အရေပြားဟာ ကိုယ်ခန္ဓာတစ်ခုလုံးကို အပေါ်ယံကဖုံးအုပ်ထားတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ ဆံပင်၊ လက်သည်းခြေသည်း၊ အဆီဂလင်း၊ ချွေးဂလင်းတွေ စတာတွေကနေဖြစ်လာတဲ့ ရောဂါတွေလဲအပါအဝင်ဖြစ်ပါ တယ်။ ကိုယ်ခန္ဓာရဲ့အပေါ်ဆုံးအလွှာဖြစ်တဲ့အတွက် အရေပြားဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းလဲဖြစ်တာမို့ အသွင် အပြင်အတွက်လည်း အရေးပါပါတယ်။ ဒါကြောင့်အရေပြားရဲ့ အဓိကလုပ်ဆောင်ချက်တွေကို ဖော်ပြကြရင်ဒီအ သွင်အပြင်လှခြင်း၊ ဆွဲဆောင်မှုရှိခြင်းစတဲ့ တစ်ခြားသူရဲ့ ကိုယ်အရေပြားအပေါ်အပြင်၊ ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုရှိစေတဲ့ အရေပြာအခြေအနေစတာတွေပါ မပါမဖြစ်ထည့်သွင်းဖော်ပြကြပါတယ်။ ဒါတွေနဲ့တစ်ဆက် တည်းဖြစ်လာတာကတော့ ကိုယ့်အရေပြားမှာတစ်ခုခု ဖြစ်နေရင် အထူးသဖြင့် သဘာဝကနေ လွဲချော်မှုတစ်ခုခု ဖြစ်လာပြီဆိုရင်ဒီအရာဟာ ကိုယ့်စိတ်ကိုတော်တော်လေး သက်ရောက်မှုရှိလာတာပဲဖြစ်ပါတယ်။
စိတ်ကိုတော်တော်လေး ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါ ဒါမှမဟုတ်အရေပြား အခြေအနေတစ်ခုက တော့ခရုသင်းဖြစ်ပါတယ်။ အရေပြားမှာ အဖြူကွက်တွေဖြစ်လာတဲ့ ဒီအခြေအနေဟာခံစားရသူ တော်တော်များ များအားလုံးကို စိတ်ဒုက္ခတော်တော်ဖြစ်စေနိုင်ပါတယ်။ အရေပြားအရောင်ဖျော့လာတာ၊ ဖြူလာတာတွေဖြစ်နိုင် တဲ့ ရောဂါဟာခရုသင်းတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတွေ့ရအများဆုံးအခြေအနေ တစ်ခုတော့ ဖြစ်ပါတယ်။ ကိုယ့်အရေပြားမှာ ပုံမှန်မဟုတ်ဘဲ ကွက်ပြီးဖြူလာပြီဆိုရင် ခံစားရသူအများစုဟာ စိတ်ပူလာကြ တော့တာပါပဲ။ အဝတ်အစားနဲ့ဖုံးအုပ်ထားလို့ မလွယ်တဲ့နေရာတွေမှာ ဖြစ်လာတဲ့သူတွေဆို ပိုဆိုးတော့တာပေါ့။ တစ်ချိန်တည်းမှာပဲ ဒီအဖြူကွက်တွေကို အမြန်ဆုံးနည်းနဲ့ဖယ်ရှားပြီး နဂိုအရေပြားအရောင်ပြန်ရချင်တော့တာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ပထမဆုံးပြောချင်တာကတော့ ခရုသင်းနဲ့အနာကြီးရောဂါဟာ ဘာမှမသက်ဆိုင်ဘူးဆိုတာ ပါ။ အနာကြီးရောဂါဟာ Mycobacterium Leprace ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်တာပါ။ အနာကြီး မှာအရေပြားဟာ ဖြူဆွတ်နေတဲ့အကွက်တွေ ဖြစ်မလာပါဘူး။ ထုံတဲ့အကွက်တွေဖြစ်လာတာဟာ အဓိကအရေ ပြားမှာဖြစ်လာတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါကြောင့် ဖြူနေပေမယ့်မထုံတဲ့ ခရုသင်းအကွက်တွေဟာ အနာကြီး ရောဂါမဟုတ်ပါဘူး။ ခရုသင်းဟာ အချိန်ကြာလာလာလို့လဲ အနာကြီးရောဂါအဖြစ်ကို ပြောင်းလဲရောက်ရှိမသွား နိုင်ပါဘူး။ ဒါကြောင့်အနာကြီးရောဂါရဲ့ နောက်ဆက်တွဲဖြစ်နိုင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းချို့ယွင်းမှုတွေထဲဖြစ်မ လာနိုင်ပါဘူး။ ခရုသင်းဟာ ဖြူနေရုံသက်သက်ပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဖြူနေတဲ့အရေပြားဟာ နေရောင်ခြည်ဒဏ်ခံနိုင်စွမ်း နည်းနေနိုင်တာကလွဲလို့ လူ့ သက်တမ်းကိုအများကြီး ထိခိုက်မှုမရှိနိုင်တာပဲဖြစ်ပါတယ်။ နေရာကွက်ပြီးဖြစ်တဲ့ ခရုသင်းတွေမှာ နေရောင်ခြည် ဒဏ်ကြောင့်ဖြစ်လာတဲ့ အရေပြားရောဂါဒါမှမဟုတ် တခြားရောဂါတွေဟာလဲ မတွေ့ရသလောက်ပါပဲ။ ဒါကြောင့် ခရုသင်းရောဂါအရေပြားနေရာကွက်ပြီး ဖြူနေတာသက်သက်ကြောင့်တော့ လူ့သက်တမ်းကိုမထိခိုက်ဘူးလို့ ပြောတာပါ။ ဒါပေမယ့် ဖြူနေတဲ့အရေပြားကြောင့် ဖြစ်လာတဲ့စိတ်ခံစားမှု သိပ်ကြီးရင်တော့ပြဿနာရှိနိုင်ပါ တယ်။ ဒါကြောင့် ခရုသင်းဟာစိတ်ဒုက္ခတော်တော်ပေးတဲ့ အရေပြားရောဂါတွေထဲမှာ အဓိကတစ်ခုဖြစ်နေတာ ပါ။ အထူးပြုပြောချင်တာကတော့ ခရုသင်းဟာ အရေပြားဖြူနေတာကလွဲလို့ သူ့ချည်းသက်သက်ဆိုရင်အသက် အန္တရာယ်မရှိဘူးဆိုတာပါ။
ခရုသင်းဘာကြောင့်ဖြစ်
ခရုသင်းရောဂါဖြစ်ပွားရခြင်း၏ တိကျသေချာသောအကြောင်းရင်းကို မသိရှိကြသေးပါ။ သို့ရာတွင်မျိုးရိုး ဗီဇပြောင်းလဲမှုအချို့ပါဝင်သည်ဟု လက်ခံထားကြပါသည်။ Nalp, gene ပြောင်းလဲမှုနှင့်ခရုသင်းရောဂါဖြစ်ပွားမှု ဆက်စပ်မှုရှိသည်ဟု လေ့လာတွေ့ရှိချက်အချို့ကဆိုပါသည်။ ခရုသင်းရောဂါဖြစ်ပွားခြင်းသည် မျိုးရိုးလိုက်နိုင်ပါ သည်။ ခရုသင်းရှိသော မိဘများထက်သားသမီးများတွင် ခရုသင်းဖြစ်ပွားနိုင်ချေ အနည်းငယ်ပိုများပါသည်။ မိဘ နှစ်ဦးအနက်တစ်ဦးဦးတွင် ခရုသင်းရှိလျှင်သားသမီးများတွင် ခရုသင်းဖြစ်ပွားနိုင်ချေ ၅ ရာခိုင်နှုန်းမှ ရ ရာခိုင်နှုန်း လောက်ရှိသည်ဟုဆိုပါသည်။ ခရုသင်းရှိနေသူများ၏ ၃၀ ရာခိုင်နှုန်းတွင် ခရုသင်းဖြစ်ပွားသော မိသားစုဝင်တစ် ဦးဦးရှိတတ်သည်ဟုလည်း ဆိုပါသည်။
