သံဆိပ်တက်ခြင်းဆိုတာ သံစူးတဲ့အနာမှာ မေးခိုင်ရောဂါပိုးဝင်ရောက်ပေါက်ဖွားပြီး မေးခိုင်ရောဂါဖြစ်ခြင်းခေါ် တယ်။ ငန်းဖမ်းတယ်ဆိုရာမှာ မြေကိုင်တယ်ဆိုရာမှာလည်း မေးခိုင်ရောဂါဝင်ခြင်းကိုဆိုလိုတယ်။ မေးခိုင်ရောဂါ ခေါ်ဆိုခြင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးအကြောများ တက်ပြီးပါးစပ်ဟမရ၊ သွားစေ့မရမေးခိုင်နေတာကြောင့်ဖြစ် တယ်။
မေးခိုင်ရောဂါဟာ ကျားမ မရွေး၊ အရွယ်မရွေးဖြစ်တတ်တယ်။ နှစ်စဉ်မေးခိုင်ရောဂါဖြစ်သူ (၁၅၀၀)ခန့်ရှိတယ်။ သေဆုံးသူ (၅၀၀) လောက်ရှိတယ်။ မွေးခါစမေးခိုင်ရောဂါနဲ့ အသက်ဆုံးရှုံးရတာမျိုးလည်း ရှိနိုင်တယ်။
မေးခိုင်ရသည့်အကြောင်းရင်း
မေးခိုင်ဟာ ရောဂါတစ်ရပ်မဟုတ်ပါ။ ယင်းရဲ့နောက်ဆက်တွဲမှာ အကြောင်းအထွေထွေရှိတယ်။ မေးရိုးနဲ့ဦးခေါင်း ခွံဆက်တဲ့ အဆစ်ရောင်ရမ်းလို့နာကျင်ခြင်း၊ ပါးစပ်မှာရှိတဲ့ ပါရောတစ် (Parotids) အကျိတ်ရောင်ခြင်း၊ ပချိတ် တစ်ဝိုက်ပြည်တည်နာဖြစ်ခြင်း၊ စထရစ်နင် (Strychnine) အဆိပ်သင့်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ခွေးရူး ပြန်ခြင်း၊ အကြောတက် (Tietany) ရောဂါတစ်မျိုးဖြစ်ခြင်းနဲ့ မေးခိုင်ရောဂါတို့မှာ ပါးစပ်ဟမရဘဲမေးခိုင်တတ် ခြင်းတို့ရှိပါတယ်။ စိတ်အလိုမကျတဲ့ရောဂါမှာ လူနာဟာ စကားပြောမရ မေးခိုင်သလိုဖြစ်နေတယ်။ အချို့က သွားပိုးစားထားလို့ ပြင်းထန်သွားကိုက်ခြင်း၊ အံဆုံးသွားပေါက်ခြင်းနဲ့ မေးရိုးထိခိုက်ဒဏ်ရာရခြင်း၊ အလွန်နာကျင် တဲ့ရောင်ရမ်းခြင်း၊ ပါးစပ်ဟမရဘဲမေးခိုင်သလိုမျိုး ဖြစ်နေတတ်ပါတယ်။
ဖြစ်ပေါ်ပုံ
မေးခိုင်ရောဂါဖြစ်ရခြင်းမှာ မေးခိုင်ရောဂါပိုး (Clostridium tetani)ခေါ်မေးခိုင်ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တယ်။ ယင်းရောဂါပိုးကို အနုစိပ်မှန်ဘီလူးနဲ့ကြည့်မှ မြင်နိုင်တယ်။ နှလုံးပါတဲ့တုတ်ချောင်း (မီးခြစ်ဆံ)ပုံစံမျိုး တွေ့ရပါတယ်။ ယင်းရောဂါပိုးဟာ အလိုအလျောက်လူသားတို့ခန္ဓာကိုယ်တွင်း ဖောက်ထွင်းဝင်ရောက်ခြင်းမရှိ ဘူး။ ခန္ဓာကိုယ်ရဲ့ ခံစစ်တံခါးဖွင့်ရင် ဒဏ်ရာအနာတရများမှဝင်ရောက်လေ့ရှိတယ်။ သံစူး၊ အပ်စူးတဲ့အပေါက် ကျဉ်းလို့နက်ရှိုင်းတဲ့အနာနဲ့ ဒဏ်ရာအသေးအဖွဲမှ၊ စုပ်ပြဲဒဏ်ရာကြီးအထိ ဖုန်မှုန့်နဲ့သိပ်ခြင်း၊ မသန့်ရှင်းတဲ့အဝတ် နဲ့စည်းခြင်းကတစ်ဆင့်ရောဂါပိုး ခန္ဓာကိုယ်တွင်းဝင်ရောက်လေ့ရှိတယ်။
