ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်အရ ကလာပ်စည်းများယိုယွင်းပျက်စီးမှုကို ပြန်လည်ပြုပြင်ရသည့် သဘောသဘာ၀ ရှိ၏။ သေဆုံးသွားသော ကလာပ်စည်းများ၊ ယိုယွင်းသွားသောကလာပ်စည်းများနှင့် ထိခိုက်ဒဏ်ရာတစ်ခုခု ကြောင့်ပျက်စီးသွားသော ကလာပ်စည်းများအားအသစ်တစ်ဖန် ပြန်လည်တည်ဆောက်နိုင်မှသာလျှင် ကျန်းမာ သောခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်မည်ဖြစ်၏။
တချို့သောပစ္စည်းများ (ဥပမာ-ဆေးလိပ်မီးခိုးငွေ့များ၊ ဗိုင်းရပ်စ်များ၊ ဓာတ်ရောင်ခြည်၊ ဓာတုဗေးပစ္စည်းများ) သည်ကလာပ်စည်းများ၏ မျိုးဗီဇများကိုမူလသဘာဝမှ ပြောင်းလဲသွားစေသည်။ ဆေးပညာတွင်ယင်းသို့ဖြစ်ခြင်း အား Mutation ဟုခေါ်သည်။ ဗီဇပြောင်းလဲမှု Mutation ကိုဖြစ်စေနိုင်သည့် ပစ္စည်းများကိုကာစီနိုဂျင် (Carcinogens) ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းများဟုခေါ်ဆိုနိုင်ပါသည်။
ဗီဇပြောင်းလဲသွားသော ကလာပ်စည်းများသည် သာမန်ကလာပ်စည်းများနှင့်မတူတော့ဘဲ လျှင်မြန်စွာတည် ဆောက်ပွားများပြီး အခြားနေရာများသို့ပါ ပျံ့နှံ့သွားတတ်ကြ၏။ ဗီဇပြောင်းလဲသွားသော ကလာပ်စည်းများသည် ပုံမှန်လုပ်ငန်းများလည်း လုပ်ဆောင်ခြင်းမရှိဘဲ အခြားကောင်းသောကလာပ်စည်းများ၏ လုပ်ငန်းများကိုပါနှောင့် ယှက်ဖျက်စီးတော့သည်။ ဗီဇပြောင်းလဲသွားပြီးနောက် ကြီးထွားဖွံ့ဖြိုးလာသောကလာပ်စည်းစုကို အဖုအကျိတ် ကင်ဆာအဖြစ်သတ်မှတ်ခြင်းဖြစ်၏။
ဆီးလမ်းကြောင်းတွင်ပါဝင်သော အင်္ဂါအစိတ်အပိုင်းများဖြစ်သည့် ကျောက်ကပ်၊ ကျောက်ကပ်ပြွန်၊ ဆီးအိမ်၊ ဆီး ပြွန်၊ ပရော့စတိတ်ဂလင်း၊ ဝှေးစေ့နှင့်ကျင်ချောင်းစသည်တို့ အားလုံး၌လည်းအဖုအကျိတ်ကင်ဆာများ ဖြစ်နိုင်ပါ သည်။ ဆီးလမ်းကြောင်းကင်ဆာရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်းအသက်ကြီးသူများတွင် ဖြစ်ပွားမှုနှုန်းများသည်။ ပရောစတိတ်ကင်ဆာ (ဆီးကျိတ်ကင်ဆာ)သည် ဆီးလမ်းကြောင်းဆိုင်ရာ ကင်ဆာများ အနက်ဖြစ်ပွားမှု အများဆုံးဖြစ်၏။ အမျိုးသားများတွင် အဆုတ်ကင်ဆာရောဂါသည် သေဆုံးမှုနှုန်း၌အမြင့်ဆုံး နံ ပါတ်တစ်နေရာတွင်ရှိ၏။ ဒုတိယလိုက်သည်မှာ ဆီးကျိတ်ကင်ဆာဖြစ်၏။ ဆီးကျိတ်ကင်ဆာသည် အမျိုးသား ကိုးယောက်တွင်တစ်ယောက်ဖြစ်နိုင်ကြောင်း တွေ့ရသဖြင့် အန္တရာယ်မသေးလှကြောင်း တွေ့ရ၏။ ယခင်တစ်ချိန် ကဆီးကျိတ်ကင်ဆာရောဂါဖြင့် သေဆုံးသူဦးရေများခဲ့သော်လည်း ယနေ့အချိန်တွင်ရောဂါကို စောစီးစွားသိရှိနိုင် ကြပြီးအချိန်မီ ကုသပေးနိုင်ပြီဖြစ်သဖြင့် သေဆုံးသူအရေအတွက်သိသိသာသာ လျော့နည်းသွားပြီဖြစ်သည်။
ဆီကျိတ်ကင်ဆာရောဂါသည် အသက် ၅၀နှစ်အောက်အမျိုးသားများတွင် ဖြစ်ပွားလေ့မရှိပေ။ ဖြစ်ပွားမှုအလွန် နည်းသည်ဟု ဆိုနိုင်၏။ အများဆုံးဖြစ်ပွားတတ်သည့် အရွယ်မှာအသက် ၇၀နှင့် ၈၀အကြားဖြစ်သည်။ ဆီး ကျိတ်ကင်ဆာစတင်ဖြစ်ပေါ်စဉ်၌ ဝေဒနာလက္ခဏာ တစ်စုံတစ်ရာပြသခြင်းမရှိသည့်အတွက် ရောဂါကိုစောစီးစွာ သိရန် ခက်ခဲတတ်၏။ တွေ့ရတတ်သော လက္ခဏာတချို့မှာ-
- မကြာခဏဆီးသွားခြင်း (အထူးသဖြင့် ညပိုင်းတွင်ဆီးသွားကြိမ် ပိုများလာတတ်၏)
- ဆီးပြွန်မှ ဆီးတစ်စက်တစ်စက်ထွက်ကျခြင်း
- ဆီးသွားစဉ်နာကျင်ခြင်း၊ ပူလောင်သောဝေဒနာခံစားရခြင်း
- ဆီး၌သွေးပါတတ်ခြင်းနှင့်
- အရိုးများနာကျင်ကိုက်ခဲခြင်းတို့ ဖြစ်ကြ၏။
ဆီးကျိတ်ကင်ဆာရှိ၊ မရှိကိုသိလိုလျှင်-
- စအိုအတွင်းလက်နှိုက်စမ်းသပ်ခြင်း
- PSA (Prostate-Specific Antigen) သွေး၌ပါဝင်မှုပမာဏစစ်ဆေးခြင်း
- အသားစရယူစစ်ဆေးခြင်းနှင့်
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
ဆီးကျိတ်ကင်ဆာကိုကုသရာတွင်-
- ခွဲစိပ်ကုသခြင်း
- ဟော်မုန်းဖြင့်ကုသခြင်း
- ကင်ဆာဆေးဝါးများဖြင့်ကုသခြင်း
- ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း
စသည့်ကုထုံးလေးမျိုးကိုသုံးလေ့ရှိ၏။ ယင်းကုထုံးလေးမျိုးကိုတစ်ခုထက်ပိုပြီး ပေါင်းစပ်ကုသမှုပြုကြ၏။ မည်သို့ ပင်ဖြစ်စေ ကင်ဆာ၏သဘောသဘာဝအရ စောစွာသိပြီးအချိန်မီ ကုသနိုင် ခြင်းသည်သာ အကောင်းဆုံးအခြေ အနေကိုပေးစွမ်းနိုင်မည် ဖြစ်ပေသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)