လိင်အင်္ဂ ါ မှာ ကြွက်နို့ပေါက်တတ်သလား။
လိင်အင်္ဂါကြွက်နို့ကို ဆေးပညာအရ Genital warts လို့ခေါ်ပါတယ်။
Human Papilloma Virus(HPV)ဗိုင်းရပ်စ်ပိုးဝင်ရောက်ကူးစက်ခံရလို့ဖြစ်တာပါ။
HPV ဗိုင်းရပ်စ်ပိုးအမျိုးအစားပေါင်းများစွာရှိပါတယ်။
အဲ့ထဲကမှ HPV 6 နဲ့ 11 ဟာ လိင်အင်္ဂါကြွက်နို့ကိုဖြစ်စေလေ့ရှိပါတယ်။
အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း HPV ဗိုင်းရပ်စ်ပိုးဝင်ရောက်ကူးစက်နိုင်ပြီး လိင်အင်္ဂါကြွက်နို့ရောဂါဖြစ်ပွားနိုင်ပါတယ်။
ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံရာမှတဆင့်အများအားဖြင့် ကူးစက်လေ့ရှိပါတယ်။
လိင်ဆက်ဆံတယ်လို့ပြောရာမှာ သမရိုးကျ မိန်းမကိုယ်နဲ့ဆက်ဆံတာရော၊ပါးစပ်နဲ့ဆက်ဆံတာရော၊စအိုနဲ့ဆက်ဆံတာရောပါဝင်ပါတယ်။
အများအားဖြင့် ရောဂါပိုးဝင်ရောက်ကူးစက်ခံရပြီး ၁လ ကနေ ရှစ်လအတွင်းမှာရောဂါလက္ခဏာပြလေ့ရှိပါတယ်။
ရောဂါလက္ခဏာအနေနဲ့ကတော့
လိင်အင်္ဂါတဝိုက်(အမျိုးသားတွေဆိုရင် လိင်တံအပေါ်အရေပြား၊လိင်တံအတွင်း၊ကယ်ပယ်အိတ်၊ပေါင်ခြံ၊ပေါင်းရင်း၊စအိုနဲ့စအိုနားတဝိုက် အမျိုးသမီးတွေမှာဆိုရင် စအိုနဲ့မိန်းမကိုယ်အတွင်းအပြင်တဝိုက်၊သားအိမ်ခေါင်းနားတဝိုက်စတဲ့)နေရာတွေမှာ ဖုထစ်လာပြီး အဖုတခု သို့မဟုတ် အဖုလေးတွေအစုလိုက်အပြုံလိုက် ဖြစ်လာတာပါ။
လိင်အင်္ဂါကြွက်နို့ ပိုးဝင်ရောက်ကူးစက်ခံရနေသူနဲ့ ပါးစပ်ဖြင့်လိင်ဆက်ဆံခဲ့တဲ့သူတွေမှာဆိုရင်တော့ ကြွက်နို့အဖုတွေဟာ ပါးစပ်၊နှုတ်ခမ်း၊လျှာနဲ့ လည်ချောင်းထဲတွေမှာလည်းဖြစ်နိုင်ခြေရှိပါတယ်။
အဖုအရွယ်အစားအားဖြင့်အနေနဲ့ အချင်းဝက် ၁မီလီမီတာကနေ ၅မီလီမီတာအတွင်းရှိတတ်ပါတယ်။ဒါပေမယ့် အဖုတွေဟာ စပေါက်တဲ့အရွယ်ကနေ ပိုပိုကြီးလာနိုင်ခြေရှိပါတယ်။
မာတဲ့အဖုလည်းဖြစ်နိုင်သလို ပျော့တဲ့အဖုလည်းဖြစ်နိုင်ပါတယ်။အရောင်အားဖြင့်လည်း အရေပြားအရောင်အတိုင်း ဒါမှမဟုတ် အရေပြားအရောင်ထက်ရင့်တာ ဖျော့တာ စသဖြင့်အမျိုးမျိုးဖြစ်နိုင်ပါတယ်။တခါတရံမှာထိုအဖုတွေက ယားတာ၊နီရဲရောင်ရမ်းပြီးစပ်နေတာ၊သွေးထွက်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။
ဒီလက္ခဏာတွေရှိနေပြီဆိုရင်တော့ ရှက်မနေဘဲ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။
လိင်အင်္ဂါကြွက်နု့ိဟုတ်မဟုတ်အတိအကျကတော့ အသားစယူပြီးစမ်းသပ်စစ်ဆေးကြည့်မှသိမှာပါ။
ရှက်လို့ဆေးခန်းမပြဘဲဆေးမြီးတိုတွေနဲ့ကုနေပါက မပျောက်သည့်အပြင် ကြာလာရင် လိင်အင်္ဂါကြွက်နို့ကနေ အမျိုးသမီးတွေဆိုရင် သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်ကင်ဆာ၊လည်ချောင်းကင်ဆာတွေထိဖြစ်နိုင်ပြီး အမျိုးသားတွေမှာဆိုရင်လည်း လိင်တံကင်ဆာ၊စအိုကင်ဆာ တွေ၊လည်ချောင်းကင်ဆာတွေထိဖြစ်နိုင်လို့ပါ။
ကုသမှုအနေနဲ့ကတော့ လိင်အင်္ဂါကြွက်နို့ကို လိမ်းဆေးသောက်ဆေးနဲ့ကုသတာ၊လျှပ်စစ်သုံးပြီးအဖုတွေကိုဖျက်ဆီးတာ(Electrocauterization)၊လေဆာနဲ့ဖျက်ဆီးတာ(Laser ablation)၊ခွဲစိတ်ပြီးကုသတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။
ရောဂါရဲ့အခြေအနေနဲ့လူနာရဲ့အခြေအနေ စတာတွေအပေါ်လိုက်ပြီး ကုသမှုကွဲပြားနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ လိင်အင်္ဂါကြွက်နို့ဟာလိင်ဆက်ဆံရာကနေတဆင့် အရမ်းကိုကူးစက်လွယ်တဲ့ ကူးစက်ရောဂါဖြစ်တဲ့အတွက် အပျော်ပါးလိုက်စားတာကိုရှောင်ပါ။မရှောင်နိုင်ရင် ကွန်ဒုံးကိုစနစ်တကျ သေချာသုံးပါလို့ အကြံပြုလိုက်ရပါတယ်။
Dr 528