အောက်စီဂျင်ဓာတ်မရှိတဲ့နေရာမျိုးမှာ ပွားများလေ့ရှိပြီး မေးခိုင်ရောဂါပိုးဟာ အနာဒဏ်ရာမျိုးမှာ ပိုမိုပေါက်ဖွား လာကြတယ်။ ကလေးမီးဖွားခြင်း၊ ကလေးပျက်ကျခြင်းတို့မှာ မသန့်ရှင်းတဲ့အသုံးအဆောင်ပစ္စည်းများ သုံးမိရင် သားအိမ်နံရံမှ သွေးကြောမှတစ်ဆင့်ရောဂါပိုးများ ခန္ဓာကိုယ်တွင်းဝင်ရောက်လာတယ်။ ချက်ကြိုးဖြတ်ရာမှာမ သန့်ရှင်းခြင်း၊ ချက်မကြွေမီ ချက်တိုင်ထဲမသန့်ရှင်းတဲ့ နနွင်းသိပ်ခြင်းတို့ဟာ ကလေးကိုယ်တွင်းကိုမေးခိုင်ရောဂါ ပိုးဝင်ရောက်နိုင်ခြင်းပဲဖြစ်တယ်။ မသန့်ရှင်းတဲ့ ခွဲစိပ်ခန်းမှာ မသန့်ရှင်းတဲ့ပစ္စည်းကိရိယာမှတစ်ဆင့် မေးခိုင်ရောဂါ ပိုးကူးစက်နိုင်တယ်။
မေးခိုင်ရောဂါဟာ ခန္ဓာကိုယ်တွင်းဝင်ရောက်ပြီး အနည်းဆုံး (၂) ရက်မှ (၂၁) ရက်အတွင်းရက်သတ္တပတ် တစ် ပတ်နှစ်ပတ်အတွင်း ပေါ်ပေါက်လေ့ရှိတယ်။ ရှေးဦးစွာကိုယ်လက်မအီမသာနဲ့ နေမထိထိုင်မသာဖြစ်ပြီး စိတ်ထဲမှ တစ်ခုခုကိုကြောက်လန့်လေ့ရှိတယ်။ ယင်းနောက်ခန္ဓာကိုယ်တစ်ခုလုံး အကြောများတင်းလာပြီး ပါးစပ်မဟနိုင် ဘဲစေ့ပြီးမေးခိုင်လေ့ရှိတယ်။ မျက်နှာမှာအကြောတွေတင်းနေလို့ ငိုမရရယ်မရပြုံးဖြီးဖြီးမျက်နှာ (Sardonic Facies) ဖြစ်နေလေ့ရှိတယ်။ တစ်ချက်တစ်ချက်မျာအကြောများဆွဲကာ တစ်ကိုယ်လုံးတောင့်တင်းပြီး ကျော ကော့ရင်ကော့ဖြစ်ကာ ပက်လက်လှန်နေတဲ့အခါ ခေါင်းနဲ့ခြေများသာအိပ်ယာနဲ့ထိပြီး ကွေးကောက်ကာအောက် ကိုလက်သွင်းရတဲ့အထိ (Opisthotonus) တောင့်တင်းနေတတ်တယ်။
ရေလည်းသောက်မရ ခံစားရတဲ့ဝေဒနာကိုစကားနဲ့ပြောမပြနိုင် ဝေဒနာကိုမချိမဆံ့ခံစားရလေ့ရှိတယ်။ ပတ်ဝန်း ကျင်ဆူညံတဲ့အသံနဲ့ အလင်းရောင်စတဲ့ လှုံ့ဆော်မှုများနဲ့ကြုံတွေ့ရရင် ယင်းကိုတစ်စုံတစ်ယောက်ကလာထိမိရင် ပိုပြီးအကြောတတ်တယ်။ နောက်ဆုံးအကြောဆက်တိုက်တက်ပြီး အသက်ရှုမရဘဲ ခန္ဓာကိုယ်တွင်းလိုအပ်တဲ့ အောက်စီဂျင်ဓာတ် လုံလုံလောက်လောက်မရလို့ အသက်ဆုံးရှုံးရတယ်။ တစ်ခါတစ်ရံ အဆုတ်အအေးမိခြင်းပါ တွဲနေတယ်။ အချို့မှာ မေးခိုင်ရောဂါပိုးအဆိပ်ကြောင့် နှလုံးကြွက်သားရောင်ပြီး ရုတ်တရက်နှလုံးသွေးရပ်သေ ဆုံးရတယ်။
