အဆုတ်ရေဝိုင်းခြင်း
လူ့ခန္ဓာကိုယ်မှာရှိတဲ့ အတွင်းကလီစာအစိတ်အပိုင်းတွေက ပုံမှန်အားဖြင့် သူ့နေရာနဲ့သူအံဝင်ခွင်ကျ ဖြစ်ပြီးသားပါ။ တစ်နေရာ ရာက ပုံမှန်ကနေ သွေဖီလာရင်အလုပ်ကောင်းကောင်း မလုပ်နိုင်ကြတော့ဘူး။ အဲလိုအခါတွေမှာ ရောဂါဖြစ်လာတယ်။
အဆုတ်မှာရေဝိုင်းတယ်၊ လေဝိုင်းတယ်ဆိုတာ အဆုတ်မှာအုပ်ပေးထားတဲ့ Pleura လို့ခေါ်တဲ့အမြှေးပါးနှစ်ခု ကြား မှာရေတွေ၊ လေတွေဝင်တာပါ။ ပုံမှန်ဆို မရှိရပါဘူး။ အဲလိုရှိလာတဲ့အခါ အဆုတ်ကအသက်ရှုသွင်းရှုထုတ် ကိုကောင်းကောင်း မလုပ်နိုင် တော့ဘူး။ ဘယ်လောက်ဝိုင်းနေလဲဆိုတဲ့ ပမာဏပေါ်မှာတော့ အများကြီးမူတည် နေတယ်။
အဆုတ်ရေဝိုင်းတယ်ဆိုတာ ရောဂါကိုပြောတာမဟုတ်ပါဘူး။ ရောဂါရဲ့ လက္ခဏာပါ။ အဆုတ်ရေဝိုင်းတယ်ဆိုပြီး ပြီးလိုက် လို့မရပါဘူး။ ဘာရောဂါကြောင့် ဖြစ်တယ်ဆိုတာသိဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ အဆုတ်ကရေဝိုင်း ရုံတင်မကဘူး၊ လေပါ ဝိုင်းနေတတ်တယ်။ အဆုတ်ရေဝိုင်းတဲ့အခါ ဘာကြောင့်ဖြစ်တယ်ပေါ်မူတည်ပြီး သွေးလား၊ ပြည်လား၊ အရည်ကြည်လားကို သိနိုင်တယ်။ တစ်ဖက်ထဲလည်းဖြစ်နိုင်တယ်။ နှစ်ဖက်စလုံးလည်း ဖြစ်နိုင် တယ်။
အဆုတ်အအေးမိခြင်း၊ TB ရောဂါ၊ အဆုတ်ကင်ဆာနဲ့ သွေးကြောနဲ့ဆိုင်တဲ့ အဆုတ်ရောဂါတွေမှာ အဆုတ်ရေ ဝိုင်းတတ်တယ်။ အဆုတ်နဲ့ဆိုင်တဲ့ရောဂါတွေကြောင့် သာမကပဲ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ် ရောဂါ၊ အာဟာရချို့တဲ့ခြင်း၊ သွိုင်းရွိုက်အားနည်းခြင်း၊ ကိုယ်ခံအားစနစ်ဖောက်ပြန်တတ်တဲ့ ရောဂါများ၊ ကင်ဆာရောဂါများ၊ သားဥအိမ်အလုံးတည်ခြင်း စသည်တို့မှာလည်းဖြစ်နိုင်တယ်။ ထိခိုက်ဒဏ်ရာကြောင့်လည်း ဖြစ် နိုင်တယ်။ အဲလိုအခါမှာတော့ သွေးတွေဝိုင်းနေတာလည်း ဖြစ်နိုင်ပါတယ်။
အဆုတ်ရေဝိုင်းတဲ့သူတစ်ယောက်မှာ ရေဘယ်လောက်ဝိုင်းတယ်ဆိုတာအပေါ်မူတည်ပြီး ရောဂါလက္ခဏာ အနည်းအများကွာ နိုင်ပါတယ်။ အဆုတ်ရေဝိုင်းတဲ့အခါ မောနိုင်တယ်။ ရင်ဘတ်အောင့်နိုင်တယ်။ ရေဝင်တာများရင် ပိုသိသာတယ်။ ပက်လက် အိပ်လည်းမောတယ်။ အဆုတ်ရေဝိုင်းတဲ့ဘက်ကို အပေါ်မှာထားပြီး စောင်းအိပ်ရင်ပို မောနိုင်တယ်။ အသက်ရှုခက်လာမယ်။ ဒါတွေအပြင် ဘာကြောင့်ဖြစ်ရတဲ့ရောဂါအခံရဲ့ လက္ခဏာတွေလည်းရှိပါမယ်။
အဆုတ်ရေဝိုင်းတဲ့အခါခံစားရတဲ့ ရောဂါလက္ခဏာတွေ၊ စမ်းသပ်လို့တွေ့ရတဲ့ ရောဂါလက္ခဏာတွေအပြင် ရင်ဘက်ဓာတ်မှန်ရိုက် ဖို့လည်းလိုပါတယ်။ လိုအပ်လာရင် ဝိုင်းနေတဲ့အရည်တွေကို ဓာတ်ခွဲခန်းပို့စစ်ဆေးဖို့ လိုအပ်ပါတယ်။ အဆုတ်ရေဝိုင်းတဲ့ပမာ ဏအရ ကုသပုံလည်း မတူတတ်ပါဘူး။ နည်းနေတဲ့အခါ ရောဂါအခံကိုပဲကုတာ တွေ့ရှိရသလို များတဲ့အခါတော့ ရေကိုပါ ထုတ်ရတတ်တယ်။ ထုတ်ပေးမှပဲ ခံစားနေရတဲ့ရောဂါလက္ခဏာတွေ သက်သာနိုင်ပါတယ်။
အဆုတ်ရေဝိုင်းတာက ခဏခဏဖြစ်နေရင်တော့ အရည်ထုတ်တာအပြင် တခြားကုသနည်းတွေပါလိုလာတတ် တယ်။ Pleural အမြှေးပါးနှစ်ခုကို ဆေးနဲ့ကပ်တာစသဖြင့်ပါ။ နဂိုရောဂါအခံကိုတော့ သေချာထိန်းဖို့လိုတယ်။ မဟုတ်ရင်ထပ်ခါတလဲလဲ ပြန်ဖြစ်တတ်တယ်။
Author – Dr. CST