သွေးကင်ဆာ ကုလို့ပျောက်သလား
သွေးကင်ဆာဆိုရင် ကြားရတဲ့ သူတိုင်း စိတ်ပူပန်တတ်ကြတယ်။ ကိုရီးယားရုပ်ရှင် အများစုမှာ မင်းသားမင်းသမီးတွေ နှာခေါင်းသွေးလျှံပြတာတွေဖြစ်ပြီး သွေးကင်ဆာဖြစ်သွားတာတွေ သွေးကင်ဆာဖြစ်ပြီးရင် အသက်ဆက်ရှင်ဖို့အတွက် မနည်းရုန်းကန်ရတာတွေကြောင့် မြန်မာနိုင်ငံမှာ သွေးကင်ဆာကို တစ်ခြားသောကင်ဆာတွေထက် ပိုရင်းနှီးနေတတ်ကြတယ် ။ ရင်းနှီးနေတဲ့ သွေးကင်ဆာကို ပိုပြီးသိရှိသွားစေဖို့ ဒီဆောင်းပါးက ရည်ရွယ်ပါတယ်။
သွေးကင်ဆာဆိုတာ ခေါ်တော့တာ တစ်မျိုးတည်းလို ဖြစ်နေတာပါ သွေးကင်ဆာဆိုတာ အားလုံးကို ခြုံပြီး ခေါ်လိုက်တာပါ တစ်ကယ်ကတော့ သွေးကင်ဆာမှာ တစ်မျိုးနဲ့ တစ်မျိုး မတူတတ်ကြပါဘူး။
သွေးကင်ဆာဟာ သွေးဆဲလ်တွေ ထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီမှာ ဖြစ်တဲ့ရောဂါပါ ရိုးတွင်းခြင်ဆီကနေ သွေးနီဥ သွေးဖြူဥနဲ့ သွေးဥမွှားတွေ ထုတ်ပေးပါတယ်။ အများစုထိတာကတော့ သွေးဖြူဥဖြစ်စေတဲ့ သွေးဆဲလ်တွေမှာပါ သွေးဖြူဥ အမျိုးအစားက ငါးမျိုးလောက်ရှိပါတယ်။ ဘယ်သွေးဖြူဥထိတယ်ဆိုတာ ပေါ်မူတည်ပြီး သွေးကင်ဆာအမျိုးအစားကွဲပါတယ် ။
သွေးကင်ဆာက ကလေးကနေ လူကြီးအရွယ်ထိဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အမျိုးအစားတော့ ကွာပါတယ်။ သွေးကင်ဆာတိုင်း နှာခေါင်းသွေးလျှံတာမျိုးတော့ မဟုတ်ဘူး။ နှာခေါင်းသွေးလျှံတိုင်းလည်း သွေးကင်ဆာ မဟုတ်ပါဘူး။
သွေးကင်ဆာတွေက စဖြစ်ကာစမှာ သွေးဖြူဥတွေမကောင်းတော့ ရောဂါပိုးတွေကို ကောင်းကောင်းမွန်မွန် ပြန်မတိုက်ခိုက်နိုင်တာကြောင့် မကြာခဏဆိုသလို ဖျားနေတတ်ပါတယ် နုန်းတတ်တယ် ။
တစ်ခါတစ်လေမှာ သွေးကင်ဆာတွေက သွေးဖြူဥတစ်ခုပဲ သွေးနီဥနဲ့ သွေးဥမွှားတွေပါ ထိခိုက်လာတာကြောင့် သွေးထွက်တာတွေ သွေးအားနည်းပြီးဖြူဖျော့လာတာတွေ ဖြစ်တတ်ပါတယ်။
သွေးဆဲလ်တွေကို ရိုးတွင်းခြင်ဆီတွေက ကောင်းစွာမထုတ်နိုင်တာလည်း ဖြစ်နိုင်သလို
အရည်အသွေးမပြည့်မီတာလည်း ဖြစ်နိုင်ပါတယ်။ အထုတ်များပြီးအသုံးမဝင်တဲ့ သွေးဆဲလ်တွေများလွန်းလည်း မကောင်းပါဘူး။
တစ်ခြားကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေမှာ လာပုံနေတတ်တယ်။ အသည်းကြီးတာ ဘေလုံးကြီးတာတွေ အကျိတ်တွေ ကြီးတာတွေပါ ဖြစ်လာတတ်ပါတယ်။ သွေးကင်ဆာတိုင်းတော့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းမကြီးတတ်ပါဘူး။ တစ်ချို့သောအမျိုးအစားကသာ ဖြစ်စေတာပါ။ ဒီလိုအကျိတ်တွေ ကြီးလာတဲ့အခါမှာ အကျိတ်ဘေးက အာရုံကြောတွေ ဖိမိတာတွေ လည်းဖြစ်လာတတ်ပါတယ် ။
