ဆီးချိုရောဂါဖြစ်နေတဲ့ လူနာအများစုမှာ ဆီးချိုတွေ ကောင်းမွန်စွာ မထိန်းနိုင်တာတွေ ဖြစ်နေတတ်ပါတယ်။
မနက်အစောကြီးစစ်တဲ့ အချိန်ဖြစ်စေ အစားစားပြီးနှစ်နာရီမှာစစ်တာဖြစ်စေ များနေတတ်ကြတယ်။ တချို့ကျတော့ ဒါတွေကောင်းပြီး HbA1c စစ်လိုက်မှ များနေတာမျိုးလည်း ဖြစ်နေတတ်ပါတယ် ။
ဘာကြောင့် ဆီးချို တွေ ထိန်းလို့မနိုင်ဖြစ်နေရတာလဲ ??
ဆီးချို များစေတဲ့အကြောင်းတွေကို အများကြီးပါ ။ကိုယ်အလေးချိန်များနေတာလည်းအကြောင်းတစ်ခုပါ။ တစ်ခြားသောရောဂါတွေတွဲနေတာလည်း ဖြစ်နိုင်ပါတယ်။
အစားအသောက်ကို ကောင်းစွာမရှောင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးစေတဲ့ အကြောင်းတရားတွေများနေတာလည်း ဆိုင်ပါတယ်။
ဆီးချိုဆေးတွေပုံမှန်မသောက်တာနဲ့ ဆီးချို ကို သေချာပြန်မစစ်ဆေးပြန်မပြဘဲ ဆီးချိုဆေးတွေကို ပုံစံတစ်ခုအတိုင်း တောက်လျှောက်ဆက်သောက်နေတာတွေ တခြားသောဆေးတွေတွဲသောက်နေရတာကြောင့် ဆီးချိုဆေးတွေမှာ ထင်သလောက်အာနိသင် မဖြစ်တာတွေကြောင့် ဖြစ်စေတတ်ပါတယ် ။
ဆီးချိုရောဂါဖြစ်ပြီဆိုတာနဲ့ အစားပဲရှောင်မယ် ဆေးပဲသောက်မယ် တစ်မျိုးဆိုတစ်မျိုး လုပ်လို့မရတတ်ပါဘူး။
ဆီးချိုရောဂါအများစုမှာ သကြားဓာတ်ပမာဏက တစ်ဖြည်းဖြည်း ပိုပြီးတိုးလာတတ်တာ သဘာဝပါ။
ဒါကြောင့် ဆီးချိုရောဂါစဖြစ်ကာစမှာ အစားလေးရှောင်နေရုံရပေမဲ့ နောက်ပိုင်းဆေးသောက်လာရတာတွေ ဆေးအကြိမ်ရေပိုတိုးလာရတာတွေ ဆေးအသစ်ထည့်လာရတာတွေ ဖြစ်တတ်ပါတယ် ။
ဆီးချိုရောဂါစဖြစ်ခါစမှာတော့ အစားပဲရှောင်ကြတာများတယ်။
အစားရှောင်ရင်းနဲ့ လုပ်သင့်တာတွေကတော့ ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ပမာဏဖြစ်ဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လိုပါတယ်။
အစားလေးနဲ့ထိန်းနေတာပဲ တစ်ခြားဘာမှလုပ်ဖို့မလိုဘူးလို့မတွေးပါနဲ့။
ကိုယ်အလေးချိန်များနေတဲ့ဆီးချိုရောဂါသည်တွေက ဆီးချိုထိန်းရခက်တဲ့အပြင် တခြားနောက်ထပ်ရောဂါတွေ ပိုဝင်လွယ်ပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန်ထိန်းဖို့အတွက် ကြိုးစားရပါမယ် အိမ်ထဲမှာအလုပ်လုပ်နေတာက လေ့ကျင့်ခန်းလုပ်နေတာ မဟုတ်ဘူးလားလို့ မေးစရာရှိတယ် မဟုတ်ပါဘူး။ အိမ်ထဲလုပ်နေတာက စိတ်ထဲမှာ အလုပ်ဆိုတဲ့ ဖိစီးမှုရှိပါတယ်။ လေ့ကျင့်ခန်းက သီးသန့်အချိန်ပေးပြီး လုပ်ပေးရမှာပါ။
အစားရှောင်တဲ့နေရာမှာလည်း အဆီအဆိမ့်အငန်အချိုတွေ အချိုမှုန့် စတာတွေ သေချာရှောင်ဖို့လိုပါတယ်။
ထမင်းစားတဲ့ ပမာဏကိုလည်း လျှော့ချရပါမယ်။
ဆီးချိုရောဂါသည်တွေစားတဲ့ ဆန်တို့ ပေါင်မုန့်တို့စားနေတာပဲ ပမာဏလျှော့ဖို့မလိုဘူးမထင်ပါနဲ့။
ဘာဆန်ပဲစားစား ဘယ်ပေါင်မုန့်ပဲစားစား လျှော့ပါ။
အသီးအရွက်ပြုတ်တွေ များများစားပေးပါ အသီးအနှံအနေနဲ့ကတော့ ဘယ်အသီးမဆို သကြားဓာတ်များစေတာပါပဲ။
ဆီးချိုပမာဏ အနည်းအများအလိုက် အသီးစားသင့်မစားသင့် စဉ်းစားဖို့ လိုပါတယ်။
ဆေးလိပ်အရက်ကွမ်း သုံးစွဲတတ်တဲ့ ဆီးချိုရောဂါသည်တွေကတော့ ဆီးချိုလို့စသိလိုက်ကတည်းက ဒါတွေကို အပြီးဖြတ်ထားဖို့လိုပါတယ် ။
မိသားစုမှာဖြစ်စေ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်စေ အလုပ်ကြောင့်ဖြစ်စေ စိတ်ပူပန်နေရတယ်ဆိုလည်း ဆီးချိုကို သေချာမထိန်းနိုင်တာတွေ ဖြစ်စေတတ်ပါတယ်။
စိတ်ပူပန်မှုကြောင့် မအိပ်မစားဖြစ်နေတာပဲဆိုပြီး ဆေးမသောက်ဘဲ မနေလိုက်ပါနဲ့။ စိတ်ဖိစီးပူပန်နေတဲ့အခါ ကိုယ်ခန္ဓာကနေ Stress ဟော်မုန်းတွေ ပိုထွက်ပါတယ် ဒီဟော်မုန်းတွေက သွေးတွင်းသကြားဓာတ်ပမာဏကို များစေပါတယ် ။
ဆီးချိုဖြစ်တဲ့သူတွေမှာ ဆီးချိုမတိုင်ခင်ဖြစ်စေ ဆီးချိုနဲ့ တွဲဖြစ်တာဖြစ်စေ ဆီးချိုနောက်မှ ဆက်ဖြစ်လာတာဖြစ်စေ တစ်ခြားသောရောဂါတွေ တွဲဖြစ်လာတဲ့အခါမှာ ကိုယ်ခန္ဓာက ပုံမှန်ထက်ပိုပြီး ယိုယွင်းလာပါတယ်။
ဖိစီးမှုတွေပိုများလာပါတယ်။
ရောဂါများလာတာနဲ့အမျှ သောက်ရတဲ့ ဆေးတွေလည်းများလာပြီး ဆေးတစ်ခုနဲ့ တစ်ခု အာနိသင် နည်းစေတာများစေတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဥပမာ ဆီးချိုရောဂါမှာ တီဘီတွဲဖြစ်လာတယ်ဆိုရင် တီဘီဆေးတစ်ချို့က ဆီးချိုဆေးရဲ့ အာနိသင်ကို နည်းစေတတ်တာမျိုးတွေပါ ။
ဆီးချိုဆေးကို သေချာမသောက်ဖြစ်တာကလည်း ဆီးချိုထိန်းရခက်စေတဲ့ အကြောင်းအရင်းနောက်တစ်ခုပါ တမင်မသောက်တာမျိုးမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ဆေးသောက်ဖို့မေ့နေတာတွေ အပြင်မှာအစားထွက်စားပြီး ဆေးမပါသွားတာတွေ ဆေးကုန်နေမှန်းမသိလို့ ဆေးမဝယ်ရသေးလို့မသောက်ဖြစ်တာတွေကြောင့် ဖြစ်တတ်တယ်။
ဒါကတော့ အမြဲသတိရှိနေမှဖြစ်မှာပါ။
အဖြစ်များဆုံးကတော့ ဆီးချိုရောဂါဖြစ်နေပေမဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ သေချာပြန်မလုပ်ဖြစ်ဘဲ ကနဦးအစတည်းက ညွှန်ထားတဲ့ အတိုင်းဆက်သောက်နေတတ်တာတွေကြောင့်ပါ ။
ဆီးချိုရောဂါရှိသူတွေဟာ ဆီးချိုရှိမှန်းသိပြီးစအချိန်ကစပြီး သုံးလတန်သည်ဖြစ်စေ ပြနေကျဆရာဝန်နဲ့ ပြန်လည် ပြသဖို့ လိုပါတယ်။
ဒီလိုပြသခြင်းက လက်ရှိဆီးချိုအနေအထားရော လွန်ခဲ့တဲ့ သုံးလအတွင်းဆီးချိုထိန်းထားတဲ့ အနေအထားရောကောင်းရဲ့လားဆိုတာ သိရှိနိုင်ပါတယ်။ တချို့လူနာတွေက ဆရာဝန်ပြန်ပြခါနီးမှ ဆေးသေချာသောက်တာတွေ အစားရှောင်တာတွေလုပ်တာကြောင့် လက်ရှိ ဆီးချိုကောင်းပေမယ့် အရင်သုံးလလောက်က ဆီးချိုထိန်းတာမကောင်းတတ်ပါဘူး။
ဆီးချိုပမာဏတွေပေါ်မှာမူတည်ပြီး ဆေးတစ်မျိုးတည်းမရဘဲ ဆေးနှစ်မျိုးသုံးမျိုး ထည့်ရတာလည်း ရှိပါတယ် တချို့တွေဆို ဆီးချိုပမာဏများလွန်းလို့ ထိုးဆေးကို အချိန်အတိုင်းအတာတစ်ခုအထိ ထည့်ရတာလည်း ရှိပါတယ် ဆီးချိုပမာဏကောင်းလာမှ သောက်ဆေးပြန်ပြီးအစားထိုးတတ်ကြတယ် ။
ဒါကြောင့် ဆီးချိုရောဂါသည်တွေအနေနဲ့ မိမိတို့ရဲ့ ဆီးချိုစစ်တဲ့အဖြေတွေ များနေတယ်ဆိုရင် ဘယ်လိုပြန်လည် ပြင်ဆင်ကြမလဲဆိုတာ သိရှိစေဖို့ ရည်ရွယ်ပေးထားတာ ဖြစ်ပါတယ် ။
Author: Dr. CST