မေးခိုင်ရောဂါဖြစ်ရင်
မေးခိုင်ရောဂါဟာ အသက်အန္တရာယ်နဲ့အလွန်နီးစပ်လို့ ကြောက်စဖွယ်ရောဂါဖြစ်တယ်။ လူတစ်ဦးတစ်ယောက်စ တင်ပြီးပါးစပ်ဖွင့်မရဘဲ မေးခိုင်ရောဂါခံစားနေရတဲ့အချိန်မှာ ဆေးရုံအမြန်ပို့လျှင်ချမ်းသာရာရနိုင်တယ်။ ခန္ဓာ ကိုယ်တစ်ခုလုံးတောင့်တင်းနေမှ ဆေးရုံပို့ရင်မလွယ်ကူနိုင်ပါ။ ဆေးရုံမှာတတ်ကျွမ်းတဲ့ဆရာဝန်တို့က အဆိပ်ဖြေ ဆေး (ATS) ထိုးပေးခြင်း၊ အကြောတက်ရပ်ဖို့ပြုလုပ်ခြင်း၊ မေးခိုင်ရောဂါပိုးများကို ပဋိဇီဝဆေးများအစွမ်းနဲ့သေ စေခြင်း၊ လိုအပ်ရင်အောက်စီဂျင်ပေးခြင်းစတဲ့ နည်းမျိုးစုံနဲ့ကယ်ဆယ်ကုသပေးနိုင်ပါတယ်။
သံဆိပ်ဖြေဆေးသဘာဝ
သံဆိပ်ဖြေဆေးလို့လူသိများတဲ့ဆေးမှာ အေတီအက်စ် ခေါ်မေးခိုင်ရောဂါအဆိပ်ဖြေဆေးဖြစ်တယ်။ ထိခိုက်ဒဏ် ရာ၊ အနာတရ၊ တစ်ခုခုဖြစ်ရင်မရရအောင်ရှာဖွေပြီး ထိုးတတ်တယ်။ အေတီအက်စ်မထိုးလိုက်ရလို့ မေးခိုင်ဖြစ် ပြီး သေဆုံးသွားရပါတယ်။ အေတီအက်စ်ရရှိဖို့ မေးခိုင်ရောဂါပိုးမှ အဆိပ်တချို့ယူပြီးမြင်းရဲ့ကိုယ်ထဲ ထိုးသွင်းရ တယ်။ မြင်းရဲ့ခန္ဓာကိုယ်မှ ယင်းအဆိပ်တို့ခုခံတိုက်ခိုက်ဖို့ အဆိပ်ဖြေတဲ့ဓာတ်များထုတ်လုပ်တယ်။ ယင်းအခါ မြင်းရဲ့သွေးမှ အဆိပ်ဖြေတဲ့ဓာတ်များပါနေတဲ့ သွေးရည်ကြည် (Serum) ကိုထုတ်ယူခြင်းနဲ့ (ATS) ရရှိပါတယ်။ အေတီအက်စ်ဆေးဟာ လူတို့အသက်ပေါင်းများစွာ ကယ်တင်နိုင်ပေမယ့်မေးခိုင်ရောဂါ ကာကွယ်အောင်ဆက် ကုသရာမှာသာသုံးသင့်တယ်။ ဒဏ်ရာအနာတစ်ခုခုဖြစ်ရင် ယင်းကိုဆေးထိုးပေးဖို့မလိုပါ။ အေတီအက်စ်ရဲ့ကာ ကွယ်နိုင်မှုသက်တမ်းဟာ ရက်ပိုင်းလောက်ပဲခံလို့ တိုတောင်းပြီးကာကွယ်နိုင်မှုလည်း အပြည့်အဝမပေးနိုင်ပေ။ အေတီအက်စ်ဆေးဟာ အချို့လူများနဲ့မတည့်ဘူး။ ယင်းဆေးကိုထိုးပြီးတဲ့အခါ ဓာတ်မတည့်ခြင်းကြောင့် အဖုအ ပိမ့်များထပြီးတစ်ကိုယ်လုံးယားနေတယ်။ အသက်ရှုကျပ်ပြီး ဒုက္ခရောက်ရတာ၊ ဖြေဆေးမထိုးနိုင်မီသေဆုံးသွား တတ်တယ်။ ဆေးနဲ့တည့်မတည့်စမ်းပြီးမှ ဆေးထိုးသင့်ပါတယ်။