ခရုသင်းရောဂါဖြစ်ပွားမှု၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ မိမိ၏ကိုယ်ခံအားစနစ်ကြောင့်ပင် ဖြစ်ပါ သည်။ Autoimmune ဟုခေါ်သော မိမိ၏ကိုယ်ခံအားစနစ်မှ မိမိကိုယ်အရေပြားအတွင်းရှိ Melanocyte ခေါ် ရောင်ခြယ်ပစ္စည်းထုတ်ပေးသော ဆဲလ်များကိုပြန်လည်ဖျက်စီးသော ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ခရုသင်းရောဂါ ဖြစ်လာရသည်ဆိုသော ယူဆချက်သည်ခရုသင်းရောဂါဖြစ်ပွားမှု ဖြစ်စဉ်၏အရေးပါသော၊ ဖြစ်စေသောအ ကြောင်းရင်းတချို့ဖြစ်သည်ဟု အများအားဖြင့်လက်ခံထားကြပါသည်။ ထိုယူဆချက်ကိုထောက်ခံမှု ခရုသင်း ရောဂါသည် အခြားကိုယ်ခံအားစနစ်ကြောင့် ဖြစ်သည့်ရောဂါများဖြစ်သော သိုင်းရွိုက်ဂလင်းရောဂါများ၊ ဆံပင် ကျွတ်သောအခြေအနေ၊ Pernicious Anaemia ခေါ်သွေးအားနည်းရောဂါတစ်မျိုး၊ Addison’s Disease စသည် တို့နှင့် အတူတူဖြစ်ပွားမှုများကိုလည်း တွေ့ရပါသည်။
ခရုသင်းရောဂါသည် အာရုံကြောများနှင့် ဆက်စပ်နိုင်သည်ဟူသော ယူဆချက်များလည်းရှိပါသည်။ အ ချို့ကခရုသင်းဖြစ်ပွားသူများတွင် အဖြူကွက်များသည် ကိုယ်ခန္ဓာ၏အချို့အစိတ်အပိုင်းများတွင်သာ ကွက်ပြီး ဖြစ်ပွားသည်ကိုတွေ့ရှိရသည်။ ထိုသို့နေရာကွက်ဖြစ်ပွားခြင်းသည် ထိုနေရာရှိအာရုံကြောမျှင်၏ သက်ရောက်ရာ နေရာအတွင်းတွင်သာ ဖြစ်နေသည်ကိုတွေ့ရှိရာမှ ထိုယူဆချက်ထွက်ပေါ်လာရခြင်း ဖြစ်ပါသည်။ အရေပြားအ ရင်းရှိ ရောင်ခြယ်ပစ္စည်းထုတ်ဆဲလ်များသည် မူလအားဖြင့်အာရုံကြောမျှင်များဖြစ်လာသော ဆဲလ်များနှင့်သန္ဓေ သားစဖြစ်စဉ်တွင်တစ်နေရာတည်းမှ လာသောဆဲလ်များဖြစ်ကြသောကြောင့် အာရုံကြောနှင့်ခရုသင်းဖြစ်ပွားမှု ဆက်စပ်သည်ဟု ယူဆကြခြင်းလည်းဖြစ်ပါသည်။ လက်ခံသူများသော ခရုသင်းရောဂါဖြစ်စေသောအကြောင်း ရင်းယူဆချက်များကို အကျဉ်းဖော်ပြခြင်းဖြစ်ပါသည်။
