အရိုးတွေ နာတယ် ၊ အဆစ်တွေနာတယ်ဆိုတာနဲ့ ငါတော့လေးဖက်နာ ဖြစ်နေပါပြီဆိုတဲ့အတွေးကို တော်တော်များများက တွေးတတ်ကြပါတယ်။ တချို့က အကိုက်အခဲပျောက်ဆေးလေး စားလိုက်တယ်၊ တချို့က ဆေးပူလေးလိမ်းလိုက်တယ်။ အကိုက်အခဲပျောက်ဆေးတွေစား ဆေးပူတွေလိမ်းပေမယ့် မသက်သာတဲ့အခါမှာတော့ နီးစပ်ရာ နေရာကို သွားပြီး လေးဖက်နာပိုးစစ်ချင်လို့ပါဆိုပြီး မိမိဘာသာ ဆေးကုကြတဲ့သူတွေ ရောဂါနာမည်တပ်လာတဲ့သူတွေကို စာရေးသူအနေနဲ့ များစွာ တွေ့ဖူးမြင်ဖူးပါတယ်။
တချို့က သိကျွမ်းနားလည်တဲ့သူတွေနဲ့တွေ့လို့ အဖြေပေါ်ပေမယ့် တချို့ကတော့ ASO လေးဖောက်စစ်ပြီး ပုံမှန် ၂၀၀ ထက်အနည်းငယ်လေး စွန်းနေရုံနဲ့ ဒါတော့လေးဖက်နာပဲ။ လေးဖက်နာပိုးက ဘယ်လောက်တောင် ရှိတယ်ဆိုပြီး ဆေးထိုးဆေးစားလုပ်ခိုင်းတဲ့သူတွေလည်း များစွာတွေ့ရသည်ပင်။ ဒီလိုနဲ့ ရောဂါက တခြားဆေးကတခြားဖြစ်ပြီး ရောဂါပိုဆိုးပိုကျွမ်းသွားတဲ့သူတွေ ရှိသလို နေထိုင်မှု ပုံစံမှားယွင်းလို့ အဆစ်နာ ခံစားနေရပေမယ့် ပိုးသတ်ဆေးကို ကာလရှည်သောက်လိုက် ထိုးလိုက်လုပ်ပြီး ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားသင့်ဘဲ ခံစားနေရသူများလည်း ရှိတယ်။
အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီး ရှိပါတယ်။ ဒါကြောင့် ဘယ်လိုနာရင် ဘာရောဂါဖြစ်နိုင်တယ်ဆိုတာကို သေချာရှာဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်ခြင်းရဲ့ နောက်ကွယ်မှာ အသက်အန္တရာယ်ကို ဘေးဒုက္ခ ဖြစ်စေနိုင်တဲ့အထိ ဆိုးဝါးပြင်းထန်တဲ့ရောဂါတွေ ရှိနေနိုင်လို့ပါ။ ဒီတော့ အရိုးအဆစ်တွေ နာလာပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ သွားရောက်ပြသသင့်ပါတယ်။
သွားရောက်ပြသတဲ့အခါမှာတော့ သင့်ကို မေးနိုင်တဲ့မေးခွန်းတွေကတော့ အရိုးအဆစ်တွေ နာတာကြာပြီလား။ ဘယ်အဆစ်တွေ နာတတ်တာလဲ။ တစ်ဖက်တည်း နာတာလား၊ ဒါမှမဟုတ် နှစ်ဖက်ရှိတဲ့အဆစ်တွေဆို နှစ်ဖက်လုံးနာတာလား။ ရောင်သေးလား။ ဘယ်အချိန်တွေဆို နာလဲ။ ဘယ်လိုနေရင် သက်သာလဲ။ နာတာပြင်းထန်လား။ ပုံမှန်လှုပ်ရှားမှုတွေ လုပ်နိုင်လား။ ဖျားသေးလား။ ဆီးတွေ ပူတာကျဉ်တာတွေ ရှိလား။ ပိန်သွားသေးလာ။ ဘာအလုပ်လုပ်လဲ စတဲ့မေးခွန်းများစွာ မေးနိုင်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ဖြေပေးဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမေးခွန်းရဲ့ အဖြေတွေကို လိုက်ပြီး ဘာရောဂါ ဖြစ်နိုင်တယ်ဆိုတာ ဆန်းစစ်ရမှာမို့ပါ။