တစ်ချို့သော သွေးကင်ဆာအမျိုးအစားကတော့ လူနာက အစမှာ ဘာမှမခံစားရတတ်ဘဲ ပုံမှန်လိုရှိနေရာကနေ ဘေလုံးကြီးလာမှ ဆေးခန်းရောက်လာတာလည်း ဖြစ်နိုင်တယ်။ ဘေလုံးကြီးစမှာလည်း သတိမထားမိဘဲ အတော်အတန်ကြီးမှ သိတာမျိုးရှိတတ်တယ်။
အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်တတ်တဲ့ သွေးကင်ဆာ အမျိုးအစားလည်း ရှိပါတယ်။ သွေးလျှံတာထက် အဖျာတာရှည်နေတာတွေ ချွေးအရမ်းထွက်နေတာတွေ တစ်ဖြည်းဖြည်းပိန်လာတာ အစာမစားချင်တာတွေ ခံစားရတတ်ပါတယ်။
အကျိတ်တွေလည်း ထွက်နေတတ်ပါတယ်။ တစ်ချို့ သွေးကင်ဆာအမျိုးအစားကတော့ အစာအိမ်အူလမ်းကြောင်းထဲမှာ အကျိတ်တွေနဲ့ တွဲတတ်ပါတယ်။ ဒီလိုမျိုးဆိုရင် အစာအိမ် ရောဂါ လက္ခဏာမျိုးတွေလည်း ခံစားကြရနိုင်ပါတယ်။
သွေးကင်ဆာတွေ ဘာကြောင့်ဖြစ်ရတာလဲ ဆိုရင်ဖြင့် တစ်ချို့တွေ မျိုးရိုးလိုက်ပါတယ်။ တစ်ချို့ကတော့ အလိုလိုဖြစ်လာတတ်တယ်။ တစ်ချို့တွေမှာတော့ Ebstein bar ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်တယ်။
တစ်ချို့သွေးကင်ဆာကျတော့ ဆေးတွေကြောင့်ဖြစ်တတ်တယ် ဆေးလို့ဆိုရာမှာ သွေးကင်ဆာတစ်မျိုးအတွက် ဆေးကုတာက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးက နောက်ထပ်ကင်ဆာတစ်မျိုးကိုဖြစ်စေတာလည်း ဖြစ်နိုင်ပါတယ်။ ဓာတ်ရောင်ခြည် ခဏခဏ ခံရတဲ့သူတွေမှာလည်း ကင်ဆာဖြစ်နိုင်ချေ ပိုများတတ်ပါတယ် ။
သွေးကင်ဆာဖြစ်တယ်ဆိုရင် ဘယ်လိုအမျိုးအစားလဲ အဆင့်ဘယ်လောက်လဲတွေ စစ်ဖို့လိုပါတယ်။ ဒါတွေစစ်ခြင်းက ဒီသွေးကင်ဆာ ကုလို့ရလားမရလားအတွက် အများကြီးအထောက်အကူပြုပါတယ်။ ဆေးကုတဲ့အခါ ကင်ဆာဆေးတွေသွင်းရုံနဲ့ မပြီးပါဘူး လူနာမှာ သွေးအားနည်းတာတွေ သွေးထွက်ထားတာတွေကိုလည်း ပြန်ဖြည့်ရပါတယ်။
သွေးသွင်းတာတွေလည်းလိုတတ်ပါတယ်။ သွေးဖြူဥပြဿနာတွေကြောင့် ရောဂါပိုးတွေ ခဏခဏ ဝင်နိုင်တာအတွက်လည်း ပြန်ကုပေးရပါတယ်။ သွေးကင်ဆာကနေ တစ်ခြားနေရာတွေကို ရောဂါမပြန့်ခင် ကြိုတင်ကာကွယ်ပြီး ကုသရတာလည်းရှိပါတယ်။ ဥပမားဖြင့် တစ်ချို့သွေးကင်ဆာမှာ ဦးနှောက်ကို မပြန့်ခင် အရင်ကြိုပြီး ဓာတ်ကင်တာ ဆေးသွင်းတာတွေ လုပ်တတ်ကြပါတယ် ။
ကင်ဆာအတွက် ဆေးကုနေရင်းပဲ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း စစ်ဆေးပြီး ပြန်ကုရတာတွေလည်းရှိတတ်တယ်။ တစ်ချို့ကင်ဆာဆေးတွေ သွေးတိုးစေတယ်။ သကြားဓာတ်များစေတယ် သွေအားနည်းစေတယ် ကျောက်ကပ်ထိစေတတ်ပါတယ်။
သွေးကင်ဆာတွေ ကုလို့ရမလားမေးလာတဲ့အခါ ကင်ဆာတို့ရဲ့ ပြောနေကျအတိုင်း စောစောသိတယ် ဆိုရင်ဖြင့် ကင်ဆာအဆင့်နုနေသေးတာကြောင့် ကုဖို့ပိုလွယ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကင်ဆာ အမျိုးအစားပေါ် အများကြီးမူတည်နေသေးတာကြောင့် ဒီအဖြေကတော့ စစ်ဆေးချက်တွေပေါ်မှာပဲ မူတည်ပါတယ် ။
Dr. CST