ခရုသင်းဆိုတာ –
ခရုသင်းဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းရင်းခံတွေကို အကျဉ်းလောက်ပြောပြပြီးတဲ့နောက်မှာ ခ ရုသင်းရောဂါအကြောင်း နည်းနည်းပြောချင်ပါတယ်။ ခရုသင်းရောဂါဟာ ကမ္ဘာ့လူဦးရေရဲ့ ၁ မှ ၂ ရာခုင်နှုန်းတစ် နည်းအားဖြင့် လူ ၆၅ သန်းကျော်မှာဖြစ်နေတယ်လို့ ဆိုပါတယ်။ တစ်ဝက်လောက်ဟာ အသက် ၂၀ မတိုင်ခင်ခ ရုသင်းစဖြစ်နေကြပြီး အများစုဟာအသက် ၄၀ မတိုင်ခင်မှာခရုသင်းစဖြစ်နေကြပြီလို့ ဆိုပါတယ်။ ဘယ်လူမျိုးမှာ မဆိုဖြစ်ပွားနိုင်ပါတယ်။ ကျား၊ မ မရွေးဖြစ်နိုင်တယ်လို့လဲပြောကြပါတယ်။ အသားအရောင်ရင့်တဲ့သူတွေမှာဆို ရင်ပိုပြီး မြင်သာထင်သာရှိပါတယ်။
ခရုသင်းဆိုတာ အရေပြားပေါ်မှာအဖြူကွက်တွေဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အရေပြားထဲက ရောင် ခြယ်ပစ္စည်းထုတ်တဲ့ဆဲလ်တွေ မရှိတော့လို့အလုပ်မလုပ်တော့လို့ ရောင်ခြယ်ပစ္စည်းမရှိဘဲ အဖြူကွက်တွေဖြစ် လာတာပါ။ ခရုသင်းကိုအကြမ်းအားဖြင့် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုပဲ ကွက်ဖြစ်တဲ့ခရုသင်းနဲ့ ကိုယ်ခန္ဓာတစ်ခု လုံးမှာဖြစ်တဲ့ ခရုသင်းလို့ခွဲခြားနိုင်ပါတယ်။ ကိုယ်ခန္ဓာတစ်ခုလုံး ဟိုတစ်ကွက်ဒီတစ်ကွက်တွေဖြစ်တဲ့ အမျိုးအ စားက အတွေ့ရပိုများပါတယ်။ လက်ထိပ်၊ ခြေထိပ်လေးတွေနဲ့ ပါးစပ်တစ်ဝိုက်၊ မျက်စိတစ်ဝိုက်နှစ်ပေါင်းတစ်ဝိုက် ဖြစ်တဲ့ခရုသင်းမျိုးလဲရှိပါတယ်။ အကွက်တစ်ကွက်နှစ်ကွက်ပဲ ကွက်ဖြူတာမျိုးလဲဖြစ်နိုင်ပါတယ်။ အကွက်နှစ် ကွက်ကနေများလာတာ မတွေ့ရသေးပေမယ့် ထပ်မပွားပဲလဲရှိနေနိုင်တာပါပဲ။ ဒါကြောင့် ခရုသင်းဟာပွားမလား၊ မပွားဘူးလားဆိုတာလဲ ခန့်မှန်းရမလွယ်ပါဘူး။
တချို့ခရုသင်းကွက်တွေဆိုရင် အနားဘက်ကပိုပြီးအရောင်ရင့်နေတာမျိုးလဲ တွေ့ရတတ်ပါတယ်။ တ ချို့မှာဆိုအမွှေးလေးတွေပါ ဖြူနေတာတွေ့ရပါတယ်။ ဆံပင်၊ မျက်တောင်၊ မျက်လုံး၊ နှုတ်ခမ်းမွေးစတာတွေပါ အောက်ခံခရုသင်းကွက်တွေကိုလိုက်ပြီး ကွက်ဖြူနေတာမျိုးပါ။ ခရုသင်းကွက်တွေဟာ နေရောင်ထိတွေ့တဲ့အရေ ပြားနေရာတွေမှာဖြစ်တာပိုများတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အဝတ်အစားနဲ့ဖုံးထားလို့လွယ်တဲ့နေရာမှာ ချည်းသက်သက်ဖြစ်နေတဲ့ ခရုသင်းလူနာတွေဟာ ကံကောင်းတဲ့သူတွေလို့ယူဆနိုင်ပါတယ်။ အာရုံကြောတစ်ခု ရဲ့ဧရိယာအတွင်းပဲဖြစ်တဲ့ ခရုသင်းဟာကိုယ်ခန္ဓာအနှံ့ ဟိုတစ်ကွက်ဒီတစ်ကွက် ဖြစ်တတ်တဲ့ခရုသင်းနဲ့ယှဉ်ရင် ပွားတာပိုမြန်တယ်လို့ ဆိုကြပါသေးတယ်။
အသက်ကြီးတဲ့သူတွေမှာ ဖြစ်လာတတ်တဲ့အဖြူကွက်အသေးလေးတွေဟာလဲ ခရုသင်းဆိုပြီးလူတွေကို စိတ်ပူစေတတ်ပါတယ်။ ဒီအဖြူကွက်လေးတွေကတော့ အရေပြားအိုမင်းလာမှုကြောင့် ဖြစ်လာကြတာပါ။ အ ရွယ်အစားသေးသေးလေးတွေဖြစ်ပြီး နေရောင်ခြည်နဲ့ထိတွေ့တဲ့ လက်ဖျံတွေမှာအဖြစ်များပေမယ့် တခြားကိုယ် ခန္ဓာအရေပြားတွေမှာလဲ တွေ့ရတတ်ပါတယ်။ နေလောင်တဲ့အရေပြားမှာလည်းတွေ့နိုင်ပါတယ်။ ခရုသင်းက တော့အရွယ်လေးသေးသေးကစပြီး တဖြည်းဖြည်းကြီးလာပေမယ့် ဒီအကွက်လေးတွေကတော့ ကြီးမလာပါဘူး။ ဒီအသက်ကြီးကွက်လေးတွေကတော့ အိုမင်းလာတဲ့သူတွေမှာ ဘယ်သူမဆိုတစ်ချိန်မဟုတ်တစ်ချိန် ဖြစ်လာ တတ်ကြတယ်ဆိုတော့ ခရုသင်းကြောင့်လို့ထင်ပြီး အရမ်းစိတ်ဒုက္ခမရောက်ကြဖို့ပါ။ နည်းနည်းလောက်ရှင်းရှင်း လင်းလင်းဖြစ်သွားအောင် ပြန်ပြောရရင်ခရုသင်းဆိုတာ အရေပြားပေါ်မှာ အဖြူကွက်ဖြစ်တာဖြစ်ပြီးအရွယ်အ စားတဖြည်းဖြည်းကြီးလာတဲ့ အဖြူကွက်ဖြစ်ပါတယ်။ ထိတွေ့မှုအာရုံ၊ အသားအရေစတာတွေဟာ ဘေးကအ သားအရေနဲ့အတူတူပဲဖြစ်ပါတယ်။ ဖြစ်တဲ့နေရာကတော့ ဘယ်နေရာကအရေပြားမှာမဆို ဖြစ်နိုင်ပါတယ်။ ပါးစပ် နှာခေါင်းတွင်းစတဲ့ အသားနုနေရာတွေမှာပါဖြစ်ပွားနိုင်ပါတယ်။
ခရုသင်းရောဂါရှိတဲ့သူတွေအတွက် အဓိကသက်ရောက်မှုက စိတ်ခံစားမှုပဲလို့ပြောလို့ရပါတယ်။ လူ တောမတိုးရဲတော့တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတာ စတာတွေကနေစိတ်ကျရောဂါမျိုးအထိ ဖြစ်နိုင် တယ်လို့ဆိုပါတယ်။ အဲဒီလိုမျိုးစိတ်ခံစားမှု စိတ်ဒုက္ခတွေကို တတ်နိုင်သလောက်နည်းအောင် နေထိုင်ရမှာဖြစ်ပါ တယ်။ ခရုသင်းရောဂါကုသမှုနည်းလမ်းအရ ခရုသင်းရောဂါရှိသူတွေစားသင့်တဲ့အစားအသောက်တွေ စတာ တွေကိုဆက်ပါအုံးမယ်။
Author – ဒေါက်တာကေ (အရေပြား) Vol – 7/ No – 50 Healthcare Journal