အဆီကျိတ်များ
အဆီကျိတ်ဆိုတာက Lipoma ရောဂါကို ခေါ်တာပါ။ အဆီကျိတ်ရောဂါက အများစုကမစိုးရိမ်ရပါဘူး။ ကင်ဆာမဟုတ်ပါဘူး ဒါပေမယ့် အနည်းစုသောသူတွေမှာတော့ ကင်ဆာ အဖြစ်ပြောင်းတတ်ကြပါတယ်။အဆီကျိတ်လေးတွေက ယောကျာ်းမိန်းမအသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ အဆီကျိတ်ဖြစ်တဲ့အခါ တစ်ချို့က တစ်နေရာတည်းမှာပဲ တစ်လုံးတည်းဖြစ်တယ် တစ်ချို့ကျတော့ နေရာတွေအများကြီးပြိုင်တူဖြစ်တယ်။အဆီကျိတ် Lipoma တွေမှာ ဘာကြောင့်ဖြစ်တယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး။ ကိုယ်အလေးချိန်များတဲ့သူမို့ဖြစ်တာလည်းမရှိပါဘူး အဆီအဆိမ့်အစားများတာနဲ့လည်း မဆိုင်ပါဘူး မျိုးရိုးလိုက်ပြီးဖြစ်တာလည်း မဟုတ်ပါဘူး ဖြစ်ချင်တဲ့ သူတိုင်းမှာဖြစ်တာမျိုးပါ။
အဆီကျိတ်တွေ ဖြစ်နိုင်တဲ့ နေရာ အများစုကတော့ လည်ဂုတ်၊ လက်မောင်း၊ လက်ဖျံ၊ ပေါင်၊ ခြေသလုံး၊ ဝမ်းဗိုက်လိုနေရာတွေမှာပါ အရေပြားအောက်မှာရှိတဲ့ Subcutaneous fat လို့ခေါ်တဲ့ အလွှာကနေ စပြီး အဆီကျိတ်တွေဖြစ်လာတာပါ။ အဆီကျိတ်တွေက စဖြစ်ကာစအရွယ်ကနေ သိပ်ပြီးကြီးမလာတတ်ဘူး။ နှစ်နဲ့ ချီပြီးကြာမှ နည်းနည်းကြီးလာတတ်တယ်။ ဒါကြောင့် အမြဲတမ်းခွဲစိတ်ဖို့မလိုပါဘူး။ အဆီကျိတ်တွေက အထဲမှာ အဆီတွေ ဖြစ်တာကြောင့် ကိုင်ကြည့်ရင် ပျော့စိစိနဲ့ ခံစားရပါလိမ့်မယ်။ အလုံးကို အပေါ်ကဖိကြည့်ပြီးလက်လွှတ်တဲ့ အခါလည်း အဆီတွေဖြစ်နေတာကြောင့် ဖြည်းဖြည်းချင်းပြန်ပြည့်လာတာကို တွေ့ရမှာပါ။
အလုံးအကျိတ်တွေ မနာရင် ကင်ဆာကို စိုးရိမ်ရတယ်ဆိုပေမယ့် အဆီကျိတ်ကကင်ဆာမဟုတ်ပါဘူး။ အဆီကျိတ်တွေက လှုပ်ရှားလို့လွယ်ပါတယ်။ အပေါ်အောက် ဘေးတွေ လှုပ်ရှားကြည့်ပါ ကောင်းကောင်းလှုပ်လို့ရပါတယ်။ အဆီကျိတ်အပေါ်ကအရေပြားကိုလည်း အပေါ်ကို ဆွဲကြည့်လို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အဆီကျိတ်တွေက အပေါ်အောက်ဘေးမှာရှိတဲ့ အရေပြားတွေ ကြွက်သားတွေကို တွယ်ကပ်မနေတာကြောင့်ပါ။
တချို့တွေကျတော့ အဆီကျိတ်ကို စိုးရိမ်စိတ်များပြီး မကြာခဏဆိုသလို လက်နဲ့စမ်းကြည့်နေတတ်ကြတယ်။ လက်မသန့်တာကြောင့်ဖြစ်စေ လက်သည်းနဲ့ခြစ်မိသွားတာကြောင့်ဖြစ်စေ၊ လက်နဲ့ ခဏခဏကိုင်တွယ်မိတာတွေကြောင့်ဖြစ်စေ တခါတရံမှာတော့ အဆီကျိတ်တွေထဲ ပိုးဝင်ပြီး ယောင်လာတတ်ပါတယ်။ ပိုးဝင်တဲ့အခါ အဆီကျိတ်တွေမှာ နီလာမယ် ပိုကြီးလာမယ် ပိုတင်းလာမယ် တဆစ်ဆစ်နဲ့ နာလာတတ်တယ်။ ပိုဆိုးလာရင် ဖျားတာတွေ အကျိတ်ထွက်တာတွေပါ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခါဆိုရင်တော့ ပိုးသတ်ဆေးသောက်တာတွေလိုလာတတ်ပါတယ်။ ပိုဆိုးရင် အထဲမှာပြည်တည်နေတာကြောင့် ခွဲဖို့ ပြည်ထုတ်ဖို့လည်းလိုလာတတ်တယ်။
ပုံမှန်အားဖြင့်တော့ အဆီကျိတ်တွေက ဆေးသောက်ဖို့လည်းမလိုတတ်ဘူး။ အလောတကြီးခွဲဖို့လည်းမလိုတတ်ဘူး အလှအပကြောင့်ဖြစ်စေ အလုပ်အကိုင်ကြောင့်ဖြစ်စေ ခွဲစိတ်ဖို့လိုလာရင်တော့ ခွဲပြီးတဲ့ အခါ အသားစပို့စစ်ဖို့တော့ လိုပါတယ်။ဒါပေမယ့် ဖြစ်စကနေ ဖြစ်စေ အချိန်တစ်ခုအတွင်းဖြစ်စေ အဆီကျိတ်တွေ အလျင်အမြန် ကြီးလာတယ် ကောင်းမွန်စွာလှုပ်ရှားမရဘူး တစ်ခါခွဲပြီး ပြန်ပြန်ဖြစ်နေတယ် ဆိုရင်တော့ အချိန်စောစီးစွာ ဆရာဝန်တွေ ပြပြီး ကုသဖို့လိုအပ်ပါတယ်။
Dr. CST