးခွက် ပါးကန်တို့ ၊မျက်နှာသုတ်ပဝါတို့ကို ရေယုန်နာပေါက်နေတဲ့သူနဲ့
အတူ မျှမသုံးမိစေနဲ့ ။နှုတ်ခမ်းချင်း အကြင်နာတွေ မပေးမိစေနဲ့။
ဟုတ်ပြီနော် ၊မိဝတ်ဆံ။
ရှေ့မှာ ဆေးထုတ်သွား ။နောက် ၂ ရက်နေရင် ပြန်လာပြ။
အခြေအနေကြည့်ရအောင်။
ဝတ်ဆံ ။ ။ ဟုတ်ကဲ့ပါ ဆရာ ။ကျေးဇူးလည်းတင်တယ် ဆရာ။
ဆက်ဆက် လာခဲ့ပါ့မယ်။
Author – ခေတ်သစ်ဇီဝက