ယင်းဆေးထိုးထားရင် မေးခိုင်ရောဂါအဖြစ် လုံးလုံးစိတ်ချပြီလို့မဆိုနိုင်ပါ။ ပထမအကြိမ် အေတီအက်စ်ထိုးပြီးရင် မေးခိုင်ရောဂါရပါက လူနာဟာယင်းနဲ့မတည့်ဖြစ်ပြီး ရောဂါကုသရာမှာခက်ခဲသွားရတယ်။ အမှန်တကယ်မေးခိုင် ရောဂါမှကာကွယ်နိုင်တဲ့ ဆေးအစစ်များ (ATT- Anti-tetanus toxoid) မေးခိုင်ရောဂါကာကွယ်ဆေးဖြစ်တယ်။ ယင်းဆေးမှာလူကိုအန္တရာယ်ပြုနိုင်တဲ့ မေးခိုင်ပိုးရဲ့အဆိပ်ကို ပြုပြင်ပြောင်းလဲခြင်းနဲ့ အန္တရာယ်ဖြစ်စေတဲ့အပိုင်း ကိုဖယ်ရှားပြီး ခန္ဓာကိုယ်မှာ အေတီအက်စ်ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးတဲ့အပိုင်းပါဝင်တယ်။ အကောင်းဆုံးမေးခိုင် ကာကွယ်နည်းက မိမိကိုယ်ခံအားစွမ်းအားပြီးစေခြင်းဖြစ်တယ်။ ယခုအခါအေတီတီ (ATT) ကိုအသုံးများလာ တယ်။ မေးခိုင်ရောဂါဟာ အသက်အန္တရာယ်နဲ့နီးတယ်။ ရောဂါမဖြစ်အောင်ကာကွယ်တဲ့နေရာမှာ သံစတဲ့အချွန် များမစူးစေဖို့၊ ကလေးမီးဖွားရင်တွေ့ကရာ ဓား၊ နှီးကြောနဲ့ “ချက်ကြိုး”မလှီးဖြတ်ဖို့လိုပါတယ်။ ပေါ့ပေါ့ဆဆမနေ ဘဲမေးခိုင်ကာကွယ်ဆေး ထိုးနှံပေးဖို့လိုတယ်။ သံစူးရင် အနာကိုရေနွေးနှင့်ဆေးကာ၊ ဖုန်မှုန့်များကင်းအောင် လုပ်ပြီးအရက်ပျံစွတ်ကာ၊ ပလာစတာနဲ့ပိတ်ထားရမယ်။ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးရပါမယ်။ ကလေးမီးဖွား ရင်လည်း”အရပ်လက်သည်”နဲ့ မမွေးဘဲသင်တန်းဆင်း ဆရာ၊ ဆရာမ၊ ဆရာဝန်တို့နဲ့မွေးဖွားသင့်ပါတယ်။
မွေးစကလေးအသက် (၂)လ (၄)လနဲ့ (၆)လမှာရောဂါအမျိုးမျိုးကာကွယ်ဆေး ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး ထိုးနှံပေးကာ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးဖို့လို အပ်တယ်။ အသက် (၉)လနဲ့တစ်နှစ်ခွဲအရွယ်မှာ ဝက်သက်ကာကွယ်ဆေးထိုးဖို့လိုလာပြီး အသက်(၂)လအရွယ် မှာ ဘီစီဂျီ (BCG) ထိုးနှံဖို့လိုအပ်တယ်။ ကိုယ်ဝန်ဆောင်ကာလ (၆)လ(၉)လမှာ (၂)ကြိမ်နောက်ထပ်နောက် ထပ် (၆)လကြာမှာမေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။
ကျန်းမာရေးနှင့်အညီ ကလေးဘဝမှအစ ကလေးဘဝကာကွယ်ဆေးအပြည့်အဝထိုးခြင်း၊ ကိုယ်ဝန်ဆောင်ဘ၀ မေးခိုင်ကာကွယ်ဆေးအပြည့်ထိုးနှံပေးခြင်းက မေးခိုင်ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ပါတယ်။ ရှနာ၊ သံစူး၊ အပ် စူးနထိခိုက်ဒဏ်ရာရတိုင်း မေးခိုင်ကာကွယ်ဆေးထိုးနှံဖု့ိ လူတိုင်းအသိရှိဖို့လိုပါတယ်။
Author – ဒေါက်တာလွင်သန့်