အရိုးအဆစ်တွေနာတဲ့အခါ အသက်အရွယ်၊ ကျား၊ မ ပေါ်လိုက်ပြီး၊ နာတဲ့အဆစ်နေရာတွေ နာတဲ့ပုံစံတွေကိုလိုက်ပြီး ဖြစ်နိုင်တဲ့ရောဂါတွေ ကွဲပြားလို့ပါ။ တကယ်လို့ အသက်က ၅ နှစ်က ၁၅ နှစ်အတွင်းလည်း ဖြစ်တယ် အဆစ်အကြီးတွေ နာတာအပြင်ရောင်တယ် အရေပြားမှာ အနီကွက်ထတာမျိုး ဒါမှမဟုတ် ရင်ဘတ်အောင့်တာမျိုးတွေလည်း ဖြစ်တယ် လည်ချောင်းလည်း ခဏခဏ နာတတ်တယ်ဆိုရင်တော့ လူသိများတဲ့ လေးဖက်နာ ပိုးလေးဖက်နာ ဖြစ်နေနိုင်ပါတယ်။ အသက်က ၅၀ ကျော်ပြီ ကိုယ်အလေးချိန်များတယ် နာတဲ့အဆစ်တွေကလည်း ဖနောင့်တို့ ဒူးတို့လို နေရာမျိုးဆိုရင်တော့ အဆစ်ကြားတွေမှာ ခံထားတဲ့ အရွတ်လေးတွေ ပါးသွားတာကြောင့် နာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါတွေက အဖြစ်များတဲ့ရောဂါတွေ ဖြစ်သလို ကျား၊ မ မရွေး ဖြစ်နိုင်လို့ပါ။
ဒါပေမယ့် အသက်ငယ်ငယ် အပျိုဖော်ဝင် အမျိုးသမီးလေးတွေမှာ အဆစ်တွေနာတယ် နေပူထဲထွက်ရင် မျက်နှာကြီးရဲပြီး လိပ်ပြာပုံ အကွက်တွေထွက်တယ် ပြီးတော့ တခြားလက္ခဏာတွေ တွဲဖြစ်တယ်ဆိုရင်တော့ အရေပြားလေးဖက်နာခေါ် SLE ဖြစ်နေနိုင်ပါတယ်။ အမျိုးသမီးပဲ အသက်အားဖြင့် ၃၀ က ၆၀ အတွင်း အဆစ်တွေ နာတာလည်း ကြာပြီ လက်တွေလည်း ကွေးကောက်ပုံပြောင်းသွားတယ်ဆိုရင်တော့ သွေးလေးဖက်နာ ဖြစ်နေနိုင်ပါတယ်။
အမျိုးသားတွေမှာဆိုရင်တော့ များသောအားဖြင့် အဆစ်နာစေတဲ့အကြောင်းတွေက ဂေါက်ရောဂါ ဖြစ်နေတာများပါတယ်။ တစ်ခါတစ်လေမှာ အရိုးအဆစ်တွေနာတာ တုပ်ကွေးမိတာ၊ ခန္ဓာကိုယ်ထဲကို ပြင်ပက ပိုးဝင်တာတွေကြောင့် ဖြစ်နိုင်သလို တချို့အဆစ်နာခြင်းတွေက လိင်နဲ့ ပတ်သက်တဲ့ ရောဂါတွေကြောင့် ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ အားသုံးပြီး အသုံးပြုခြင်းကြောင့်လည်း အရိုးအဆစ်တွေနာတတ်သလို ကင်ဆာလိုမျိုးရောဂါတွေကလည်း အရိုးအဆစ်နာခြင်းတွေကို ခံစားရစေနိုင်ပါတယ်။
ဒါကြောင့် အရိုးအဆစ်နာတိုင်းလည်း လေးဖက်နာမဟုတ်သလို မပေါ့လည်း မပေ့ါဆသင့်ပါဘူး။ အရိုးအဆစ်နာတာကို ကာလရှည်စွာ ခံစားနေရရင်တော့ အကိုက်အခဲပျောက်ဆေး သောက်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ ဖြစ်စေတဲ့အကြောင်းတွေကို သေချာရှာပြီး စစ်ဆေးကုသမှု ခံယူသင့်ပါကြောင်း တိုက်တွန်းရင်း …
အားလုံးကိုယ်ကျန်းမာပြီး စိတ်ချမ်းသာကြပါစေ။
Author : Dr. မေ