ခွေးရူးရောဂါပိုးဟာ ခွေး၊ ကြောင်နှင့်လူသားတို့ အပါအဝင် နို့တိုက်သတ္တဝါများအားလုံးရဲ့ ဦးနှောက်နှင့်ဗဟိုအာ ရုံကြောမကြီးတို့ကို ထိခိုက်စေနိုင်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ ခွေးရူးရောဂါဟာ ကာကွယ်လို့ရနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခွေးရူးရောဂါဖြစ်ပွားနေတဲ့ တိရိစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရရာကနေ ကူးစက်ဖြစ် ပွားလေ့ရှိပါတယ်။
ခွေးရူးရောဂါရဲ့ အစဦးပိုင်းရောဂါလက္ခဏာများဟာ အခြားသောရောဂါအများစုနှင့်ဆင်တူပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အားနည်းခြင်းစသော ပုံမှန်ဖြစ်နေကျရောဂါများကဲ့သို့ ဖြစ်ပွားလေ့ ရှိပါတယ်။ ရောဂါရင့်သန်လာချိန်မှာတော့ ခွေးရူးရောဂါရဲ့အဓိက လက္ခဏာများဖြစ်ကြတဲ့ အိပ်မပျော်ခြင်း၊ စိုးရိမ် စိတ်များခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ အကြောဆွဲခြင်း၊ တက်ကြွလွန်းခြင်း၊ အမြင်မှားအတွေးမှားများ ဖြစ် ပေါ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ တံတွေးများအရမ်းထွက်ခြင်း၊ အစာရေမျိုချရခက်ခဲခြင်း၊ ရေကြောက်ခြင်းစသည်တို့ ဖြစ်ပေါ်လာပါတယ်။ အဆိုပါရောဂါလက္ခဏာများ ဖြစ်ပွားပြီးရက်ပိုင်းအတွင်း အသက်သေဆုံးသည်အထိ ဖြစ် ပွားနိုင်ပါတယ်။
ခွေးရူးရောဂါဟာ နှစ်စဉ်သြစတေးလျနှင့် အန္တာတိကတိုက်တို့မှအပ ကမ္ဘာ့နေရာအစုံမှာဖြစ်ပွားလေ့ရှိပါတယ်။ ခွေးရူးရောဂါဗိုင်းရပ်စ်ပိုးဟာ Mononegavirales အုပ်စုတွင် ပါဝင်ပြီးအာအင်အေဗိုင်းရပ်စ်အမျိုးအစား ဖြစ်ပါ တယ်။ ၎င်းအုပ်စုမှကျည်ဆန်ပုံသဏ္ဍာန်ရှိသော ဗိုင်းရပ်စ်များကို Rhabdoviridae မိသားစုအဖြစ်သတ်မှတ်ကာ Lyssavirus၊ Ephemerovirus နှင့် Vesiculovirus ဆိုပြီး မျိုးစိတ်သုံးမျိုးထပ်ခွဲထားပါတယ်။
ခွေးရူးရောဂါဖြစ်ပွားသည့်အကြောင်းရင်း
ခွေးရူးရောဂါဟာ ခွေးရူးရောဂါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားကာ ရောဂါဖြစ်ပွားနေသောတိရစ္ဆာန်ရဲ့ တံတွေးထဲမှာရှိ နေတတ်ပါတယ်။ လူသို့မဟုတ်အခြား သတ္တဝါတစ်ကောင်ကောင်ကို ရောဂါဖြစ်နေသောအကောင်တစ်ကောင် ကကိုက်လိုက်သောအခါ တံတွေးမှတစ်ဆင့် ရောဂါပိုးများကူးစက်ရောက်ရှိသွားပါတော့တယ်။ ရှားရှားပါးပါးဖြစ် ရပ်များမှာတော့ အကိုက်ခံရတာမဟုတ်သော်လည်း အနာ (သို့) အရေပြားပေါက်ပြဲနေသော နေရာထဲသို့ ရောဂါ ပိုးပါသော တံတွေးဝင်ရောက်သွားလျှင်သော်လည်းကောင်း၊ မျက်စိ၊ ပါးစပ်စသောအကျိအချွဲအမြှေးပါး ဖုံးအုပ် ထားသောကိုယ်အင်္ဂါများထဲသို့ ရောဂါပိုးပါသော တံတွေးဝင်ရောက်ခြင်းဖြင့်လည်းကောင်း ကူးစက်နိုင်ပါတယ်။
ကာကွယ်ခြင်း
ခွေးများအားခွေးရူးရောဂါမဖြစ်အောင်ကာကွယ်ခြင်း
ခွေးရူးရောဂါဟာ ကာကွယ်ဆေးထိုးပြီး ကာကွယ်တားဆီးလို့ရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ လူသားတွေမှာခွေး ရူးရောဂါဖြစ်ပွားခြင်း မရှိအောင်လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးနှင့်အကုန်အကျ အသက်သာဆုံးနည်းလမ်းက တော့ ခွေးများအားကာကွယ်ဆေးထိုးပေးထားခြင်း ဖြစ်ပါတယ်။ ခွေးများကို ကာကွယ်ဆေးထိုးပေးထားခြင်းဖြင့် ခွေးရူးရောဂါကြောင့် လူသားများအသက်ဆုံးရှုံးရမှုကို ကာကွယ်ပေးရုံသာမက ခွေးကိုက်ခံရသူများကို ကာကွယ် ပေးတဲ့ စောင့်ရှောက်မှုရဲ့တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။
လူသားများတွင်ကြိုတင်ကာကွယ်ဆေးထိုးခြင်း
ခွေးများကို ကာကွယ်ဆေးထိုးပေးသကဲ့သို့ထိရောက်ပြီး လုံခြုံစိတ်ချရသောနည်းလမ်းတစ်ရပ်မှာ လူသားများ အားကြိုတင်ကာကွယ်ဆေးထိုးခြင်း ဖြစ်ပါတယ်။ ထိုသို့ ကြိုတင်ကာကွယ်ဆေးထိုးခြင်းကို စက်ဘီးစီးခြင်း၊ စ ကိတ်စီးခြင်း၊ လမ်းလျှောက်ထွက်ခြင်း၊ စခန်းချနေထိုင်ခြင်းစသော ကျေးလက်ဒေသများတွင် ပြင်ပလှုပ်ရှားမှုများ ပြုလုပ်ကြမည့် ခရီးသွားများအားလည်းကောင်း၊ ခွေးကိုက်ခံရနိုင်ချေများသောနေရာများတွင် အချိန်ကြာမြင့်စွာ နေထိုင်မည့် သူများအားပြုလုပ်ပေးနိုင်ပါသည်။
ခွေးကိုက်ခံရသောအနာအား ပြုစုစောင့်ရှောက်မှု
ခွေးကိုက်ခံရပါက ခွေးကိုက်ခံရသောအနာအား ဆပ်ပြာနှင့်ရေတို့ကိုအသုံးပြုပြီး ၁၅ မိနစ်ခန့်ကြာအောင်ဆေး ကြောခြင်းပြုလုပ်ပေးသင့်ကာ ၎င်းနောက် povidone iodine သို့မဟုတ် ပိုးသေစေသောဆေးဝါးတစ်မျိုးမျိုးကို ထည့်ပေးသင့်ပါတယ်။
ခွေးရူး၊ မရူးကိုစောင့်ကြည့်ခြင်း
မိမိခွေကို ကာကွယ်ဆေးထိုးထားခြင်း မရှိပါက ခွေးရူးရောဂါလက္ခဏာများ ရှိ၊ မရှိကိုစောင့်ကြည့်သင့်ပါတယ်။ ခွေးများမှာတွေ့ရလေ့ရှိတဲ့ ခွေးရူးရောဂါလက္ခဏာများကတော့ ပုံမှန်စားနေကျမဟုတ်သော အစာများကိုစားသုံး ခြင်း၊ ဖျားခြင်း၊ တက်ခြင်း၊ အကြောဆွဲခြင်း၊ အကြောသေခြင်း၊ တက်ခြင်း၊ မေးအောက်ကျခြင်း၊ အစာရေမမျိုနိုင် ခြင်း၊ ဟောင်သံပြောင်းလဲလာခြင်း၊ သွားလာရာတွင်ဒယိမ်းဒယိုင်ဖြစ်ကာ မူမမှန်တော့ခြင်း၊ ထူးထူးဆန်းဆန်း ကိုက်ချင်လာခြင်း၊ သို့မဟုတ် သခင်ကိုရှောင်နေခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ တံတွေးတမြားမြားကျခြင်း စသည်တို့ ဖြစ်ကြပါတယ်။
ခွေးရူးရောဂါနှင့်သတိပြုစရာ
ခွေးရူးရောဂါဟာ ဖြစ်ပွားပြီးချိန်မှကုသရင် အောင်မြင်မှုအလွန်နည်းပြီးအသက်သေဆုံးမှု အလွန်များပြားသော ရောဂါတစ်မျိုးဖြစ်ပါသည်။ ဒါကြောင့် ခွေးကိုက်ခံရပြီဆိုပါက ခွေးရူးရောဂါကာကွယ်ဆေးကို ထိုးထားခြင်းကစိတ် အချရဆုံး ဖြစ်ပါတယ်။ ဒါ့အပြင်ခွေးရူးရောဂါဟာ အာရုံကြောထဲမှာခိုအောင်းနေတတ်ပြီး နှစ်အတော်ကြာခါမှထ ဖြစ်တတ်တာမျိုးလည်းရှိပါတယ်။ မိမိပတ်ဝန်းကျင်ရှိ ခွေးများအားသတိထား စောင့်ကြည့်ပြီးခွေးကိုက်မခံရ အောင်နေထိုင်ခြင်း၊ ခွေးကိုက်ခံရပါကကာကွယ်ဆေးထိုးခြင်းတို့ ပြုလုပ်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။
Author – ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ) Vol-7 / No-35 Healthcare Journal